Monday 26 October 2015

ဝက်နံရိုးဟင်း


ရံဖန်ရံခါမှ စားတတ်ပေမဲ့ ၀က်နံရိုးဟင်းက ချက်တတ်ရင် အရမ်းစားလို့ကောင်းတာမို့လို့ ထမင်းမြိန်မြိန် စားလို့ရအောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ၀က်နံရိုး - 500 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. စပါးလင် - တစ်လက်မခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက်တစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  1. ၀က်နံရိုးကို ရေစင်အောင်ဆေးပြီး တစ်လက်မလောက် အတုံးလေးများ တုံးပေးထားပါ
  2. ၀က်နံရိုးများကို ဇလုံတစ်လုံးထဲထည့်ပြီး နနွင်းမှုန့် ဆား ငံပြာရည် အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပါ
  3. ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီးမှုန့်နှင့် ရောပြီး ထောင်းထားပါ
  4. အားလုံးအဆင်သင့် ဖြစ်ပြီဆို ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ
  5. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  6. ဆီသတ်နံ့မွှေးလာတာနဲ့ ၀က်နံရိုးကို ထည့်ပြီးဆီသတ်ပါ
  7. ၀က်နံရိုး အသားများ မာလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  8. ပထမ တစ်ရည်ခမ်းပြီး နောက်တစ်ရည် ထပ်ထည့်ပြီး တည်ပေးပါ
  9. ရေခမ်းပြီး ဆီပြန်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

2 comments:

  1. Ma Ma Mar,

    can we cook like that for mutton?

    With love, Thuza

    ReplyDelete
  2. ဝက်နံရိုးချက်ထားတာလေးက စားချင်စရာကောင်းလိုက်တာ .... ^___^

    ReplyDelete