Monday, 22 May 2017

ကြက်ဟင်းခါးသီး အစာသွတ်ဟင်း







လူ့လောဘ အတောသတ်မရ ဆိုတဲ့အတိုင်း ဈေးတခါသွားရင် အသားဝယ်ရင် ပိုပိုဝယ်မိတာက များများသွားလေတော့ အဲဒီအသားတွေ ကုန်အောင်ချက်ဖို့ စဉ်းစားရတာလဲ အခါခါပါဘဲ။

အခုရက်ထဲ အစာသွပ်ဟင်းလေးတွေ စားလို့ကောင်းနေတဲ့အတွက် ဒီတခါတော့ ကြက်ဟင်းခါးသီး အစာသွပ်လေး ချက်ဖြစ်ပြန်ပါတယ် အရမ်းကို စားကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တလုံး 
  • ၀က်သား - 250g
  • ကြက်သွန်နီ - ဥကြီးကြီး တလုံး (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အစာထဲထည့်ပေးပါ)
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အစာထဲ ထည့်ပေးပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
ပြင်ဆင်ပုံ


  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ပုံပါအတိုင်း လက်၃လုံးစာ အထူလေးတွေ လှီးပေးပါ 
  • လှီးထားသော ကြက်ဟင်းခါးသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ကြက်ဟင်းခါးစေ့များကိုဖယ်ပြီး အစေ့ခွံလေးများ ခွာပြီးယူထားပါ
  • ၀က်သားကို နုတ်နုတ်စဉ်းကာ ဆား နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ၀က်သား ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် အချိုမှုန့် ကော်မှုန့်နှင့် ဆီအနည်းငယ်တို့ကို ရောပြီးနယ်ထားပေးပါ
  • အသားကို အရသာနယ်ပြီးတာနဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွတ်ပေးပါ
  • အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ချန်ထားသော နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော အသားများ မာလာပါက အစာသွပ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပေးပါ
  • အထက်အောက် အသာလှန်ပေးပြီး အစာသွပ်ထားသော အသားများ မာလာပါက ရေမြုပ်အောင်ထည့်ပါ
  • ပြီးလျှင် ချန်ထားသော ဆားနှင့် အချိုမှုန့်ကို ထည့်မွှေပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပြီး ကြက်ဟင်းခါးသီး နူးလာပြီဆိုရင် အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment