Wednesday 17 May 2017

ဂဏန်းအုန်းနို့ မဆလာချက်







နေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ပေါင်မုန့်အဖြူထည်လေးနဲ့ စားရင်လဲ စားလို့ အရမ်းကောင်းလွန်းတဲ့ ဂဏန်းမလာဟင်းလေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂဏန်း - လေးကောင်
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. အုန်းနို့ - 250 ml
  8. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း   (သို့မဟုတ်) 
  9. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  13. မဆလာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အခွံများ ခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • ဂဏန်းရဲ့ လက်မများကို သစ်သားကျည်ပွေ့နှင့် ကွဲအက်သွားအောက် ခပ်ဖွဖွ ထုပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ဇလုံတစ်ခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို သုံးပါက ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူလေးနှင့် စိမ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးကိုအပူပေးပါ အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးကာ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းကို ထည့်ပေးပါ
  • အထက်အောက် သမအောင် သုံးချက်လောက် မွှေပေးပြီး အိုးအဖုံးကို ခနပိတ်ထားပါ
  • ဂဏန်းများ အရောင်ပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီ ဆိုတော့မှ အုန်းနို့ထည့်ပြီး မွှေပေးပါ
  • အုန်းနို့နံ့ သင်းလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် မန်ကျည်းသီးမှည့် အနှစ်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မန်ကျည်းမှည့် အနှစ်ကို မသုံးဘဲ ရေနွေးစိမ်ထားတာ သုံးရင်တော့ မန်ကျည်းသီး အနှစ်များ ထွက်လာအောင် နယ်ပေးပြီး အဖတ်များ ဖယ်ပေးကာ အရည်ကိုဘဲ အိုးထဲထည့်ပေးပါ
  • အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေး၍ ရေခမ်းလာတာနဲ့ အုန်းနို့နံ့ သင်းနေတဲ့ ဂဏန်းမဆလာဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment