Saturday 17 October 2015

ကြက်သားဆီပြန်


ဒီနေ့ ကြက်ပေါင်သားဟင်း ဆီပြန်ချက်ပါတယ် ချက်နည်းလေးကရိုးရှင်းပါတယ်  ဒိန်ချဉ်နဲ့ အသားကို နှပ်ထားတာကလွဲလို့ အခြားအသားတွေ ချက်သလိုဘဲ လုံးချက်လေးဘဲချက်လိုက်တာပါ။

တစ်ချို့က ကြက်ပေါင်သားကြီးဘဲ ချက်ရင် နူးခဲလို့ မချက်ချင်ကြပါဘူး အဲလိုမကြာအောင် ဒိန်ချဉ်လေးထဲ့နယ်ပြီး အရင်ဆုံး ဆယ်မိနစ်လောက် နှပ်ထားပြီးမှ ချက်ရင်ခနလေးနဲ့ နူးလွယ်ပါတယ် နောက်ပြီး အရည်ပြားပါတဲ့ ကြက်ပေါင်သားချက်ရင် ဆီအများကြီးထဲ့စရာမလိုပါ လုံးတဲ့အခါမှာ အိုးမကပ်အောင်နဲနဲ ဘဲထဲ့ဖို့လိုပါတယ်။

ကြက်သားချက်ရင် မညှီရအောင် ချင်းများများလေးထဲ့ဖို့ တော့လိုပါတယ် မဆလာကြိုက်တတ်ရင်လဲ မဆလာလေးအုပ်ပြီး ချက်တာအကောင်းဆုံးပါ ဘာဖြစ်လို့လဲဆိုရင် ကြက်သားရဲ့. နံ့လုံအောင် အမွှေးနံ့သာတော ထဲ့ဖို့လိုပါတယ် မာမာတော့ ဒီနေ့ မဆလာလေးအုပ်ပြီးချက်သလို ဟင်းအနှစ်ရအောင် ကြက်သွန်တွေ ချင်းတွေကို ငရုတ်ဆုံထဲထဲ့မထောင်းဘဲ ခပ်သေးသေးလေးတွေလှီးပြီး ချက်ထားပါတယ်။
ပါ၀င်ပစ္စည်းများ

ကြက်ပေါင်  - 1kg
အခွံခွာပြီး ခပ်သေးသေးလှီးထားသော ကြက်သွန်နီကြီးကြီး - တလုံး
အခွံခွာပြီးဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
အခွံခွာပြီး ခပ်သေးသေးလှီးထားသော ချင်း - လက်တဆစ်သာသာ
ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ဆီ - ထမင်းစားဇွန်း လေးဇွန်း
မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ကြက်သားအရသာနယ်ရန်

နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
ပြင်ဆင်ပုံ
ဟင်းချက်ရန် ကြက်သားကို ရေစင်အောင်ဆေးပြီး အရသာများနယ်ပေးကာ နှပ်ထားပေးပါ
အိုးတစ်လုံးထဲမှာ အားလုံးကိုရောနယ်ပြီး ဆီထဲ့ပြီး  လက်တစ်လုံး လောက်ထဲ့ပြီး တည်ပါ
အရင်ဆုံးလုံးမိအောင် တည်ပြီး ဟင်းလုံးမိသွားပြီဆိုမှ ရေမြုပ်အောင်ထဲ့ပြီး နူးတဲ့ထိတည်ပေးပါ
ကြက်သားနူးပါက ဟင်းအနှစ်နှင့်ဆီကျန် ရေကျန်အနေတော်လေးမှာ မဆလာအုပ်ပေးကာ ဆီပြန်အောင် တည်ပေးပါ
မဆလာနံ့သင်းပျံ့တဲ့ ကြက်ပေါင်သားဟင်း ဆီပြန်လေးရပါပြီ။

No comments:

Post a Comment