Monday, 19 October 2015

ကြက်ဥအစာသွပ် အာလူးကတ်တလိတ်


မာမာ့အမေ အလှူလုပ်တိုင်း ဘုန်းကြီးပွဲအတွက် တခုတ်တရ ကြော်တတ်တဲ့ ကတ်တလိတ်ကြော်လေးပါ ကြက်သား ကြက်အသည်းအမြစ် အာလူးတို့ကို အစာလုပ်ပြီး ကြက်ဥနဲ့လိတ်ထားတာမို့ အရသာကတော့ ရှယ်ပါဘဲ ဒါကြောင့်မို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • မြေနီအာလူး - 150g 
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တ၀က်
  • ကြက် အသည်း - ၂ခု
  • ကြက်အမြစ် - ၂ခု
  • ကြက် နှစ်လုံး - ၅ခု 
  • ကြက်သား  - 200g
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  • ကြက်ဥ - ၄လုံး  
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း ( ကြက်သား ကြက်အမြစ် ကြက်နှစ်လုံး ကြက်အသည်းများပြုပ်ရာတွင် တ၀က်ထည့်ပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ကြက်သားဆီသတ် ကြက်သားပြုပ်ထဲတွင်ထဲ့ရန် )
  • ချင်း - လက်တဆစ်ခန့်
  • နာနတ်ပွင့် - တခြမ်း
  • တရုတ်နံနံပင် - အနည်းငယ် 
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ  
ကြက်ဥ ပြင်ဆင်ပုံ

  •  ကြက်ဥ ၄လုံး - ခလောက်ထားပါ 


အာလူးပြင်ဆင်ပုံ

  • မြေနီအာလူး အစေးသီးကို ရေစင်အောင်ဆေးပြီး နူးအောင်ပြုပ်ကာ အခွံခွာထားပါ
  • အခွံခွာထားသော အာလူးကို ခပ်သေးသေးလေးတွေ လှီးထားပါ
အစာသွပ်လုပ်ရန် ပြင်ဆင်ပုံ
  • ကြက်နှစ်လုံး ကြက်အမြစ် ကြက်သားတို့ကို သန့်စင်အောင်ဆေးကြောကာ ဆား လက်ဖက်ရည်ဇွန်း ၃ပုံတပုံ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံတို့နှင့်နယ်ကာ နာနတ်ပွင့်နှင့် ချင်းထည့် ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့ထိ တည်ပေးပါ
  • ရေခမ်းပါက အအေးခံပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ခပ်နုတ်နုတ်လှီးထားပါ
  • တရုတ်နံနံပင်ကို ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • ကော်မှုန့်ကို ရေ ထမင်းစားဇွန်း ၂ဇွန်းလောက်နဲ့ ဖျောထားပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်းကို နနွင်းမှုန့် အနည်းငယ်ထဲ့ပြီး အပူပေးကာ ကြက်သွန်အဖြူ အနီကို နွမ်းရုံ ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ လှီးထားသော အာလူး အသည်းအမြစ်များကို ထည့်ပြီး ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ကော်မှုန့်ဖျော်ရည်ထည့်ကာ မွှေပေးပါ
  • ၅မိနစ်လောက် မွှေကြော်ကြော်ပေပြီး တရုတ်နံနံထည့်မွှေကာ အအေးခံထားပါ
အစာသွပ်ကြော်ပုံ
  • ဒယ်အိုးပြန့်ပြန့်ကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ခလောက်ထားသော ကြက်ဥကို အနေတော်တချပ်စာ ထည့်ကြော်ပါ
  • အပြန့်ကြီးကြီးရအောင် ဒယ်အိုးကို စောင်းဝှေ့ပြီး ဖြန့်ပေးပါ
  • ကြက်ဥကြော် တဖက်ကျက်လောက်တာနဲ့ တဖက်ကို လှန်ပေးပြီး ကြက်ဥကြော် အပေါ်မှာ ကြက်သားအစာကို ထမင်းစားဇွန်း ၂ဇွန်းလောက် ထည့်ပေးပြီး ကြက်ဥကြော်နှင့်အုပ်ကာ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးပါ
  • ကြက်ဥအာလူးကတ်တလိတ် အစာသွတ်ပူပူလေးကို သုံးဆောင်ရန် ပြင်နိုင်ပါပြီ။

No comments:

Post a Comment