Friday 18 February 2022

ဆိတ်ရိုးပဲဟင်း



 ဒီနေ့တော့ ဆိတ်သားဝယ်ရင်းက အသားမှာ ကပ်ပါလာတဲ့ အရိုးလေးတွေကို ပဲနဲ့ရောပြီး ချက်ပါတယ် ကော်ပြန့်ကြော်လေးနဲ့ တွဲပြီးတော့ စားကြမှာမို့ ကော်ပြန့်လေးတွေလဲ လေးလဲကြော်ပါတယ်

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲကုလားဟင်း အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ဆိတ်ရိုး - 500g
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  3. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  4. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  5. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  6. ဆား  - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆိတ်ရိုးပြုပ်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့် ဆီသတ်ရာတွင် သုံးရန်)
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း (ဆီသတ်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ (ဆီသတ်ရန်)
  12. ချင်းတက် - လက်တစ်ဆစ်ခန့်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  14. ကုလားလေး မဆလာ - အထုတ်သေး တစ်ထုတ်
  15. ကရဝေးရွက် - သုံးရွက်
  16. သစ်ဂျပိုးခေါက် - နှစ်လက်မခန့် တစ်ချောင်း
  17. စပါးလင် အရင်းပိုင်း - နှစ်မလက်ခန့် သုံးချောင်း
  18. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ဆိတ်ရိုးဆေးရန်
  1. ဆိတ်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ပဲအစိမ်းမှုန့်နှင့် နယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီလောက် နှပ်ထားပါ
  2. နှပ်ထားချိန် ပြည့်တာနဲ့ ပဲအစိမ်းမှုန့်နှင့် အညှီနံ့များ ကုန်သွားအောင် ရေကြည်လာတဲ့အထိ ဆေးပေးပါ
  3. ပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဆိတ်အရိုးများနှင့် ဆားတို့ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ပထမတစ်ရည် မခမ်းခင် နောက်ထပ်တစ်ခါ ရေမြုပ်အောင် ထပ်ထည့်ပြီး ​ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • စပါးလက် အရင်းပိုင်းများကို ရေဆေးပြီး ထုထားပါ
  • ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များ သစ်ဂျပိုးခေါက် ကရဝေးရွက်နှင့် ထုထားသော စပါးလင် တို့ကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်ထားသော ငရုတ်သီးများ မွလာတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ဆိတ်ရိုးများ ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပြီး ဆီဆက်ပြီး သတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  ရေစိမ်ထားသော မန်ကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မန်ကျည်းရည် ထည့်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေး မဆလာကို ထည့်ပြီးမွှေပေးပါ
  • မဆလာနံ့ မွှေးနေသော ဆိတ်ရိုးပဲ အရည်သောက်ဆမ်းကို ကော်ပြန့်ကြော်နှင့်ဖြစ်စေ ပလာတာနှင့်ဖြစ်စေ ထမင်းနဲ့ ဖြစ်စေ အဆင်ပြေသလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment