Sunday 11 October 2015

ပဲပြား အချဉ်ဆီပြန်


ဒီနေ့တော့ သမီးအတွက် သတ်သတ်လွတ် ပဲပြားအချဉ်ဆီပြန်လေး တစ်မယ်ချက်ဖြစ်ပါတယ် အသားဟင်းဆို မစားချင်လို့ ထမင်းစားဖို့ မနည်းခေါ်ရတဲ့ သမီးအတွက် အသီးအရွက်ဟင်း တစ်မယ်တော့ အမြဲတမ်း ပြင်ပေးရပါတယ်။

ဒါကြောင့်မို့လို့ အသားမပါတဲ့ ဟင်းလေးကို သတိထားပြီး ချက်ပေးနေရပေမဲ့ မိခင်မေတ္တာစိတ်အပြည့်နဲ့ ချက်ပြုပ်ပေးရလို့ မာမာပျော်ပါတယ် လို့ဘဲပြောရင်းနဲ့ မာမာပြင်ဆင်ထားတဲ့ ပဲပြားချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အနေတော် တုံးထားသော ပဲပြား - အမာ 250 g 
  2. ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - ကြီးကြီး နှစ်လုံး
  3. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  10. လက်တဆစ်စာ လှီးထားသော ကြက်သွန်မိတ် - အနည်းငယ်

ပြင်ဆင်ပုံ
  • ပဲပြား ခရမ်းချဉ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ကြက်သွန်မိတ်တို့ကို ရေဆေးသန့်စင်ကာ လိုအပ်သလို လှီးဖြတ်ပေးထားပါ
  • ဒယ်အိုးထဲ ဆီကိုထည့်ပြီး အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ကာ မွှေပေးပါ
  • အနံ့သင်းပြီး ကြက်သွန်များနွမ်းလာတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကိုထည့်ပြီး တမိနစ်လောက်မွှေပေးပါ
  • ပြီးတာနဲ့ခရမ်းချဉ်သီးကို ထည့်ပြီး ကျေသွားအောင် ဇွန်းနှင့် ဖိချေပေးပါ
  • ခရမ်းချဉ်သီး ကျေသွားပါက ပဲပြား ဆား အရသာမှုန့်တို့ ထည့်မွှေပါ
  • ပဲပြားနှင့်ခရမ်းချဉ်သီး လုံးမိသွားက ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်လာပြီ ဆိုပါက ကြက်သွန်မိတ်ထည့်ပြီး သမအောင် အသာမွှေကာ အရသာမြည်းပြီး လိုသလိုပြင်၍ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment