Monday, 5 October 2015

ချဉ်ငံစပ် တို့ဟူးသုပ်


မနက်စောစော အဆာပြေ အစာလေးဘဲဖြစ်ဖြစ် နေ့လည်အဆာပြေ အစာလေးဘဲဖြစ်ဖြစ် အသုပ်လေးသုပ် ထမင်းလေးနဲ့စားရတာလဲ မြန်မာပြည်ကို အလွမ်းတွေ ပြေစေသလို ကိုယ့်လက်ရာလေး မိသားစု စားတာမြင်ရရင် အင်မတန်မှ ပီတိတွေ ဖြစ်ရပါတယ်။

တို့ဟူးသုပ် တို့ဟူးကြော်ဆိုရင် ဘယ်အချိန်လာလာ စားချင်တာမို့ မြန်မာပြည်မှာနေထဲက ကိုယ့်ဘာသာကိုယ် ကျိုတတ်အောင် အမျိုးမျိုး စမ်းပြီးကျိုကာ အရသာ အမျိုးမျိုး ထွက်အောင်လဲ ကျိုကြည့်ဖူးလေတော့ အခုလဲ တို့ဟူးကို ဆားအရသာထည့်ပြီး ကျိုထားတာလေး ပြောပြချင်ပါတယ် အစိမ့်ခပ်ပေါ့ပေါ့ မဟုတ်ဘဲ အစိမ့်ခပ်လေးလေး အရသာလေးမို့ တို့ဟူးအရသာကို ပိုပြီးပေါ်စေပါတယ်။

တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
  1. ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးကို ရေ ၄ဗူးခွဲနှင့် ၅နာရီလောက် အနည်းဆုံးစိမ်ထားပါ
  2. ပဲကျိုပြီးသားထည့်ရန် အနေတော် စတီးဇလုံကို ဆီသုပ်ထားပေးပါ
  3. ပဲကျိုမည့်အိုးကို အောက်ခြေထူသော အိုးကိုသုံးကာ အပူပေးပါ
  4. အိုးပူလာတာနဲ့ ပဲရည်ကိုအရင်ထည့်ပြီး ၂မိနစ်လောက် ပြစ်လာအောင် ကျိုလိုက်ပါ
  5. ပဲရည်ပြစ်လာတာနဲ့ ကျန်နေသော ပဲအနှစ်များကို မုန့်လုပ်လျှင်သုံးသော ဂျုံစစ်ဇကာခံကာ ပဲရည်အိုးထဲလောင်းချပါ
  6. ဆီ ထမင်းစားဇွန်း ၂ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိထည့်ပြီး ဆက်တိုက်မွှေပေးပါ
  7. ၁၁မိနစ်လောက်နေရင် ပဲအနှစ်ပြစ်လာပြီဆိုတာနဲ့ ဆီသုပ်ထားသော ဇလုံထဲကို ခပ်မြန်မြန်လောင်းချပါ
  8. မျက်နှာပြင် ညီအောင်ညှိပြီး နာရီဝက်လောက် အအေးခံကာ လိုသလို စားသုံးနိုင်ပါပြီ
ချဉ်ငံစပ် အသုပ်သုပ်ရန်
  1. တို့ဟူးကို အနေတော် အတုံးလေးတွေ လှီးပေးပါ
  2. မကျည်းသီးမှည့် ကွမ်းသီးဆံလုံးလောက်ကို ရေဆေးပြီး ရေနွေးနွေးဖြင့် စိမ်ထားပါ
  3. ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် ငါးငံပြာရည် ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူဆီချက် အရသာမှုန့် နံနံပင် ခပ်ပါးပါးလှီး ကြက်သွန်နီ ခပ်ပါးပါးလှီးပြီး ပြင်ထားပါ
  4. တစ်ပွဲစာ တို့ဟူးကို ဇလုံထဲထည့်ပြီး နံနံပင် အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက် ပုဇွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက် ငရုတ်သီးမှုန့် ကြိုက်သလောက် ငံပြာရည် ထမင်းစားဇွန်း တစ်ဝက် မကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ဆီချက် ထမင်းစားဇွန်း တစ်ဇွန်းခွဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  5. ဂေါ်ဖီ နံနံပင်တို့ထည့်ပြီး သုပ်လိုက သုပ်နိုင်ပါတယ်
  6. အရသာရှိသော ချဉ်ငံစပ် တို့ဟူးသုပ်လေး ရပါပြီ။

No comments:

Post a comment