Thursday, 15 October 2015

ရွှေကြည်မှုန့် မုန့်ဟင်းခါး


ဒီတခါ မုန့်ဟင်းခါးကို ဆန်လှော်မှုန့်နဲ့မချက်ဘဲ ရွှေကြည်မှုန့်နဲ့ချက်ထားတဲ့ မုန့်ဟင်းခါးလေးပါ ချက်န်းကိုတော့ အရင်ချက်နည်းအတိုင်း ချက်ထားတာမို့ စာတွေကို copy လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။

မုန့်ဟင်းခါးချက်ဖို့ ငါးဆီသတ်နည်းလေး http://mmlazp.blogspot.com.au/2015/04/blog-post_98.html ဒီနေရာမှာ  တင်ပေးပြီးတာ ကြာနေပြီမို့ ဒီနေ့တော့ ချက်နည်းလေး ရေးပေးလိုက်ပါတယ် ငါးဆီသတ်လေး အဆင်သင့် ဖြစ်နေပြီဆိုရင် မုန့်ဟင်းရည် ချက်ဖို့က အရမ်းကို လွယ်သွားပါပြီ။

ဟင်းရည် ချက်နည်းလေးဘဲ ရေးပေးလိုက်တာမို့လို့ မုန့်ဟင်းခါးနှင့် တွဲဖက်စားရန် အကြော် ပဲသီး ပဲပင်ပေါက် နံနံပင် ခရမ်းချဉ်သီး ဂွေးချဉ်သီး ရှမ်းနံနံ သံပုရာသီး ငရုတ်သီးအလှော်မှုန့် ငါးဖယ်ကြော် ပူစီနံတို့ကို နှစ်သက်သလို ပြင်ပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )

  • ငါးဆီသတ်ပြီးသား လက်ဖက်ရည်အကြမ်းပန်းကန် - တလုံးမောက်မောက် (ဖိထည့်ပေးပါ)
  • နူးအိနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း ပြုပ်ပြီးသား - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး
  • အခွံခြွတ်ပြီး မညက်တညက် ထောင်းပြီးသော မြေပဲလှော် - ထမင်းစားဇွန်း ၃ဇွန်း
  • ရွှေကြည်အလှော်မှုန့် ထမင်းစားဇွန်း - ၅ဇွန်းခန့် (ရေအေးအနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ဖျော်ထားပါ )
  • အခွံခွာပြီး ရေဆေးထားသော ကြက်သွန်နီ - ခပ်သေးသေး ၁၀လုံးခန့်
  • ကြက်ဥ သို့မဟုတ် ဘဲဥပြုပ် - ၇လုံး
  • ခပ်ပါးပါးလှီးပြီး နနွင်းရည် စိမ်ထားသော ငှက်ပျောအူ - တရုတ်ဟင်းပြင်ပန်းကန် အလတ် တလုံးစာ
  • ငါးငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ညက်နေအောင် ထောင်းထားသော - ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (မထည့်လဲရ )
  • ရေ - 4 cups ( တရုပ်ဟင်းရည်သောက်ပန်းကန်လုံး ၃လုံး)
ဆီချက်ချက်ရန် (မုန့်ဟင်းခါးထဲထည့်စားရန်)
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  • ဆီချက်ချက်ရန် ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ပြုပ်ထားသော ကုလားပဲကို ကျေအောင်ချေလိုက်ပြီး မြေပဲထောင်း ငါးဆီသတ်နှင့် ရေထည့်ကာ ဆူအောင်တည်ပေးထားပါ
  • ကြက်ဥပြုပ် ၂လုံးကို ခပ်ပါးပါး လှီးထားပါ
  • ရေပွက်ပွက်ဆူလာပါက ငှက်ပျောအူနှင့် အရည်ဖျော်ထားသော ရွှေကြည်အလှော်မှုန့်ကို ထည့်မွှေပေးပါ
  • အိုးအောက်ခြေ မကပ်စေရန် မကြာမကြာမွှေပေးပါ
  • ရွှေကြည်မှုန့်နှစ် ဟင်းအရည် ပြစ်လာပါက ကြက်သွန်ဥ လှီးထားသောကြက်ဥနှင့် ငရုတ်ကောင်းမှုန့် ဆား ငံပြာရည်တို့ ထည့်မွှေပေးပါ
  • ငှက်ပျောအူနှင့် ကြက်သွန်ဥများနူးပါက ဟင်းရည်အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးကို လျော့ထားပြီး မီးဖိုပေါ်မှာဘဲ တင်ထားပေးပြီး သုံးဆောင်နိုင်ပါပြီ။
  • ဟင်းရည် ပြစ်ပြစ်မကြိုက်ပါက ရေနွေးဆူပြီးသားကို လိုသလောက်ထပ်ရောပြီး အရသာကို နည်းနည်းပြင်ပေးနိုင်ပါတယ်။

  • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ချက်နိုင်ပြီး မထည့်လဲရပါတယ်

No comments:

Post a Comment