ဒီငါးပိချက်လေးကို ညီမငယ်လေး Thiri Win Shwe ချက်တာကြည့်ပြီး စားချင်တာနဲ့ ချက်နည်းလေးမေးပြီး ချက်ထားတာပါ ထမင်းကို တကယ်မိန်စေတဲ့ ငါးပိချက်လေးပါ အဆင်ပြေမယ်ဆိုရင် ချက်စားကြည့်စေချင်ပါတယ်။
ငါးပိချက် ချက်နည်းပေးတဲ့ ညီမလေးက မော်ဒယ်ဒီဇိုင်နာ တယောက်မို့ အလုပ်အရမ်းများပါတယ် ဒါကြောင့်မို့ ငါးပိချက်ရဲ့ ရာဇ၀င်လေးတော့ မအားသေးတာနဲ့ မမေးရသေးပါဘူးရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း - တစ်ဝက်
- ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
- မန်ကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပုဇွန်ငါးပိ -ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက်စိမ်ကာ ညက်နေအောင် ထောင်းပေးပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ။
- ပုဇွန်ငပိကို ရေလက်ဖက်ရည်အကြမ်း ပန်းကန်လုံး တလုံးသာသာနှင့် အရည်ဖျော်ထားပါ။
- မကျီးသီးမှည့်အနှစ်ကိုလဲ ရေလက်ဖက်ရည် အကြမ်းပန်းကန်းလုံး တလုံးသာသာနှင့် အရည်ဖျော်ထားပါ။
- ငရုတ်သီးအကြမ်းမှုန့်ကိုလဲ အဆင်သင့် ပြင်ထားပါ။
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ။
- ဆီပူလာတာနဲ့ကြက်သွန်ဖြူထောင်းကို မိနစ်ဝက်ခန့် မရှိတရှိကြော်ပေးပါ။
- ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ။
- ငရုတ်သီးနံ့လေး သင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက်မွှေကြော် ကြော်ပေးပါ။
- ပြီးတာနဲ့ ပုဇွန်ငါးပိ အရည်ဖျော်ကိုထည့်ပြီး မိနစ်ဝက်လောက်မွှေပေးပါ။
- အရသာ သမသွားတာနဲ့ မကျီးသီးမှည့် အရည်ဖျော်ကို ထည့်မွှေပေးပါ။
- ငါးပိချက်ထဲမှ မန်ကျည်းသီးမှည့်အနှစ် အရည်များ ခမ်းလာပြီး ဆီမပြန်ခင် မီးပိတ်ပြီး ချဉ်ချဉ်ငံငံစပ်စပ် ဧရာဝတီငါးပိချက်လေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment