မနက် အိပ်ယာကနိုးလို့မှ ပဲပြုပ်ဆိုတဲ့ အသံလေး မကြားရတော့ ပဲပြုပ်ဆိုလဲ ကိုယ့်ဘာသာကိုယ် ပြုပ်တတ်မှ စားရပါတယ် ဒီတော့ ပဲပြုပ်တစ်အိုး ကောင်းကောင်း ပြုပ်တတ်ပြီရင်ဘဲ လက်မလေးထောင်နိုင်တဲ့ ငါဟဲ့မိန်းမဆိုပြီး ကြွေးကြော်နိုင်ပါပြီ။
ဒီနေ့တော့ ပဲပြုပ်ကျက်တာနဲ့ မိသားစုစားဖို့ ပဲပြုပ်ထမင်းကြော်လေးကြော်ရင်း မြန်မာပြည်ကို လွမ်းတာလေးတွေ ဖြေဖျောက်ရင်း ပျော်ရာမှာမနေရ တော်ရာမှာသာနေရတဲ့ အကြောင်းတရားလေးကို ရိုးမယ်ဖွဲ့ပါလို့ ဟောဒီက ပဲပြုပ်ထမင်းကြော်လို့ အသံကုန်ဟစ်ရင်း ပဲပြုပ်ထမင်းကြော်လေး ပို့ခဲ့ပါပြီ။
ပဲပြုပ်ထမင်း ကြော်တော့မယ်ဆိုရင် ပဲဆီကောင်းကောင်းလေး သုံးဖို့ကိုလဲ မမေ့ပါနဲ့ပြောရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲပြုပ်ထမင်း ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
 - ပဲပြုပ် - တစ်ဆယ်သားခန့်
 - ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း
 - နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
 - ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
 - အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
 
ပြင်ဆင်ပုံ
- ဆန်ကိုရေဆေးပြီး ချက်ထားကာ အအေးခံပြီး ဖွထားပေးပါ
 - ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
 - ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
 - ပြီးတာနဲ့ ထမင်း ဆား အချိုမှုန့်တို့ထည့်ပြီး သမအောင် မွှေပေးပါ
 - ၃မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပြုပ်ထည့်မွှေပြီး တမိနစ်လောက် ကြော်ပြီးပါက ပဲပြုပ်ထမင်းကြော် စိမ့်စိမ့်မွှေးမွှေးလေးကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
 

No comments:
Post a Comment