Tuesday, 20 October 2015

ကြက်ဥ ခေါက်ဆွဲပြားကြော်


ခေါက်ဆွဲ အလုံးလေးတွေ ကြော်စားရတာ ရိုးလာတော့ ကြက်ဥ ခေါက်ဆွဲပြားလေးဘက် တခါ လှည့်ကြော်ပါတယ် ကြက်ဥခေါက်ဆွဲမို့ အရသာကတော့ မကြော်ခင်ထဲက ပြည့်ဝနေပြီးသားပါ အသားမစားတဲ့ သမီးလေးပါ စားလို့ရအောင် ကြက်ဥဖောက်ထည့်ပြီး အားဖြည့်ထားပါတယ် ကြော်နည်းကတော့ အိမ်ကြော် ကြော်နေကျ ထုံးစံအတိုင်းပါဘဲ နှစ်သက်ရာအသီးအရွက်လေး ထည့်ပြီးကြော်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပျော့သွားအောင် ပြုပ်ပြီး ရေဆေးကာ ရေစစ်ထားသော ကြက်ဥ ခေါက်ဆွဲအပြား - 100g
  • အနေတော် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • အနေတော် လှီးထားသော ဂေါ်ဖီ - အနည်းငယ်
  • အနေတော် လှီးထားသော ဘရိုကိုလီ - ၅ခက်ခန့်
  • လေးထောင့်အဖတ်လေးများ လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  • တလက်မခန့်အရှည်လှီးထားသော ပဲတောင့်ရှည် - ၃တောင့်
  • တလက်မခန့်အရွယ် လှီးထားသော တရုတ်နံနံ - ၂ခက်
  • ဆီ - ထင်းစားဇွန်း ၅ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံ တပုံ
  • ပဲငံပြာရည်အနော် - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီးမှ လိုအပ်သလို လှီးပေး ထုပေးပါ
  • ရေနွေး 8cups လောက်ကို ဆူအောင်တည်ပေးပြီးမှ ခေါက်ဆွဲခြောက်ကို ထည့်ပြုပ်ပေးပါ
  • အနေတော် အနေအထားရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်သွန်နီ ပန်းဂေါ်ဖီ ဘရိုကိုလီ ပဲသီး ဂေါ်ဖီ မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့်ခေါက်ဆွဲကို သမသွားအောင်  တမိနစ်လောက် မွှေပြီးတာနဲ့ ခေါက်ဆွဲကို ဘေးတွန်းထားပြီး ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ ခေါက်ဆွဲနှင့်ရောမွှေပြီး တရုတ်နံနံနှင့် နှမ်းဆီထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ခေါက်ဆွဲကြော်လေး ရပါပြီ
  • အပေါ့အငံကို လိုသလိုမြည်းပြီး ပြင်ပေးပါ။

2 comments:

  1. သရက်သီးသနပ်လုပ်နည်းလေးတင်ပေးပါလား အမ။ သရက်သီးအစိမ်းသနပ်ရော အခြောက်သနပ်ရောပေါ့။ ကျေးဇူးတင်ပါတယ်ရှင့်။ နန်း သရက်သီးသနပ်စားချင်နေတာကြာလှပြီ မလုပ်တတ်လို့မစားရဘူး။း)

    ReplyDelete
  2. အမတို့ဆီမှာ သရက်သီး အခုမှ ပေါ်ခါစမို့ နည်းနည်းကြီးကြီးလေးရရင် လုပ်နည်း တင်ပေးမယ်နော်

    ReplyDelete