Monday, 19 October 2015

ကြက်သားတောက်တောက်စဉ်း အစိမ်းကြော်


အိမ်ချက် ဟင်းအမယ်လေးတွေ စဉ်းစားရင်း ကြက်သားကို နုတ်နုတ်စဉ်းပြီး ရှိတဲ့အသီးအရွက်လေးနဲ့ ကြော်လိုက်တော့လဲ ထမင်းမိန်စေတဲ့ ဟင်းတမယ်တော့ ရလာတာပါဘဲ ဒါကြောင့်မို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုတ်နုတ်စဉ်းထားသော ကြက်ရင်ပုံသား - 150g
  • အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ပန်းပွင့်ပုံဖော် လှီးထားသော မုံလာဥနီ - လှီးပြီးသား ၁၅ခု
  • အနေတတော် လှီးထားသော ပန်းဂေါ်ဖီ - ၄ခက်
  • ထက်ဝက်ပိုင်းထားသော ရွှေပဲသီး - ၅တောင့်
  • အနေတော်လှီးထားသော မုံညှင်း - ၃ခက်
  • တလက်မစီလောက် လှီးထားသော ကြက်သွန်မိတ် - ၂ပင်
  • တလက်မစီလောက် လှီးထားသော တရုတ်နံနံ -၂ခက်
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ကြက်သားကို ထည့်ကြော်လိုက်ပါ
  • ကြက်သား အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်လိုက်ပါ
  • ရေခမ်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • မိနစ်ဝက်ပြည့်တာနဲ့မုံလာဥနီ ပန်းဂေါ်ဖီ မုန်ညှင်းတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တမိနစ်လောက် ရပြီဆိုတာနဲ့ ရွှေပဲသီး တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီး ပူပူလူလူလေး စားနိုင်ပါပြီ။

No comments:

Post a Comment