Saturday 13 May 2017

ပိန်းရိုးကြော်ချက်







မနေ့က အေးရှန်းဆိုင်သွားတာ ပိန်းရိုးလေးတွေ ရလာခဲ့တယ် တစ်စည်းကို $1.80 ဆိုတော့ ၀ယ်ရင်ကောင်း မ၀ယ်ရင်ကောင်းနဲ့ နောက်ဆုံးတော့ စားချင်လွန်း အားကြီးတာနဲ့ ၀ယ်လာခဲ့မိတယ်။

အိမ်ရောက်ရောက်ချင်း သတ်သတ်လွတ် ဟင်းရည်သောက်ဆမ်းလေး ချက်လိုက်ပါတယ် လွယ်ကူမြန်ဆန်စွာ ချက်နိုင်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပိန်းရိုး - ၆ချောင်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  8. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ပိန်းရိုးဆေးရန်)

ပြင်ဆင်ပုံ
  • ပိန်းရိုးကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ဇလုံကျယ်ကျယ်ထဲထည့်ပြီး ဆားနှင့်နယ်ပေးပါ
  • ပိန်းရိုးအထဲမှ အရည်များ ထွက်လာတာနဲ့ ရေသုံးထပ်လောက်နှင့် ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • အိုးမကပ်စေရန် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • ပထမဆုံး လုံးရည်နဲ့တင် ပိန်းရိုးက နူးလာပါတယ်
  • အိုးမကပ်စေရန် သတိထားပေးပြီး လုံးရည်မခမ်းခင် ရေမြုပ်အောင် ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပိန်းရိုးအရည်သောက်ဆမ်း သတ်သတ်လွတ်ဟင်းကို ပူပူလူလူလေး ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့်ကိုင်ပေးပြီး ဆားနဲ့နယ်ဆေးပြီးမှ ချက်ပြီးစားရင်တော့ မယားတော့ပါ။

No comments:

Post a Comment