Friday 4 February 2022

ကနဖော့ ချဉ်ရည်ဟင်း

 

ဒီနေ့တော့ ကနဖော့ အပင်လေးတွေ ဝယ်လာပြီး ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပါတယ် ကနဖော့ပင်လေးတွေက လတ်လတ်ဆတ်ဆတ်တော့ မဟုတ်ပါဘူး ခဲထားတာလေးတွေပါ။

လတ်လတ်ဆတ်လေးတွေ ရရင်တော့  ပိုပြီးစားလို့ ကောင်းမှာ သေချာပါတယ် ခဲထားတာလေးတွေလဲစားလို့တော့ အဆင်ပြေပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကနဖော့  - တစ်ထုတ်
  2. ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
  3. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. မန်ကျည်းသီးမှည့် - အနည်းငယ်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကနဖော့ အရွက်များကို အနေတော်လေးတွေ ပိုင်းဖြတ်ကာ ရေဆေးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်များကို ရေဆေးပြီး အခွံခွာကာ မလိုတာတွေဖယ်ပြီး  အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ကနဖော့ အရွက်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီ ငရုတ်သီး ထောင်းတို့ကိုထည့်ပြီး အရသာဝင်သွားအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ပုဇွန်ထုတ်များနှင့် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • အရင်ဆုံး ဟင်းအိုး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကနဖော့ အရွက်များ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  သုံးမိနစ်လောက် ထပ်ဆူအောင်ထားပြီး မန်ကျည်းမှည့်ရည်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ကနဖော့ ချဉ်ရည်ဟင်း ပူပူလေးကို  စားသုံးရန်င် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment