Sunday 11 October 2015

ဆယ်လ်မွန်ငါးပေါင်းထုတ်


ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ငါးဟင်းထုတ်လေး လုပ်စားဖြစ်ပြီး ဆီမပါတဲ့တွက် စားရတာ အရသာပိုပြီး ကောင်းသလို ဆယ်လ်မွန်ငါးအရသာ မွှေးမွှေးချိုချိုလေးက စွဲမက်စေပါတယ် စားပြီးရင်း ထပ်စားချင်စိတ်ကို ပေါ်စေပါတယ်။

ဟင်းထုတ်တို့ ထုံးစံက ငှက်ပျောရွက်နဲ့ထုတ်တာပေမဲ့ ငှက်ပျောရွက်ရှားတဲ့ နေရာတွေမှာတော့ မာမာအခုပေါင်းသလိုမျိုး မုန့်ညှင်းဖြူအရွက်နဲ့ထုတ်ပြီး ပေါင်းလို့ရပါတယ် ဒါကြောင့်မို့ ဆယ်လ်မွန်ငါးဟင်းထုတ် လုပ်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ ( ဟင်းပေါင်းထုတ် ၈ခုစာပါဝင်ပစ္စည်းများ )

  1. လက်၂လုံးအရွယ်လှီးထားသောဆယ်လ်မွန်ငါး - ၈ခု
  2. မုန့်ညှင်းဖြူ - အရွက်ကြီးကြီး ၈ရွက်
  3. ကြက်သွန်မိတ် -  အပင် ၁၅ပင်
  4. Shiitake Mushrooms - ၈ပွင့်
  5. Black Fungus - ၁၅ပွင့်
  6. Dired Bean Curd Stick - ၁၂လက်မအရွယ် တချောင်း
  7. Cherry Tomato  - ၈လုံး
  8. ဆန်အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  10. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  12. ဆီ - ထမင်းစားဇွန်း တဇွန်းသာသာ
ပြင်ဆင်ပုံ
  1. ဆယ်လ်မွန်ငါးကို ရေဆေးပြီး လက်၂လုံးလောက် အတုံးလေးများ တုံးထားပါ
  2. ကြက်သွန်မိတ်ပင်များကို ရေဆေးပြီး လက်တဆစ်အနေ လှီးထားပါ
  3. Shiitake Mushrooms ကို ရေတနာရီလောက်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  4. Black Fungus ကို ရေတနာရီလောက်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  5. Dired Bean Curd Stick ကို ရေတနာရီလောက် စိမ်ထားပြီး ပါးပါး လှီးထားပါ
  6. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲထည့်ပေးပါ
  7. ဆန်မှုန့် ဆား အရသာမှုန့် ဆီတို့ထည့်ကာ အားလုံးသမအောင် မွှေပေးပါ
  8. ထုတ်မည့် မုန့်ညှင်းဖြူ အရွက်အပေါ်မှာ ငါးကိုတင်ပါ
  9. ငါးအပေါ်မှ အရသာစပ်ထားသော အစာများကို ထည့်ပေးပါ
  10. အဆင်သင့်ဖြစ်ပါက ပေါင်းအိုးဇကာထဲ စီပြီးထည့်ပေးကာ အောက်ခံရေအိုး ပွက်ပွက်ဆူမှ ပေါင်းဇကာကိုတင်ပြီး မိနစ်၂၀ခန့် ပေါင်းပေးပါ
  11. ကျက်တာနဲ့ ပန်းကန်တခုထဲ ဖြည်ချကာ ငရုတ်သီးကြက်သွန်ဖြူဆီချက် ဆမ်းပြီး နံနံပင်နှင့်တွဲဖက်ကာ အရသာရှိသော ဆယ်လ်မွန်ဟင်းထုတ်ကို စားနိုင်ပါပြီ။
ကြက်သွန်ဖြူ ငရုတ်သီး ဆီချက်ချက်ရန်
  1.  ကြက်သွန်ဖြူ အမွှာကြီးကြီး ၁၀မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တညက်ထောင်းထားပါ
  2. ဆီ လက်ဖက်ရည် ပန်းကန်လုံး တလုံးခန့်ကို အပူပေးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  3. ကြက်သွန်ဖြူ ကြွတ်လာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှချကာ ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်မွှေပြီး ကြက်သွန်ဖတ်များကို ဆယ်ပြီး အအေးခံထားပါ။

No comments:

Post a Comment