Tuesday 13 October 2015

ရှမ်းနံနံအုပ် သီးစုံချဉ်ရည်ဟင်း


ရာသီဥတုက ဆောင်းဦးလေး ဝင်လာပြီမို့လို့ ချဉ်ချဉ်ငံငံလေးတွေဘဲ စားချင်နေမိတယ် ဒါကြောင့်မို့ ဒီနေ့တော့ ဂေါ်ရခါးသီး မုံလာဥနီ  မုံလာဥဖြူ  မုံလာပင် မုန့်ညှင်းဖြူ  စတဲ့အသီးအရွက်တို့နဲ့ ချဉ်ရည်ဟင်း ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂေါ်ရခါးသီး - တစ်လုံး
  2. မုံလာဥနီ - တစ်ဥ
  3. မုန့်ညှင်းဖြူ - ငါးရွက်
  4. မုံလာဥ - အနေတော်တစ်ဥ
  5. ရှမ်းနံနံ - နှစ်သက်သလောက်
  6. ကြက်သွန်နီ - တစ်ခြမ်း
  7. ကြက်သွန်ဖြူ - နှစ်မွှာ
  8. ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
  9. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. မကျည်မှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ငါးဖယ်ငဆုတ် - ၅လုံး (ငါးဖယ်ငဆုတ် မရှိလဲ တစ်ခြား ငါးပုဇွန်တို့ထည့်ချက်နိုင်ပါတယ်)

ပြင်ဆင်ပုံ
  1. အသီးအရွက် အားလုံးကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  3. ဇောက်နက်သော အိုးထဲမှာ အသီးအရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  4. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  5. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  6. အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  7. ရေလဲပွက်ပွက်ဆူ အသီးအရွက်များလဲ နူးလာပြီဆိုရင်တော့ မန်ကျည်းသီး အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ ရှမ်းနံနံရွက် အုပ်ပေးပြီး အရသာမြည်း၍ မီးပိတ်ပေးပါ
  8. ချဉ်ငံစပ် အရသာ မွှေးမွှေးလေးနဲ့ ချဉ်ရည်ဟင်းရပါပြီ။

No comments:

Post a Comment