Monday, 19 October 2015

ချဉ်ပေါင်ခါး မျှစ်ကြော် ချဉ်ငံစပ်


ချဉ်ပေါင်ခါးရွက်ရတာနဲ့ ပုဇွန်ခြောက်ကိုထောင်းပြီး မျှစ်အရောနဲ့ကြော်ပါတယ် ချဉ်ပေါင်ခါးရွက်က ဆေးဘက်ဝင်တယ်လို့ ပြောသံကြားဖူးပေမဲ့ ဘာအတွက်ဝင်သလဲတော့ သေသေချာချာမသိလေတော့ ကြော်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ရိုးရိုးချဉ်ပေါင် ကြော်နည်းအတိုင်းပါဘဲ ဒါပေမဲ့ ချဉ်ပေါင်ခါးရွက်က အရွက်ကြီးပြီး အရွက်သားမာတော့ ကြော်တဲ့အခါမှာ မကျေဘဲ ဖိုးသိုးဖတ်သတ် ခါးသက်သက်လေးနဲ့ စားလို့အင်မတန်ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်ခါးအရွက်- ဇကာအလတ် တလုံးစာ
  • ပြုပ်ပြီး ခပ်ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တလုံးစာ
  • ပုဇွန်ခြောက် - အကောင် ၂၀ခန့် ထောင်းထားပါ
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • အနေတော်စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို မိနစ်ဝက်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ခါးရွက် ဖြစ်တဲ့အတွက် အရွက်များ အရမ်းကျေမသွားဘဲ ပျော့ရုံဘဲ ပျော့လာတာနဲ့ငံပြာရည်နှင့် အရသာမှုန့် မျှစ်တို့ ထည့်မွှေပေးပါ
  • မျှစ်နဲ့ ချဉ်ပေါင်ရွက် လုံးမိသွားတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကိုထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment