Sunday 13 February 2022

ပုဇွန် ဖက်ထုတ်ကြော်


 


ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေ ဝယ်လာပြီး ဖက်ထုတ်ကြော်လေး ကြော်ဖြစ်ပါတယ် နေ့လည်နေ့ခင်း အစာပြေအတွက် အရမ်းအဆင်ပြေတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖက်ထုတ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အခွံချွတ်ပြီးသား 300 g
  2. ဖက်ထုတ်ရွက်  - အရွက်၃၀ခန့် (ready made အရွက်ကို သုံးထားပါတယ်)
  3. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. မုံလာဥနီ - အနေတော် တစ်ဥ
  10. ပြောင်းဖူးစေ့ - လှီးပြီးသား  (ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ)
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နေကြာဆီ - လီတာ၀က်ခန့်

ပြင်ဆင်ပုံ

  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ပြောင်းဖူးကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူ လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ပုဇွန်အသား မုံလာဥနီ ပြောင်းဖူး  တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ

ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ

  • ဖက်ထုတ်အရွက် တစ်ရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီ၀က်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တစ်ရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • အစာထည့်ပြီးသော ဖက်ထုတ်အရွက်ရဲ့ အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
  • အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တစ်ခုနှင့် တစ်ခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ကြော်မစားသေးပါက နာရီ၀က်လောက် လေသလပ်ခံပြီးမှ တစ်ခုနှင့်တစ်ခု ထပ်ထားပြီး သိမ်းပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိူင်ပါတယ်။

ကြော်ရန် ပြင်ဆင်ပုံ

  • ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
  • မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တစ်ထုတ်ခြင်း တစ်ခုနှင့်တစ်ခု မကပ်အောင် ထည့်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန် ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိူင်ပါပြီ။

No comments:

Post a Comment