Friday 2 October 2015

ပန်းသေးခေါက်ဆွဲကြော်


တိုင်းရင်းသား လူမျိုး အစားအစာတွေ လုပ်စားဖြစ်တဲ့အခါတိုင်း ချက်နည်းပြုပ်နည်းလေး ရေးဖို့ လက်တော့တော်တော်တွန့်ပါတယ် ကိုယ့်ပါးစပ် အရသာခံလို့ရတာလေးနဲ့ ရောသမမွှေပြီး ချက်မိပြန်ရင်လဲ တိုင်းရင်းသားအစားအစာ လူမျိုးအစားအစာတွေ မသေချာမှာဆိုးလို့ ရေးပြီးတင်ခဲပါတယ်။

အခုတော့ ပန်းသေးခေါက်ဆွဲကြော် ကြော်နည်းလေးကို ပန်းသေးလူမျိုး မိတ်ဆွေတယောက်ဆီက သေချာအောင်မေးပြီး ဖားအံမှာနေစဉ် စားဖူးတဲ့အရသာလေးနဲ့ ရောသမမွှေပြီး ကြော်ထားပါတယ် အရသာကတော့ ကောင်းလွန်းလို့ ရှယ်ပါဘဲ။

တကယ်တော့ ပန်းသေးခေါက်ဆွဲကြော်ရဲ့ အဓိက အရသာက မဆလာနဲ့ ကြာညို့ကောင်းကောင်းလဲ ပါရပါတယ် တချို့က ကုလားလေးမဆလာလိုမျိုး မဆလာကို သုံးကြပါတယ် တကယ်တော့ ပန်းသေးခေါက်ဆွဲကြော်က တရုတ်မဆလာကောင်းကောင်းကို သုံးရပါတယ် ဒါမှလဲ အနံ့အရသာ ပြည့်စုံတဲ့ ခေါက်ဆွဲကြော်လေး ရမှာပါ။

ကြော်ဖို့ပါဝင်ပစ္စည်းလေးတွေ ပြင်ပါမယ် (၂ပွဲစာ)
ကြက်သားဟင်းချက်ရန်

  1. ကြက်သား အရိုးအသားရော - 250 g
  2. ဒိန်ချဉ် - ထမင်းစားဇွန်း ၃ဇွန်း
  3. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  4. လေးညှင်း -၂ပွင့်
  5. ကရဝေးရွက် - ၂ရွက် 
  6. သစ်ဂျပိုးခေါက် - လက်နှစ်ဆစ်ခန့်
  7. စမုံစပါး - ၁၀စေ့ခန့်
  8. ဖာလာ - တစ်ေစ့
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (တ၀က် အသားနယ် တ၀က် ကြက်သားဆီသတ်)
  11. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးသာသာ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ကြက်သွန်နီ - အနေတော် တစ်လုံး
  14. ကြက်သွန်ဖြူ  -အမွှာကြီးကြီး ၃မွှာ
  15. ချင်း - လက်တစ်ဆစ်ခန့်

ပြင်ဆင်ပုံ
  1. ကြက်သားကို အရိုးအသား အနေတော်တုံးထားကာ ဆား နနွင်း အရသာမှုန့် ဒိန်ချဉ်တို့နှင့်နယ်ကာ တနာရီလောက် နှပ်ထားပါ
  2. လေးညှင်း ဖာလာ သစ်ဂျပိုးခေါက် စမုံစပါးစေ့ ကရဝေးရွက်တို့ကို ပြင်ထားပါ
  3. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းထားပါ
  4. အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး လေးညှင်း ဖာလာ ကရဝေး စမုံစပါး သစ်ဂျပိုးခေါက်တို့မိနစ်ဝက်လောက် ထည့်ကြော်ပါ ပြီးတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  5. ငရုတ်သီးနံ့မွှေးလာတဲ့အထိ အဆက်မပြတ်မွှေပေးပြီး ကြက်သားကိုထည့်ပြီး မွှေပေးပါ ကြက်သားမှထွက်လာသော လုံးရည်ခမ်းပြီး အသားမာလာတဲ့ထိ ချက်ပေးပါ 
  6. ကြက်သားမာလာမှ ရေမြုပ်အောင်ထည့်ပြီး ဆီပြန်အောင်တည်ပေးပါ
  7. ကြက်သားဆီပြန်လာရင် မီးပိတ်ထားပါ
အချဉ်ပွဲပြင်ရန်
  • ကြက်သွန်နီ အနေတော်တဥကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးထားပါ
  • သခွားသီးကို အခွံခွာကာ ခပ်ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်း သခွားသီးနှင့်ကြက်သွန်နီကိုရောပြီး ဆားအနည်းနှင့်သံပုရာသီး တစ်စိတ်ညှစ်ကာ နယ်ထားပေးပါ
လိုအပ်သော ခေါက်ဆွဲနှင့် အသီးအနှံများကို ပြင်ပါမယ်
  • ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  • ရှည်ရှည် အမြှောင်းလေးတွေ လှီးထားသော - မုံလာဥနီ တရုတ်ဟင်းပြင်ပန်းကန် တစ်ဝက်
  • အနေတော် လှီးထားသော ပဲတောင့်ရှည် - ၃တောင့်
  • ၄စိတ် စိတ်ထားသော ခရမ်းချဉ်သီး - တစ်လုံး
  • ပူစီနမ် - ၆ခက်
  • နံနံပင် - ၆ခက်
  • ကြက်သွန်နီ - အနေတော်တလုံးကို အကွင်းလိုက်လှီးထားပါ
  • ခေါက်ဆွဲ အစို - 400 g
  • ပဲငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • တရုတ်မဆလာ - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်ဝက်
  • ကြက်ဥ - ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
တပွဲစာကြော်ရန်
  1. ဒယ်အိုး ခပ်ပြန့်ပြန့်ကိုမီးရှိန်ပြင်းပြင်းနဲ့ အပူပေးပါ
  2. ခေါက်ဆွဲကို တရုတ်မဆလာ ပဲငံပြာရည်တို့နှင့် အရသာဝင်အောင် နယ်ထားပါ
  3. အိုးပူလာတာနဲ့ ဆီတ၀က်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီတ၀က် ဂေါ်ဖီတ၀က် မုံလာဥနီတ၀က် ပဲသီးတ၀က် ခရမ်းချဉ်သီး ၂စိတ်တို့ကို ထည့်ကြော်ပါ
  5. အသီးအရွက်ထဲကို ဆားထည့်ကြော်ပေးပြီး အနည်းငယ်နွမ်းတာနဲ့ ချက်ထားသော ကြက်သားကို အသားနှစ်သက်သလောက်နှင့် ဟင်းအနှစ် ထမင်းစားဇွန်း တဇွန်းခွဲခန့် ထည့်ကြော်ကာ ခေါက်ဆွဲ တ၀က်ကို ထည့်မွှေပါ
  6. အရသာနှံ့ပြီး သမသွားပါက ခေါက်ဆွဲကြော်များ ဘေးကိုတွန်းပြီး ကြက်ဥတလုံး ဖောက်ထည့်ကာ အနှစ်များကို ဖောက်ပေးပြီး ပြန့်သွားအောင်လုပ်ကာ ကြော်ပေးပါ
  7. ကြက်ဥကြော် ကျက်တာနဲ့ ခေါက်ဆွဲနှင့်ရောမွှေကာ ပူစီနံ နံနံပင်တို့ ထည့်ပြီးမွှေကာ စားပွဲပြင်ပေးပြီး အချဉ်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment