Thursday 3 February 2022

ပြောင်းဖူး လက်ဖက်သုပ်


မာမာက ကိုးနဝင်း ပုတီးကို ပုံမှန်စိတ်တဲ့အတွက် တစ်ပါတ်မှာ တစ်တော့ရက် သတ်သတ်လွတ် စားပါတယ် အဲဒီလိုတွေ စားတဲ့ အထဲကမှ  အရင်ရက်တွေက သုပ်စားဖြစ်ခဲ့တဲ့ လွယ်ကူမြန်ဆန်တဲ့  ပြောင်းဖူးနဲ့ လက်ဖက်သုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ပြောင်းဖူး - အနေတော် နှစ်ဖူး
  2. လက်ဖက်အသား - ထမင်းစားဇွန်း ငါးဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (လက်ဖက်ဆေးရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( လက်ဖက်အသားနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် ( လက်ဖက်အရသာနယ်ရန်)
  6. ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (အသုပ်ထဲထည့်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (အသုပ်ထဲထည့်ရန်)
  9. သံပုရာသီး - အနေတော် တစ်ခြမ်း
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို အခွံမခွာဘဲ မီးသွေးမီးဖိုပေါ်မှာ တင်ပေးပြီး ဖုတ်ပေးပါ
  • အပြင်ခွံများ ကျွမ်းအောင် ဖုတ်ပေးပြီးပါက ရေဆေးကာ ပြောင်းဖူးစေ့လေးတွေ ရလာအောင် လှီးပေးပါ
  • လက်ဖက်အသားကို ဆားနှင့်နယ်ကာ ရေနှင့် နှစ်ထပ်လောက်ဆေးပြီး ရေများကုန်အောင် ညှစ်ပေးပါ
  • ရေညှစ်ထားသော လက်ဖက်အသားများကို ဆား အရသာမှုန့်တို့နှင့် နယ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးသိမ်းကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ လက်ဖက်အသား ပြောင်းဖူး ဆား သံပုရာရည် အရသာမှုန့်နှင် ပဲဆီတို့ထည့်ကာ အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ပြောင်းဖူး လက်ဖက်သုပ်လေးကို ငရုတ်သီးစိမ်းလေးတွေ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment