Thursday 17 February 2022

ဆိတ်သား ခရမ်းချဉ်သီးဟင်း



ဒီနေ့တော့ စနေနေ့က ဈေးသွားရင်း ဆိတ်သားတွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ဆိတ်သားကို ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ်။

ခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် ဆိတ်သားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆိတ်သား - 500 g
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း ( ဆိတ်သားဆေးရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  7. စပါလင် အရင်ပိုင်း - နှစ်လက်မခန့် လေးခု
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
  10. Ready made ခရမ်းချဉ်သီးဗူး - 400 g
  11. ကရဝေးရွက် - လေးရွက်
  12. သစ်ဂျပိုးခေါက် - နှစ်လက်မခန့် တစ်ချောင်း
  13. ဇီယာစေ့ - အစေ့ နှစ်ဆယ်ခန့်
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသားအရသာ နယ်ရန်)
  15. ဆား - အနည်းငယ် (ဟင်းအိုးထဲထည့်ရန်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  17. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသားအရသာ နယ်ပေးရန်)
  18. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း (အသားအရသာ နယ်ရန်)
  19. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  20. ဆီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ

ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလေးတွေတုံးပြီး ပဲအစိမ်းမှုန့်နှင့်နယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီလောက် နှပ်ထားပေးပါ
  • နှပ်ထားချိန် ပြည့်တော့မှ ဆိတ်သားများကို ပဲအစိမ်းမှုန့်များ ကုန်တဲ့အထိ ရေကြည်လာအောင် ဆေးပေးပါ
  • ပြီးတာနဲ့ ဆိတ်သားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • စပါလင် အရက်ပိုင်း လေးခုကို ရေဆေးပြီး ထုထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
  • Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
  • ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး နနွင်းမှုန့်နှင့် ဆီတို့ထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း သစ်ဂျပိုးခေါက် ကရဝေးရွက် ဇီယာစေ့ စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးပြီး ငရုတ်သီးလေးတွေ မွလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  4. ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော  ဆိတ်သားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  5. ဆိတ်သားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  6. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  7. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment