Friday 11 February 2022

ထမနဲ




ဒီတစ်ခါတော့ ဆွမ်းတော်ကပ်ချင်တာနဲ့ ထမနဲ ထိုးဖြစ်ပါတယ် ထမနဲကို ကောက်ညှင်းဆန် အဖြူကြီးဘဲ ထိုးတာထက် ကောက်ညှင်းငချိတ်လေး ထည့်ထိုးရင် စားလို့ပိုပြီး ကောင်းသလိုဘဲ နှမ်းကိုလဲ အဖြူနဲ့ အမည်းလေး ရောပြီးထိုးတာက ပိုပြီးစားလို့ ကောင်းစေပါတယ်။

ဒါကြောင့်မို့လို့ ထမနဲကို မာမာတို့ ငယ်ငယ်က မာမာတို့အမေ မကြာခန ထိုးကျွေးဖြစ်ခဲ့တဲ့ ထမနဲထိုးနည်းလေးနဲ့ ထိုးထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

အမေ့လက်ရာမို့လို့ ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်း ထိုးစားတာ အရသာ ပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. အုန်းသီး - အနေတော် တစ်လုံး
  4. ချင်းတက်ခပ်ကြီးကြီး - နှစ်လက်မခွဲခန့်
  5. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်မရှိတစ်ရှိ
  6. နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
  7. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  9. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး 

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်များကို ရေသုံးထပ်လောက်ဆေးပြီး ဇလုံထဲမှာ ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ၆နာရီလောက် ရေစိမ်ထားပါ
  • အုန်းသီးကို ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းကို မထူမပါးလေးတွေ ရလာအောင် စိတ်ပေးထားပါ
  • ကျန်တစ်ခြမ်းကိုတော့ ခပ်ထူထူလေးလေးတွေ ခြစ်ပေးထားပါ
  • ချင်းတက်ကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • မြေပဲလှော်များကို အခွံခြွတ်ပြီး သန့်စင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • မကပ်သော အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရင်ဆုံး ခြစ်ထားသော အုန်းသီးများကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အုန်းသီးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ ထမနဲ အပေါ်ထားမှာ ဖြူးပေးဖို့ ပြင်ပါထားပါ
  • ထိုဆီထဲမှာဘဲ စိတ်ထားသော အုန်းသီးများကို ရွှေဝါရောင် သန်းလာတဲ့အထိ ထည့်ပေးကာ ဆယ်ပြီး ဆီစစ်ထားပါ
  • ပြီးတာနဲ့ ထိုဆီထဲမှာဘဲ လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ 
  • နှမ်းအမည်းနှင့် နှမ်းအဖြူပိုလဲ ဒယ်အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး မီးခပ်နွေးနွေးနှင့် မွှေးလာတဲ့အထိ လှော်ပေးကာ အအေးခံထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီတာနဲ့ အုန်းသီးကြော်နှင့် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်ထဲထည့်ကာ ပူလာအောင် ပြန်တည်ပေးပါ
  • ဆီပူလာတာနဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပြီး ဆီအိုးထဲ ထည့်ကြော်ပေးပါ
  • ကောက်ညှင်းဆန်များ ကြော်နေစဉ် မကပ်အောင် အဆက်မပြတ် မွှေမွှေပေးပါ
  • ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးပါ
  • ကောက်ညှင်းသားမျာ ကျေလာအောင် မကြာမကြာ မွှေ မွှေပေးပါ
  • ပထမ တစ်ရည် ခမ်းအောင်တည်ပေးပြီး နောက်တစ်ရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိတ်ကြော်များ မြေပဲများ ချင်းကြော်များ ဆားနှင့် နှမ်းလှော်တို့ကို တစ်မျိုးဆီ ထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန်နီးပါး ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲ မွှေးမွှေးလေး ရပါပြီ
  • ထမနဲ ပူပူလေးပေါ်မှာ အုန်းသီးကြော်လေး ဖြူးပြီးစားပါက ပိုပြီးတော့ စားလို့ကောင်းပါတယ်
  • တာရှည် အထားခံရန် ထမနဲထိုးစဉ်က ပြန်ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး စားနိူင်ပါတယ်
  • စားကာနီးပါက မိမိစားနိူင်သလောက်ကို ပန်းကန်ထဲထည့်ာ မိုက်ကရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်လောက် နွှေးပြီး စားသုံးနိူင်ပါတယ်
  • ထမနဲကို ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိူင်သလို
  • ငရုတ်သီး နှမ်းကပ်ကြော်လေးနဲ့လဲ တွဲဖက်ပြီး စားလို့ အရမ်းကောင်းပါတယ်။

No comments:

Post a Comment