Friday 23 October 2015

ကြက်ဥအာလူး ချဉ်ရည်ဟင်း


ကြက်ဥ ချဉ်ရည်ဟင်းကို အမျိုးမျိုးချက်ကာ စားကြတဲ့အထဲက ဒီချက်နည်းလေးက ကြက်ဥကို ပြုပ်ပြီး အခွံခွာကာ အလုံးလိုက် ကြော်ပြီးမှ ပြန်ချက်တဲ့ နည်းလေးပါ  ချက်နည်းကတော့ ကြက်ဥကို ကြော်ပြီးမှ ချက်တာကလွဲရင် ချက်နေကျ နည်းအတိုင်းဘဲ ချက်ထားပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပြုပ်ပြီးအခွံခွာထားသော ဘဲဥ( သို့)ကြက်ဥ - ၆လုံး
  2. အခွံခွာပြီး ရှစ်စိတ်စိတ်ကာ ရေဆေးထားသောအာလူး - အနေတော် ၃လုံး
  3. ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ညက်နေအောင်ထောင်းထားသော ချင်း - လက်တစ်ဆစ်ရေ
  6. စိမ်ထားသော မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ဆီကိုနနွင်းမှုန့်ထဲ့ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥများကို အပေါ်ယံတင်းသွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အာလူးနှင့် ငါးငံပြာရည် တခါထဲထည့်ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင်တည်ပေးပါ
  • အာလူးနူးလာတာနဲ့  ကြက်ဥကြော်ပြီးသားနဲ့ မန်ကျည်သီးးမှည့်အရည်ထဲ့ကာ ရေဆူအောင် ဆက်တည်ပြီး ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

1 comment:

  1. ကြက်ဥ ချက်နည်းအသစ်ကလေးကို မှတ်သားသွားပါတယ် ....
    တခြားဟင်းတွေ အများကြီးကိုလဲ အားပေးသွားပါတယ်နော် ....
    ဒီတစ်ပါတ် အစ်မရဲ့ ကြက်ဥချက်နည်းအတိုင်း ချက်လိုက်ဦးမယ် .... ^___^

    ReplyDelete