ဒီနေ့တော့ စားလို့အရမ်းကောင်းပြီး ကြွတ်ရွမွနေတဲ့ သတ်သတ်လွတ် ကော်ပြန့်လိပ်လေးတွေ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်များ
- ကော်ပြန့်ရွက် - ၁၀ရွက်
- ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် နှစ်လုံးစာ
- မုန်လာဥနီ - ခပ်ကြီးကြီး တစ်ဥ
- မုံလာဥဖြူ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် တစ်လုံးစာ
- ကြွက်နားရွက်မှို - ခပ်ကြီးကြီး ၇ခု
- ဂျပန်မှိုအခြောက် - ဆယ်ခု
- ပဲကြာဇံ - နှစ်ခွေ
- ကြက်သွန်မိတ် - ငါးပင်
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း သုံးဇွန်း
- မှိုငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အငံကြိုက်ပါက အနည်းငယ် ပိုထည့်ပါ)
- ဆီ - ထမင်းစားဇွန်း လေးဇွန်း (အသီးအရွက်ကြော်ရန်)
- ဆီ - လိုသလောက်သုံးပါ (ကော်ပြန့်ကြော်ရန်)
ပြင်ဆင်ပုံ
- ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ပေးကာ တစ်လက်မခန့် အနေအထားလေးတွေ ပိုင်းထားပေးပါ
- မှိုနှစ်မျိုးကို ရေမြုပ်အောက်ထည့်ပြီး တစ်နာရီခန့် ရေစိမ်ထားကာ ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- မုံလာဥနီနှင့် မုံလာဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ပြီး ခပ်နုတ်နုတ် စင်းထားပါ
ကော်ပြန့်ကြော်အတွက် အစာများ ကြော်ရန်
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပေးပါ
- ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ မုံလာဥနီ မုံလာဥဖြူ ဂျပန်မှို ကြွက်နားရွက်မှို ပဲကြာဇံ ဂေါ်ဖီ ဆား သကြား ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် မှိုငံပြာရည်တို့ထည့်ကာ အနည်းငယ် နွမ်းအောင် ကြော်ပေးကာ အရသာမြည်းပါ
- မိမိနှစ်သက်တဲ့ အရသာရအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ်ကို ထည့်မွှေပေးကာ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
- ပြီးတာနဲ့ အဝတ်စ သန့်သန့်ထဲမှာ ကြော်ထားသော အစာများ ထည့်ပေးကာ ကျစ်နေအောက် ထုတ်ပြီးမှ အရည်များကုန်အောင် ညှစ်ပေးကာ ရေစစ်ပေးပါ
- အသီးအရွက်ကြော်ထဲမှ ရေများကုန်သွားရင်တော့ ကော်ပြန့်လိပ်ရန် အဆင်သင့် ရပါပြီ
ကော်ပြန့်လိပ်ရန်
- ကော်ပြန့်ရွက်ကို ပုံပါအတိုင်း ဖြန့်ခင်းပေးပါ
- ပြီးတာနဲ့ အအေးခံပြီး ရေစစ်ထားသော အသီးအရွက်ကြော်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ကို ကော်ပြန့်ရွက်ထောင့်နားမှာ ပုံပေးပါ
- အစာပုံထားသော အောက်ဖက်မှ စပြီးကော်ပြန့်ရွက်ကို လိပ်ပေးပါ
- ပြီးတာနဲ့ နောက်တစ်ခေါက် ထပ်လိပ်ပေးပြီး ဘေးနှစ်ဖက်ကို ခေါက်ပေးပါ
- ဘေးနှစ်ဖက် ခေါက်ပေးပြီးတာနဲ့ အလိပ်ပုံစံလေး ရတဲ့ထိ ထပ်လိပ်ပေးပါ
- အလိပ်ပုံစံလေးရတာနဲ့ ကျန်နေသော ထောင့်နေရာလေးကို ကော်ရည်အနည်းငယ်ဖြင့် သုတ်ပေးကာ ကပ်ပေးပါ
- အထက်ပါ ပုံစံအတိုင်း ကြော်ထားတဲ့ အစာများ ကုန်တဲ့အထိ ကော်ပြန့်လိပ်ကို လိပ်ပေးပါ
ကော်ပြန့်ကြော်ရန်
- လိပ်ထားသော ကော်ပြန့်လိပ်များကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အလယ်လောက်အထိ လျှော့ပေးပါ
- မီးလျှော့ပြီးတာနဲ့ ကော်ပြန့်လိပ် တစ်ခုခြင်းကို ဆီအိုးထဲကိုထည့်ပြီး ကြော်ပေးပါ
- ကြော်တဲ့ အခါမှာ မီးမများစေရန် သတိထားပေးပါ
- တစ်ဖက်က ရွှေအိုရောင် သန်းလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
- နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ ကော်ပြန့်လိပ်ကော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်တဲ့ အချဉ်ရည်ဖြင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။