Sunday 21 May 2017

ပန်းငရုတ်ပွ အစာသွပ်ဟင်း








ပန်းငရုတ်ပွတွေ ၀ယ်လာပြီး ဘယ်လိုချက်ရင် ကောင်းမလဲ စဉ်းစားရင်းက အစာသွပ်လေး စားချင်စိတ် ပေါ်လာတာနဲ့ ၀က်သားကို တောက်တောက်စဉ်းပြီး အစာသွပ်ပါတယ် ဘုံလုံသီး အစာသွပ်နည်း လေးအတိုင်းမို့လို့ စားလို့အရမ်းကောင်းတဲ့အတွက် အစာသွပ်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပန်းငရုတ် အပွတောင့် - ၃ခု
  2. ၀က်သား - 350 g (ပန်းငရုတ်ပွ အကြီးအသေးအပေါ် မူတည်ပြီး အသားကို လိုတိုး ပိုလျှော့ လုပ်ပေးပါ)
  3. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တစ်ဝက်ကို အသားအရသာစပ်ရန် )
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (အသားအရသာထဲထည့်ရန်)
  9. ကြက်သွန်နီ - အနေတော် တစ်လုံး (ဟင်းဆီသတ်ရန်)
  10. ကြက်သွန်ဖြူ အမွှာကြီးကြီး ၆မွှာ (တစ်ဝက်ကို အသားအရသာထဲထည့်ပါ)
  11. ကြက်ဥ - တစ်လုံး
  12. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း ( တစ်ဝက်ကို အသားအရသာစပ်ရန် )
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရသာစပ်ရန်)
    ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ငရုတ်သီးကို ရေဆေးထားပါ
  2. ငရုတ်သီးကို အညှာအောက်နားမှ လက်တလုံးလောက်ထားကာ ပုံပါအတိုင်း လှီးချပေးပါ
  3. ပုံပါအတိုင်း အထဲမှ အစေ့များကို လက်ဖက်ရည်ဇွန်း ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
  4. ၀က်သားကို ရေဆေးပြီး ရေစစ်ကာ နုတ်နုတ်စဉ်းထားပါ
  5. ကြက်သွန်နီ ၂လုံးစလုံးကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  7. ၀က်သားကို နနွင်းမှုန့် ဆီ ဆား ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ကြက်ဥ အချိုမှုန့် ငရုတ်ကောင်းမှုန့် ကော်မှုန့်တို့နှင့် အရသာဝင်အောင် နယ်ပေးပါ
  8. အရသာနယ်ထားသော ၀က်သားကို ငရုတ်သီးတောင့်ထဲသို့ ပုံပါအတိုင်း သွတ်ပေးပါ
  9. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သောအိုးကို ဆီထည့်ပြီး အပူပေးပါ
  10. ဆီပူတာနဲ့ နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးအရောင်တင်မှုန့်ကိုထည့်ကာ မွှေးလာအောင် ဆီသတ်ပေးပါ 
  11. ကြက်သွန်နွမ်းကာ ဆီသတ်နံ့ မွှေးလာတာနဲ့ ငရုတ်သီး အစာသွတ်ကို အစာများ မထွက်အောင် ထောင်ရက်ထည့်ကာ ဆီသတ်ပေးပါ
  12. ငရုတ်သီးဆီသတ်ထားတာ မကပ်စေရန် အိုးကိုအသာ လှုပ်ပေးပြီး ငရုတ်သီး တ၀က်သာသာ မြုပ်အောင် ရေထည့်၍ ဆားနှင့်အချိုမှုန့်ထည့်ပြီး ငရုတ်သီးပွ နူးအောင် အဖုံးအုပ်ကာ တည်ပေးပါ
  13. ပထမ တရည်နဲ့မနူးပါက နောက်ထပ်တရည် ထပ်ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးကာ ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  14. ဆီပြန်လာတာနဲ့ မွှေးပြီးအိနေကာ မွှေးပျံ့ပြီး အလွန်စားကောင်းသော ပန်းငရုတ်ပွ အစာသွတ်ဟင်း ဆီပြန်မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment