Saturday 17 October 2015

မုန့်တီ ပူပူလေး


မာမာ ဒီနေ့အလုပ်ရှုပ်တဲ့ မုန့်တီဟင်းရည် ပူပူလေး ချက်ဖြစ်ပါတယ် ထမင်းမစားချင်တာနဲ့ စိတ်ပြောင်းစိတ်လွဲလေးလုပ်ပြီး ချက်လိုက်တာမို့  သောက်လို့တော်တော်လေး ကောင်းပါတယ်။

ထမင်းလွတ် သောက်ကြတာမို့ တစ်နေကုန် မုန့်တီနဲ့ နှစ်ပါးသွားကြမှာပါ သားရောသမီးပါ အရမ်းကြိုက်ကြတာမို့ ချက်ရကျိုးလေး နပ်ပါတယ် လေးယောက်စာပေမဲ့ တစ်နေကုန်သောက်မှာမို့ ပိုချက်ထားပါတယ်။

ရခိုင်လူမျိုးချက်တဲ့ ရခိုင်မုန့်တီ စစ်စစ်မဟုတ်ပေမဲ့ အနီးစပ်ဆုံးတူအောင် ချက်ထားပြီး ငါးရွှေမရှိတဲ့အတွက် ဘာဆာငါးပြားကို ပြုပ်ပြီးချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ (လေးယောက်စာ)

ငါးပြုပ်ရန်

  1. ငါး - နှစ်ဆယ်သား (ဘာဆာငါးပြား)
  2. ငံပြာရည် - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်သာသာ
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း တို့ကိုရေမြုပ်ရုံရောပြုပ်ပေးပြီး နူးသွားပါက အသားဖတ်လေးများကို ဒယ်အိုးထဲထည့်ပြီး လှော်ပေးထားပါ

ဟင်းရည်ချက်ရန်
  • ရေ - 11 cups
  • ကြက်သွန်ဖြူ - ဆယ်မွှာ (ထောင်းပေးပါ)
  • ကြက်သွန်နီ - နှစ်လုံး (အဖတ်လေးများလှီးပေးပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ပုဇွန်ငပိ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဟင်းချိုမှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
  • ပဒဲကော - တစ်လက်မ (ထောင်းပေးပါ)
  • ငါးလှော် အသားများ အားလုံးရောပြီး ရေပွက်ပွက်ဆူကာ ကြက်သွန်ဖတ်များ နူးအောင်တည်ပေးပါ
မုန့်တီရည်သောက်ရန်
  • ငရုတ်သီးစိမ်း အစပ်တောင့် - အတောင့်ကြီးကြီးဆယ်တောင့် (လှော်ပြီးထောင်းပေးပါ)
  • မုန့်ဖတ် - 400 g (ပြုပ်ပေးထားပါ)
  • မကျည်းမှည့်ရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • သံပုရာသီး - တစ်လုံး( ကြိုက်လျှင်ထည့်သောက်ပါ )
  • ငံပြာရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ပဲကြော် - ဆယ်ချပ် (ချေထားပေးပါ)
  • နံနံပင် - ဆယ်ပင် (လှီးပေးထားပါ)
  • ငါးဖယ်ကြော် - အချပ်သုံးဆယ်
တစ်ပွဲစာပြင်ရန်
  • မုန့်ဖတ် - လက်တစ်ဆုတ်စာ
  • ပဲကြော် - ထမင်းစားဇွန်း တစ်ဇွန်း
  • ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မကျီးမှည့်ရေ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးစိမ်းထောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငါးဖယ် - တစ်ချပ်
  • နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပြီး ပြင်ပေးပါ။

No comments:

Post a Comment