Thursday 15 October 2015

သံပုယိုသီးသုပ်


စားချင်တာကတော့ ရှောက်သီးသုပ်လေးပါဘဲ ဒါပေမဲ့ ရှောက်သီးမရလေတော့ သံပယိုသီးကိုဘဲ ရှောက်သီးအစားထိုးကာ သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ရှောက်သီးမရှိတဲ့ နေရာဒေသတွေမှာ သံပုယိုသီးလေး အစားထိုးပြီး သုပ်စားနိုင်အောင် မာမာသုပ်တဲ့ သံမယိုသီး သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

အကုန်အကျလဲ သက်သာပြီး ထမင်းမြိန်စေတဲ့ ဟင်းလေးတစ်မယ် ဆိုရင်လဲ မမှားပါဘူး ဒီအသုပ်လေးက ဟင်းခါးလေးနဲ့ လိုက်သလို ပဲဟင်းချိုလေးနဲ့လဲ အရမ်းလိုက်ဖက်ပါတယ် ဒီအသုပ်လေးက မာမာ့ကလေးတွေရဲ့  အကြိုက်ပါ ချဉ်ချဉ်စပ်စပ်လေး ကြိုက်တယ်ဆိုရင်တော့ သုပ်စားစေချင်ပါတယ်။

တပွဲစာ ပါဝင်ပစ္စည်းများ

  1. သံပုယိုသီး - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  9. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 

သံပုယိုသီး အချဉ်ပေါ့ပြီး မခါးစေရန် ဆားရည်စိမ်နည်း
  1. ဇလုံတစ်လုံးထဲမှာ ဆားထမင်းစားဇွန်း တစ်ဇွန်းကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးနှင့်ဖျော်ပေးပါ
  2. သံပုယိုသီးကို အခွံခွာပြီး အမွှာလေးများ ထွင်ပေးကာ ဆားရည်ထဲမှာ နာရီဝက်လောက် စိမ်ပေးထားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးထားပါ
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ဂေါ်ဖီ ကြက်သွန်နီ ပဲအကျက်မှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ဟင်းချိုမှုန့် ဆီချက် ငရုတ်သီးမှုန့်တို့နှင့်အတူ ဆားရည်စိမ်ထားသော သံပုယိုသီးအဖတ်လေးများကို ရေညှစ်ပြီးထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး  လိုသလိုပြင်ကာ ချဉ်ငံစပ် သံပုယိုသီးသုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment