Thursday 10 February 2022

ငရုတ်သီး နှမ်းကပ်ကြော်


 အခုရက်ထဲ အရမ်းစားချင်နေတဲ့ ငရုတ်သီး နှမ်းကပ်ကြော်လေး ကြော်စားဖြစ်ပါတယ် ငရုတ်သီး နှမ်းကပ်ကြော်လေးက စားလို့တော့ အရမ်းကောင်းပါတယ် ပြင်ရဆင်ရတာတော့ အနည်းငယ် လက်ဝင်ပါတယ်။

ငရုတ်သီးကို ကိုင်တဲ့အခါမှာလဲ လက်တွေပူတတ်တဲ့အတွက် လက်အိတ်ကိုတော့ မဖြစ်မနေ ဝတ်ပေးစေချင်ပါတယ်။

ငရုတ်သီး ပြုပ်တဲ့အခါနဲ့ ကြော်မှာတဲ့အခါမှာလဲ အရမ်းမွှန်တဲ့အတွက် အိမ်မှာ အညှော်စုတ်စက်ရှိရင် အညှော်စုတ်စက် ဖွင့်ပြီးမှ ပြုပ်စေကြော်ချင်ပါတယ် အညှော်စုတ်စက် မရှိရင်တော့ နှာခေါင်းစည်းလေး စည်းပြီးမှ အဆင်ပြေပါလိမ့်မယ် ကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အခြောက်တောင့် - 100 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အကြော်မှုန့် - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်း
  5. နှမ်းဖြူ - ထမင်းစားဇွန်း သုံးဇွန်း
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. လက်အိတ် - တစ်စုံ
ပြင်ဆင်ပုံ
  • လက်မှာ လက်အိတ်ကို ဝတ်ပေးပါ ပြီးတာနဲ့ ငရုတ်သီး အခြောက်တောင့်များကို အညှာဘက်မှ ကပ်ကြေးဖြင့် ဖြတ်ကာ ငရုတ်သီးတောင့်ကို ထက်ဝက်ခြမ်း ညှပ်ပေးကာ အစေ့များ ထုတ်ပေးပါ
  • ငရုတ်သီးတောင့် အကုန်လုံးကို အစေ့များ ထုတ်ပေးပါ
  • ပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေခပ်များများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ငရုတ်သီးတောင့်များကို အနည်းဆုံး ၂၅မိနစ်မှ မိနစ်သုံးဆယ်လောက်ထိ ပြုပ်ပေးပါ
  • ငရုတ်သီး ပြုပ်ရည်များကို သွန်ပေးကာ ရေအေးနှင့် ငါးထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ဇလုံထဲထည့်ကာ ဆား အရသာမှုန့် နှမ်းနှင့် အကြော်မှုန့်တို့ထည့်ကာ အရသာ သမအောင် ဇွန်းအရိုး ခပ်ရှည်ရှည်နှင့် မွှေပေးပါ
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးများကို အိုးဆန့်သလောက် ထည့်ပေးပြီး ကြော်ပေးပါ
  • ကြော်နေစဉ်မှာ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးတောင့်များ ကြွတ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ငရုတ်သီးများ ကုန်တဲ့အထိ ကြော်ပေးပါ
  • ကြော်ပြီးသား ငရုတ်များသီး နှမ်းကပ်ကြော်များ ဆီစစ်သွားပါက မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment