Saturday, 17 October 2015

သရက်သီးစိမ်း ငါးပိချက်



ချက်စားဖြစ်ခဲ့တဲ့ သရက်သီးစိမ်း ငါးငပိချက်လေးပါ ဘာငါးနဲ့ဘဲ ချက်ချက် အဆင်ပြေတဲ့ ဟင်းလေးဖြစ်ပြီး ထမင်းစားရတာလဲ သိပ်မိန်တဲ့ဟင်းဆိုလဲ မမှားပါဘူး မာမာကတော့ ငါးပိချက် ချက်ပြီဆိုရင် တို့စရာအစုံအလင်နဲ့ စားရတာကို ပိုပြီးသဘောကျပါတယ်။

ထမင်းမိန်စေမဲ့ ငါးပိချက် ချက်နည်းလေးကို မာမာ့လိုဘဲ ချက်စားနိုင်အောင် ချက်နည်းလေးေ မျှဝေပးပါမယ်။

ပါဝင်ပစ္စည်းများ

  • နုတ်နုတ်စဉ်းထားသော ဘာဆာငါး - 150g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆိုချက်နိုင်ပါတယ် )
  • အစေးစင်အောင် ရေဆေးပြီး ခပ်ပါးပါး လှီးထားသော သရက်သီးစိမ်း - အနေတော် ၃လုံး
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • ဆီ လက်ဖက်ရည်အကြမ်းပန်းကန် - တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ကျိုထားသော ငပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နံနံပင် - နှစ်သက်သလောက်
ချက်နည်းလေးပြောပါမယ်
  • ဆီကို အပူပေးပြီးနနွင်းမှုန့်ကိုထဲ့ပါ ပြီးတာနဲ့ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီနွမ်းတာနဲ့ ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ငါးကိုငါးငံပြာရည်ထဲ့ကာ ခြောက်ပြီးငါးအသားများ မွလာတဲ့အထိ ကြော်ပေးပါ
  • ငါးအသားများမွလာတာနဲ့ သရက်သီးကိုထဲ့ပြီး အခွံများ နွမ်းလာတဲ့ထိ မွှေပြီးချက်ပေးပါ
  • သရက်သီး အခွံများနွမ်းလာတာနဲ့ အရသာမှုန့် ငါးပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့အရသာကိုမြည်းကာ နံနံပင်ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • သရက်သီးစိမ်း ငါး ငါးပိချက်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment