Tuesday 3 September 2019

ကွေကာအုပ် ဆနွင်းမကင်း











ဒီတစ်ခါတော့ ကွေကာအုပ်နဲ့ ဆနွင်းမကင်းလုပ်ပြီး အချိုတည်းဖို့ ပြင်ပါတယ် လုပ်ရတာ လွယ်ကူလွန်းပြီး စားရတာတော့ တော်တော်ကို ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကွေကာအုပ် -  75 g
  2. ရွှေကြည်မှုန့် - 75 g
  3. ဂျုံမှုန့် - 50 g
  4. ထောပါတ် - 100 g
  5. သကြား - 100 g (အချိုမကြိုက်လျှင် လျှော့ထည့်ပါ)
  6. ကြက်ဥ - အလုံးကြီးကြီး နှစ်လုံး
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. အုန်းနို့ - 150 g
  9. နွားနို့  - 150 g (full cream)
  10. ရေ - 150 g
  11. ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  12. မုန့်ဖုတ်မည့် ဘန်း - တစ်ခု 
ပြင်ဆင်ပုံ
  • အသားထူသော ဒယ်အိုးထဲမှာ ရွှေကြည်မှုန့်ကိုထည့်ပြီး မီးအေးအေးနဲ့ ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးကာ အအေးခံထားပေးပါ
  • ပန်းကန်တလုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ပွတက်လာတဲ့အထိ မွှေတံနှင့် ခလောက်ပေးထားပါ
  • ဂျုံမှုန့်ကို ဇကာစိတ်စိတ်လေးနှင့် အမှုန့်စစ် ထားပေးပါ
  • ပြီးတာနဲ့ မုန့်ထည့်မည့် ဘန်းကိုသုတ်ရန် ထောပါတ် အနည်းငယ် ချန်ထားပေးပါ
  • မုန့်ထည့်မည့်ဘန်းကို ထောပါတ်ဆီ သုတ်ပေးထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ ထောပါတ် ရွှေကြည် သကြား ဆား အုန်းနို့ နွားနို့နှင့် ရေတို့ထည့်ကာ မီးအနေတော်နှင့် ကျိုပေးပါ
  • မုန့်သားကျိုနေစဉ် မုန့်သားခဲခဲကြီး ဖြစ်မသွားစေရန် မွှေ မွှေပေးပါ
  • မုန့်သားကျက်လာပြီး ထောပါတ်ဆီများ ပြန်ထွက်လာပါက မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ထားပေးပါ
  • ထောပါတ်ဆီ သုတ်ထားသော မုန့်ထည့်မည့် ဘန်းထဲကို မုန့်သားများ ထည့်ပေးပြီး အပေါ်ယံကို ညီသွားရန်နှင့် မုန့်သားလှစေရန် ယောင်းမနှင့် လိုက်ညှိပေးရင် ဖိဖိပေးပါ
  • ပြီးတာနဲ့ မုန့်သားအပေါ်မှာ ဘိန်းစေ့တို့ကို ဖြူးပေးပါ
  • ပြီးတာနဲ့ oven ကို 200°C နဲ့ ၅မိနစ်လောက် ကြိုဖွင့်ထားသော မီးဖိုထဲမှာ မိနစ်နှစ်ဆယ် ဖုတ်ပေးပါ
  • မိနစ်နှစ်ဆယ် ပြည့်တာနဲ့ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်နဲ့ ဆယ်မိနစ်ခန့် ဆက်ထည့်ထားပေးပါ
  • ပြီးတာနဲ့ မုန့်ဘန်းကို အပြင်ထုတ်ပြီး အအေးခံပေးကာ မိမိနှစ်သက်သလို လှီးပေးပြီး သုံးဆောင်နိူင်ပါပြီ။
  • Oven နှင့် မဖုတ်လိုပါက 800 w အားရှိသော မိုက်ခရိုဝေ့ မီးဖိုထဲမှာ တမိနစ်စီ ၇ခါလောက် ဖုတ်ပေးပါ
  • ပြီးတာနဲ့ မီးဖိုအပြင်ဖက်ထုတ်ပြီး အအေးခံကာ မုန့်သားအေးလာမှ မိမိနှစ်သက်သလို လှီးပေးပါ
  • စိမ့်ပြီးမွှေးနေတဲ့ ကွေကာအုပ် ဆနွင်းမကင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment