ဒီနေ့တော့ အရသာ တစ်မျိုး ပြောင်းထားတဲ့ ထမင်းကြော် စိတ်လိုလက်ရ စားချင်လာတာနဲ့ ကြော်ဖြစ်သွားပါတယ် ငပိနံ့သင်းသင်းလေးနဲ့ ပဲကတ္တီပါပြုပ် စိမ့်စိမ့်လေးကိုရောပြီး ကြော်ထားပါတယ် အလွန်တရာမှ စားလို့ကောင်းတဲ့ ထမင်းကြော်လေးမိုလို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- ပြုပ်ပြီးသားပဲကတ္တီပါပြုပ် - တစ်ဆယ်သားခန့်
- ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပုဇွန်ငပိ - မကျည်းစေ့ နှစ်စေ့စာခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲသို့ ထည့်ပေးပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
- ထမင်းအိုး ခလုတ်တက်သွားတာနဲ့ ထမင်းကို အအေးခံပြီး ဖွထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြက်သွန်ဖြူ နွမ်းတာနဲ့ ငရုတ်သီးမှုန့်နှင့် ပုဇွန်ငပိကို ထည့်မွှေပါ
- ပုဇွန်ငပိအနံ့ မွှေးလာတာနဲ့ ထမင်း ဆား အချိုမှုန့်တို့ထည့်ပြီး သမအောင် မွှေပေးပါ
- ၃မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပြုပ်ထည့်မွှေပြီး နှစ်မိနစ်လောက် ကြော်ပြီးပါက ပဲပြုပ် ငပိထမင်းကြော် စိမ့်စိမ့်မွှေးမွှေးလေးကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment