Monday 30 September 2019

ကြက်သား ထမင်းကြော်












မနက်စောစော အစာခံတဲ့ ထမင်းကြော်လေး စားရရင် စိတ်ကျေနပ်မှု  ရတာလေးက ဘာနဲ့မှလဲလို့ မရပါဘူး မာမာကတော့ ထမင်းကြော် စားပြီးရင် နေ့တစ်ဝက်လောက်အထိ ဗိုက်ဆာတာကို ခံစေတဲ့အတွက် အရမ်းကိုဘဲ သဘောကျပါတယ်။


ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်သားစင်းကောလေးနဲ့ အသီးအရွက်တွေရောကာ ထမင်းကြော် ကြော်ဖြစ်သွားလို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Basmati Rice ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ကြက်ရင်ပုံသား - 100 g
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း 
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. မုံလာဥနီ - အနေတော် တစ်ဥ
  11. ဂေါ်ဖီ - တစ်စိတ်
  12. ပဲတောင့်ရှည် - သုံးတောင့် 
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ဝက်
  14. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  1. ဆန်ကိုရေနှစ်ထပ်ဆေးပြီး  ပေါင်းအိုးထဲထည့်ကာ ရေထည့်ပေးပြီး ပေါင်းအိုးခလုတ်ကို နှိပ်ပေးပါ
  2. ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ အအေးခံထားပြီး ထမင်းများကို ဖွထားပါ
  3. ကြက်သားကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  4. ကြက်သွန်ဖြူ ကို အခွံခွာပြီ ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်လောက်လေးတွေ လှီးထားပါ
  7. ဂေါ်ဖီကို ရေဆေးပြီး လက်တစ်လုံးလောက်လေးတွေ လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ထမင်းမကြော်ခင် အအေးခံထားသော ထမင်းကို ပဲငံပြာရည်အနောက် ပဲငံပြာရည်အကြည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ နယ်ထားပေးပါ
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီကိုထည့်ကာ အပူပေးလိုက်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူနံ့ မွှေးလာတာနဲ့ စင်းထားသော  ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သားအသားများ မာလာပါက ရေအနည်းငယ်ထည့်ပြီး ထည့်ကြော်ပေးပါ
  • ကြက်သားထဲမှ ရေခမ်းလာတာနဲ့ ပဲသီး မုံလာဥနီနှင့် ဂေါ်ဖီတို့ ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အရသာမှုန့်ထဲ့ပြီး နှစ်မိနစ်လောက် မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ထမင်းကိုထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ကြက်သား ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကြက်သားထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက်။။ အရသာမှုန့် သုံးကြတဲ့အခါ ကြက်သားမှုန့် အချိုမှုန့် အသီးအရွက် အရသာမှုန့် မိမိနှစ်သက်ရာ အရသာမှုန့်များကို အစားထိုးပြီး သုံးပေးပါ။

No comments:

Post a Comment