Wednesday 11 September 2019

ဆွမ်းမွှေး ကောက်ညှင်းပေါင်း












ဒီနေ့တော့ ကော်ဖီပူပူလေးနဲ့ စားရလေအောင် ကောက်ညှင်းပေါင်ကိုး ဆွမ်းမွှေးရည် အုန်းနို့ သကြားတို့နဲ့ ပြန်နှပ်လေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်။

ဆွမ်းမွှေးရည် အုန်းနို့တို့နဲ့ ပြန်နှပ်ပြီး အုန်းဆီမွှေးမွှေးလေး ဆမ်းထားတဲ့အတွက် မွှေးပြီးစိမ့်နေအောင်ကို ကောင်းလွန်းလှပါတယ်။

အချိုအရသာကိုတော့ မာမာကတော့ အနေတော် အချိုအရသာလေးဘဲ ထည့်ထားတဲ့အတွက် အချိုကြိုက်ရင်တော့ ပိုပြီးထည့်ပေးစေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  3. သကြား - 1/2 cup ( မုန့်လုပ်ရာတွင် ချဉ်သောခွက်) အချိုကြိုက်ပါက ပိုထည့်ပါ
  4. Coconut cream - 1 cup
  5. ဆွမ်းမွှေးရွက် - 600 ml (ပိုင်းဖြတ်ပြီးသား)
  6. ရေ - 300 ml (ဆွမ်းမွှေးရွက်ကြိတ်ရန် )
  7. ဆွမ်းမွှေးရည် - 2/8 cup
  8. အုန်းနို့ - 270 ml 
  9. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  10. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ဆွမ်းမွှေးရည်
  • ဆွမ်းမွှေးရွက်ကို အနေတော်လေးတွေ ပိုင်းပေးပါ
  • အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ အရွက်များနှင့် ရေကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေး ခွံပေးပါ သွန်ချပေးပါ
  • ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
  • ဆွမ်းမွှေးရည်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
အုန်းဆီချက်ရန်
  • ဇောက်နက်သော အိုးထဲမှာ အုန်းနို့ 270 ml တဗူးကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့် ဆီ ထမင်းစားဇွန်း ၄ဇွန်းလောက်ထဲ့ပြီး မီးအနေတော်နှင့် အုန်းဆီဖတ်လေးများ ရအောင်ချက်ပေးပါ
  • အုန်းဆီချက်နေစဉ် အုန်းနို့များ ဝေမကျအောင် မကြာမကြာ မွှေပေးပါ
  • အုန်းဆီဖတ်လေးများ ရလာပါက ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး အအေးခံထားပါ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • ပါ၀င်ပစ္စည်းများဖြစ်သော နှမ်းလှော် သကြား အုန်းနို့ ဆွမ်းမွှေးရေတို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အောက်ချေမကပ်သော အိုးထဲမှာ ပေါင်းထားသော ကောက်ညှင်း သကြား အုန်းနို့နှင့် ဆွမ်းမွှေးရည်တို့ကို ထည့်မွှေပေးပါ
  • အုန်းနို့ရည်များ ခမ်းလာပြီး မွှေးလာပါက မီးပိတ်ပေးပါ
  • ဆွမ်းမွှေးရွက်အနံ့လေးနှင့် အုန်းနို့အနံ့လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်နှပ်လေးများကို မုန့်ထည့်ပြီး အေးခံမည့် ဗန်းထဲသို့ ထည့်ပေးကာ အားလုံးထည့်ပြီးပါက အပေါ်မှနေပြီး ခပ်သိပ်သိပ်လေး ဖြစ်သွားအောင် ယောင်းမဖြင့် လိုက်ဖိပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး သုံးနာရီလောက် အအေးခံပေးပြီးမှ မိမိနှစ်သက်သလို လှီးပေးပါ
  • မုန့်သားကို လှီးပြီးတာနဲ့ အဆင်သင့် ချက်ထားသော အုန်းဆီကို မိမိနှစ်သက်သလောက် ကောက်ညှင်းပြန်နှပ် ပူပူလေး ပေါ်မှာ ဖြူးပေးပါ
  • ဆွမ်းမွှေးရွက်နံ့လေးနဲ့ အုန်းနို့နံ့လေး သင်းနေတဲ့ ကျောက်စိမ်းထမင်း ကောက်ညှင်းဆွမ်းမွှေး အုန်းနို့ပြန်နှပ် မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment