Sunday 30 August 2015

ပက်ထိုင်း ဆန်ပြားကြော်


လိုအပ်သော ပစ္စည်းများ ပြင်ပေးထားပါ

ဆန်ပြားထုတ်ကို သုံးထားပါတယ်

ရေနွေးဆူဆူထဲမှာ ပျော့လာတဲ့ထိ ပြုပ်ပြီး
ရနွေးသွန်ကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ

ကြက်သားကိုကြော်ပေးပါ

ပုဇွန်ကို ဆက်ကြော်ပေးပါ

ကြပ်ဥကို မကျက်တကျက် အနေအထားရအောင်
 ကြော်ပေးပြီး ကြက်သွန်နီ ကြက်သွန်ဖြူကို 
ဆက်တိုက်ထည့်ပါ

လိုအပ်သောအစာများ တခါထဲထည့်ပြီး 
အားလုံးသမအောင်မွှေပေးပါ

အားလုံးသမသွားပါက ဂေါ်ဖီနှင့် 
မုံလာဥနီကို ထည့်ကြော်ပေးပါ

နောက်ဆုံးမှဆန်ပြားဖတ် ထည့်ပြီးကြော်ပေးပါ

အားလုံးသမသွားတာနဲ့ အရသာမြည်းကာ
 ရွှေပဲသီးထည့်မွှေပေးပြီး မီးပိတ်ပြီးတာနဲ့
 ပူပူလေး သုံးဆောင်နိုင်ပါပြီ။
ဒီနေ့မနက်တော့ ရာသီဥတုလေး အကူးအပြောင်းမှာ ခေါက်ဆွဲကြော်စားရင် ကောင်းမလား စဉ်းစားမိရင်းက ပက်ထိုင်းဆန်ပြားလေး ကြော်စားဖြစ်သွားပါတယ် စားရတာ အရသာလဲ ကောင်းလွန်းလို့ ဆန်ပြားကြော်ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

၂ပွဲစာအတွက် ပါဝင်ပစ္စည်းများ

  1. မပြုပ်ရသေးသော ဆန်ပြား - 100 g
  2. ခပ်သေးသေး နုတ်နုတ်လှီးထားသော ကြက်သား - 150 g
  3. အခွံခွာ ကြောမှ အမဲကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ၆ကောင်ခန့်
  4. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. ကြက်သွန်နီ - အနေတော် တလုံးကို အမြှောင်းလိုက် လှီးထားပါ
  8. ကြက်သွန်ဖြူ - ၃မွှာကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  9. ငရုတ်ဆီ - ထမင်းစားဇွန် တစ်ဇွန်းခွဲ
  10. ဆီ - စားပွဲတင်ဇွန်း တစ်ဇွန်း
  11. ကြက်ဉ - နှစ်လုံးေ
  12. ဂ်ါဖီ - အနည်းငယ် ခပ်ကြမ်းကြမ်း လှီးထားပါ
  13. မုံလာဥနီ  - အနည်းငယ် အရှည်အမြှောင်းလေးများ ရအောင်လှီးထားပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ကြက်သားကို အရင်ဆုံး ၄မိနစ်လောက် ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
  • ကြက်သားအရောင်ပြောင်းပြီး မာလာပါက ပုဇွန်ကို ၂မိနစ်ခန့်ထည့်ကြော်ကာ ဘေးကိုတွန်းထားပါ
  • ပုဇွန်ကြော်ပြီးတာနဲ့ကြက်ဥကိုဖောက်ထည့်ကာ အနှစ်ကို အသာခွဲပေးပြီး အကာမကျက်တကျက်ရအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်အဖြူအနီကို ထည့်ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
  • ကြက်သွန်နွမ်းတာနဲ့ ဂေါ်ဖီနှင့်မုံလာဥနီကို မိနစ်ဝက်လောက်ကြော်ပေးပြီး ငါးငံပြာရည် သကြား သံပုရာရည် ခရမ်းချဉ်သီးဆော့ အချဉ်ရည်တို့ ထည့်ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ဆန်ပြားကိုထည့်မွှေကာ ရွှေပဲသီးထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလိုပြင်ကာ စားပွဲပြင်နိုင်ပါပြီ။

ငါးရံ့ငပိရည်ကျို ပုဇွန်ခြောက်ထောင်းအဖျော် စပ်စပ်မွှေးမွှေးလေး


ငါးရံ့ငပိအနှစ်ပုလင်း

ပုဇွန်ခြောက် ခရမ်းချဉ်သီး ငရုတ်သီးစိမ်း

မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ပြုပ်ထားပါ

ငရုတ်သီးစိမ်းကိုထောင်းဖို့ လှော်ထားပါ

ပုဇွန်ခြောက်ထောင်း ငရုတ်သီးစိမ်းထောင်း 
ခရမ်းချဉ်သီးပြုပ်ပြီး အခွံချွတ်ထားပါ

ငပိရည်ဖျော်ရန် အဆင်သင့်ရပါပြီ

ငပိရည်ကျိုနှင့် ငရုတ်သီးအလှော်မှုန့်ထည့်ကာ 
ရောဖျော်ပေးပါ

ထမင်းမိန်မိန်သုံးဆောင်ရန် အဆင်သင့်ရပါပြီ

ငါးပိရည်ကျိုတွေ အမျိုးမျိုးရှိတဲ့အထဲက ဒီနေ့တော့ ငါးရံ့ငပိရည်ကျို တနည်းအားဖြင့် ကောင်လတ်ကြီး ငါးပိရည်ကျိုကို ကျိုဖြစ်ပါတယ် ကောင်လတ်ကြီးငါးရံ့ငပိရည်ကျိုက အချိုလေးပေမဲ့ ကျိုလိုက်တဲ့အခါမှာ အရည်ကျဲပါတယ် ဒါကြောင့်မို့ ငပိရည်ကို ကောင်းကောင်း ဖျော်တတ်ဖို့တော့ လိုပါတယ် ဒါမှလဲ ပြစ်ပြစ်လေးနဲ့ စားလို့ကောင်းမှာပါ။

ပါဝင်ပစ္စည်းများ

  1. ငါးရံ့ငပိရည်ကျိုရန် အနှစ် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲသာသာနှင့် အားလုံးတို့ကိုရောပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ။
  5. ငပိရည်ရပါက ပန်းကန်တလုံးထဲ ငပိရည်များ ပြောင်းထည့်ထားပါ။

ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တလုံးကို မီးသွေးမီးဖိုရှိက အခွံများ ကျွမ်းအောင် ဖုတ်ပေးပါ။
  • မီးသွေးမီးဖို မရှိက မိုက်ခရိုဝေ့ မီးဖိုထဲ မိုက်ခရိုဝေ့ မီးဖိုသုံး ဇလုံထဲ ရေ ထမင်းစားဇွန်း ၂ဇွန်းခန့်ထည့် ခရမ်းချဉ်သီးထည့်ပြီး အဖုံးအုပ်ကာ ၃မိနစ်လောက် ထည့်တည်ပေးပါ။
  • မိုက်ခရိုဝေ့ မီးဖိုမရှိက ရိုးရိုးမီးဖိုမှာ ရေအနည်းငယ်ထည့် ခရမ်းချဉ်သီးထည့်ပြီး အခွံကွာလာတဲ့ထိ ပြုပ်ပေးပါ။
  • ခရမ်းချဉ်သီး အခွံကွာသွားပါက အခွံကိုခွာပြီး အသားကို ချေထားပါ။
  • ငရုတ်သီးစိမ်း အတောင့်ကြီးကြီး ၅တောင့်လောက်ကို လှော်ပြီး ထောင်းထားပါ။
  • ပုဇွန်ခြောက် အကောင်သေးပါက ထမင်းစားဇွန်း ၂ဇွန်းလောက်ကို မညက်တညက် ထောင်းထားပါ။
  • ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း တဇွန်းမောက်မောက်ကို ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ငပိရည်ပန်းကန်ထဲထည့်ကာ ရောဖျော်ပေးပါ။
  • အဖျော်မွှေးမွှေးလေးနှင့် အရသာရှိလှသော ငပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Monday 24 August 2015

ကြာဇံချက်


ဒီနေ့တော့ ကြက်သားကို ဆီသတ်ပြီး ကြာဇံချက်လေး ချက်စားဖြစ်ပါတယ် ထမင်းမစားချင်တဲ့ အခါမျိုးမှာ အခုလို ကြာဇံချက် ပူပူလေးချက်ပြီး သောက်ရတာကလဲ အရသာတွေ့စေတဲ့ အစာတစ်ခုပါဘဲနော်။

ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေချင်ပါတယ် အားလပ်တဲ့အချိန် မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆုံကြတဲ့ အခါတို့ အိမ်မှာအလှူအတန်း လုပ်တဲ့အခါတို့မှာ သိပ်ပြီးပင်ပင်ပန်းပန်း လုပ်စရာ မလိုဘဲ ချက်ထားတဲ့ နည်းလေးမို့လို့ ချက်ကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၄ယောက်စာအတွက်)

  1. ဂျုံကြာဇံ - 50 g
  2. ကြက်အရိုးအသား - 500 g 
  3. မှိုခြောက် - ၇ပွင့်
  4. ပန်းခြောက် - ၁၀ခု
  5. ပဲလိပ် - တစ်ချောင်း
  6. ကြက်သွန်နီ အသေး - ၁၀လုံး (ဟင်းရည်အိုးထဲထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ကြက်သားဆီသတ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းရည်ထဲခပ်ရန် )
  9. ကြက်သွန်နီ - အကြီး တစ်လုံး (ကြက်သားဆီသတ်ရန် )
  10. ငုံးဥ - ၁၀လုံး ( အခုချက်တဲ့အထဲ မထည့်ထားပါ )
  11. ငရုတ်ကောင်း - ၁၅စေ့ခန့်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်နှင့် ကြက်သားအရသာနယ်ထဲ ထည့်ရန်)
  13. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း( ကြက်သားအရသာနယ်ရန်နှင့် ဟင်းရည်ထဲထည့်ရန်)
  15. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြက်သားအရသာနယ်ရန်နှင့် ဟင်းရည်ထဲထည့်ရန် )
  16. ဆား - လိုသလောက် (ဟင်းရည်အရသာပြင်ရန်)
  17. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ကြက်သားဆီသတ်ရန်
  • မှိုခြောက် ဂျုံ ကြာဇံ ပန်းခြောက် ပဲလိပ်တို့ကို ဟင်းရည်မချက်ခင် သပ်သပ်စီခွဲပြီး ရေမြုပ်အောင်ထည့်ကာ ရေတစ်နာရီလောက် ကျိုပြီးစိမ်ထားပေးပါ
  • ရေစိမ်ထားတာ ပွလာပါက မှိုခြောက်များကို ကျောက်ခဲနှင့်သဲများ စင်သွားအောင် ဆေးထားပါ
  • ဂျုံ ကြာဇံကို အလယ်မှနေပြီး ပိုင်းထားပေးပါ
  • ပန်းခြောက်ကို ရေဆေးပြီး အထုံးလေးတွေ ထုံးထားပေးပါ
  • ပဲလိပ်ကို အနေတော်လေးတွေ ပိုင်းထားပေးပါ
  • ကြက်သားကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကို အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အိုးအဖုံးကို နည်းနည်းလေး ဟထားပြီး ကြက်သားမနူးတစ်နူး အနေအထားရလာအောင် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ကြက်သားကို ဆယ်ပြီးအအေးခံပေးကာ အသားထွင်ပြီး လက်တစ်လုံးစာ အနေတော် အတုံးလေးတွေ ထွင်ထားပါ
  • ကြက်ရိုးများကိုတော့ အချိုရည်ရအောင် ကြက်ပြုပ်ရည်အိုးထဲ ပြန်ထည့်ထားပါ
  • ကြက်သွန်နီ အနေတော် တစ်လုံး ကြက်သွန်ဖြူ  ၃မွှာ ချင်း လက်တစ်ဆစ်ခန့်ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း ၄ဇွန်းကို အပူပေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ငရုတ်သီး ထောင်းထားတာကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အသားထွင်ထားသော ကြက်သားပြုပ်ပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ကြက်သားအသား အနည်းငယ် မာလာတာနဲ့ ကြက်ရိုးပြုပ်အိုးထဲ ထည့်ပေးပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
  • ငရုတ်ကောင်းကို ဒယ်အိုးအသေးလေးထဲမှာထည့်ပြီး မွှေးသွားအောင် လှော်ပေးထားပါ
  • လှော်ထားတဲ့ ငရုတ်ကောင်းကို ကြက်သွန်ဖြူ ၃မွှာနှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ကြက်သားပြုပ်ရည် အိုးထဲကို ရေ တရုတ်ဟင်းပြင်ပန်းကန် ၃လုံးသာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေဆူလာတာနဲ့ ဆီသတ်ထားသော ကြက်သား ကြက်သွန်နီ အလုံးလိုက် မှိုခြောက် ပန်းခြောက် ပဲလိပ် ငံပြာရည် အရသာမှုန့်တို့ထည့်ကာ ကြက်သွန်နီ ဥလေးများ နူးအောင်တည်ပေးပါ
  • ကြက်သွန်နီ နူးပါက ဂျုံကြာဇံထည့်ပြီး ၂မိနစ်လောက် ပွက်ပွက်ဆူလာအောင် တည်ပေးပါ
  • ငုံးဥနှစ်သက်က ငုံးဥပြုပ်ကို အခွံခွာပြီးထည့်ပေးပါ
  • ရေပွက်ပွက် ဆူပြီးတာနဲ့ အရသာအတွက် ဆား အရသာမှုန့် ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်းထောင်းကိုခပ်ပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ပေးပါ
ကြာဇံချက်နှင့် တွဲပြီးစားရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ 
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီး တစ်လုံးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  •  အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးစိမ်းနှင့် ဆားတို့ထည့်ကာ သံပုရာရည်နှင့်နယ်ကာ အချဉ်တည်ထားပါ
  • ငရုတ်အလှော်မှုန့်ကို ပြင်ထားပါ 
  • သံပုရာသီး နှစ်လုံးကို အလုံးလိုက် ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငါးငံပြာရည်ကို ပန်းကန်လုံးလေးထဲထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မိမိနှစ်သက်ရာ ပန်းကန်လုံး တစ်လုံးထဲမှာ ကြာဇံချက် တစ်ပွဲစာ ထည့်ပေးပြီး အချဉ် အငံ အစပ် လိုသလို ပြု ပြင်ကာ သုံးဆောင်နိုင်ပါပြီ။

သာကူ မုန့်လုံးကြီး




















ဒီနေ့တော့ သာကူမုန့်ဖက်ထုတ် စားချင်တာနဲ့ ငှက်ပျောရွက် ရလိုရငှါး ဈေးသွားခဲ့ပေမဲ့ ရွှေထက်ရှားလွန်းတဲ့ ငှက်ပျောရွက်က ရမလာခဲ့ပါဘူး။

ဒီတော့လဲ ကိုင်း ဖြစ်ချင်ရာဖြစ်ပေါ့ ကြံဖန်ပြီး လုပ်ကြည့်အုံးမယ်ဆိုပြီး လုပ်ကြည့်လိုက်တာ အဆင်ပြေတာမှာ ၁၀၀% အလွန်ပါဘဲ။

နောက်ဆို ငှက်ပျောရွက် မရလဲ မုန့်ဖက်ထုတ်လေး စားချင်လာပြီဆိုရင် အလွယ်တကူ လုပ်စားလို့ရပြီမို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

မုန့်ဖက်ထုတ်လို့ အရသာတူလို့ခေါ်လိုက်ပေမဲ့ တကယ်တမ်းကျတော့ ဖက်နဲ့ပါတ်သက်တာ တခုမှမပါလို့ သာကူမုန့်လုံးကြီးလို့ဘဲ အလွယ်ပြောလိုက်ခြင်းသာပါ။

ပါဝင်ပစ္စည်းများ (၁၀ခုစာ)

  1. သာကူစေ့ - 250 g
  2. သကြား - 50 g
  3. အုန်းသီးမှုန့်အခြောက် - 200 g
  4. ရေ ထမင်းစားဇွန်း - ၃ဇွန်း
  5. ဆီ - ထမင်းစားဇွန်း တ၀က်
  6. သာကူပေါင်းရန် ပန်းကန်လုံးလေးများ - ဆယ်ခု
  7. ပေါင်းအိုးတစ်လုံး

ပြင်ဆင်ပုံ

  1. သာကူစေ့ကို ဇလုံထဲထည့်ပြီး ရေ၂ကြိမ် လှုပ်ပြီးဆေးကာ ရေစစ်ပြီး နာရီဝက်လောက် နှပ်ထားပါ
  2. အိုးတလုံးထဲကို ရေထည့်ပြီး သကြားကို ထမင်းစားဇွန်း တဇွန်းချန်ပြီးထည့်ကာ ၂မိနစ်လောက် မွှေပေးပါ
  3. ပြီးတာနဲ့ အုန်းသီးမှုန့်ကို ထည့်ပြီး ၄မိနစ်လောက် မွှေပေးပါ
  4. အုန်းသီးအရောင် နည်းနည်းတက်လာတာနဲ့ မီးပိတ်ပြီး အအေးခံထားပါ
  5. အုန်းသီးအေးတာနဲ့ ကွမ်းသီးဆံ အလုံးလောက် အလုံး၁၀လုံးရအောင် လုံးထားပါ
  6. အခုလုပ်တဲ့ အုန်းသီးအခြောက်မှုန့်က အချိုအရသာ ပါပြီးသားမို့ အုန်းသီးအစိုမှုန့်နဲ့ လုပ်မယ်ဆိုရင် သကြားနည်းနည်း ပိုထည့်ပေးပါ
  7. သာကူစေ့ နှပ်ထားတာ နပ်တာနဲ့ သာကူစေ့ထဲ သကြား ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပေးပါ 
  8. နယ်ပြီးတာနဲ့ လက်ငါးချောင်းထိပ်ဖျား ပါသလောက် လက်တညှစ်စာယူကာ ၁၀လုံးရအောင် လုံးထားပါ
  9. အားလုံးအဆင်သင့်ဖြစ်တာနဲ့ သာကူတလုံးခြင်းယူကာ လက်ဝါးတဖက်ပေါ်တင်ပြီး ကျန်လက်တဖက်ရဲ့ လက်လေးချောင်းနှင့် မုန့်လုံးကို ထိမ်းကာ လက်မနှင့် အလယ်ကိုဖိပြီး အလယ်မှာ ခွက်ကလေးရအောင်လုပ်ပေးပါ
  10. ခွက်ပုံစံလေး ရတာနဲ့အုန်းသီးဌါပနာကို ထည့်ပေးကာ သာကူဖတ်လေးများကို လက်မနှင့် လက်ညှိုးတို့က ထိမ်းပြီး အသာအယာ တွန်းကာ အုပ်ပေးပါ
  11. ဆယ်လုံးစလုံး အစာသွပ်ပြီးပါက ပေါင်းရန်ပြင်ပေးပါ
  12. ပေါင်းအိုးအောက်ခံအိုးကို ရေတ၀က်သာသာ ထည့်ပြီးဆူအောင် တည်ထားပါ
  13. ပေါင်းမည့်ပန်းကန်လုံးများကို ဆီသုတ်ပေးပြီး သာကူလုံး တလုံးစီ ထည့်ပေးပါ
  14. ပေါင်းအိုးအောက်ခံ ရေအိုးဆူလာတာနဲ့ သာကူလုံး ထည့်ထားသော ပန်းကန်များကို ပေါင်းဇကာထဲ စီပြီးထည့်ကာ အဖုံးအုပ်ပြီး ပေါင်းပေးပါ
  15. ၁၅မိနစ်လောက် ပေါင်းပြီးပါက သာကူသား ကြည်လာပြီဆိုရင် သာဂူမုန့်လုံးကြီလေးများး ရပါပြီ
  16. သာကူလုံး ပူနေတုန်းလေး စားပါက ပိုကောင်းပါတယ်
  17. သာကူလုံး အေးသွားမှ စားရင်တော့ သာကူက ပေါင်းထားတဲ့အတွက် မာသွားတတ်ပါတယ် ။

Friday 21 August 2015

ကြက်သားကြော် ကြွတ်ကြွတ်လေး


ဒီနေ့တော့ အရသာ တမူထူးခြားစေတဲ့ ကြက်သားပြုပ်ကြော်လေး ကြော်စားဖြစ်ပါတယ် ပြုပ်ကြော်လို့ဆိုပေမဲ့ ဘဲကင်အရသာလိုမျိုး ရပါတယ် အဲဒီလို အရသာရအောင်လဲ အရည်ခွံ မခွာထားတဲ့ ကြက်ပေါင်ရင်းသားလေးနဲ့ ကြော်မှ ရမှာဖြစ်ပါတယ် အရသာကိုတော့ မနက်ကြော်မယ်ဆို ညထဲက အရသာများနည်ကာ ရေခဲသေတ္တာထဲမှာ နှပ်ထားရပါတယ်။

ပါဝင်ပစ္စည်းများ

  • အရည်ခွံပါသော ကြက်ပေါင်ရင်းသား - ၃တုံး
  • နာနတ်ပွင့် - တပွင့်
  • ချင်း - ခပ်ပါးပါး ၂ပြား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေဆေးပြီး ကြက်သားမှုန့် နနွင်း ငရုတ်ကောင်းမှုန့် ချင်း သံပုရာရည်တို့နှင့် နယ်ထားပြီး ရေခဲသေတ္တာထဲမှာ တညလောက် ထားပေးပါ
  • ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အရသာနယ်ထားသော ပစ္စည်းများအကုန်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းလာပါက ကြက်သားတုံးများကိုဆယ်ကာ ကြော်ဖို့ပြင်ပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို ထည့်ကြော်ပေးပါ
  • တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့အသားအိအိ ကြက်ပြုပ်ကြော်လေးကို လိုသလို သုံးဆောင်နိုင်ပါပြီ

Thursday 20 August 2015

မန္တလေး ထိုးမုန့်



ဒီနေ့လုပ်စားဖြစ်တဲ့ မန္တလေး ထိုးမုန့်လေးပါ စားချင်လာပြီဆို ချက်ခြင်း ပြင်ဆင်ပြီး လုပ်တတ်တဲ့ စိတ်လေးက ကိုယ့်အတွက် ပါရမီဖြည့်ဖက်လေး ဖြစ်ခဲ့ရပါတယ်။

အရမ်းအရမ်းကို စားလို့ကောင်းလွန်းလို့ အားလပ်ရက်လေးမှာ လုပ်စားရလေအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - 200 g
  2. သကြားဖြူ - 50 g
  3. ဆီ - 50 g
  4. ထောပတ် - 200 g
  5. အုန်းနို့ - 200 ml 
  6. ရေ - 50 ml
  7. ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  8. မြေပဲလှော် - အစေ့ ၂၀ခန့်
  9. အုန်းသီးဖတ် -  2 cups
  10. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး  (အုန်းသီးဖတ့်ကြော်ရန်)

ပြင်ဆင်ပုံ
  • မြေပဲလှော်ပြီးသားကို အခွံချွတ်ထားကာ ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေနှင့်အုန်းနို့ကိုထည့်ပြီး ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
  • ပူလာတာနဲ့ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး သမသွားအောင် မွှေပေးပါ
  • နောက်ထပ် အိုးတလုံးထဲမှာ ဆီနှင့် ထောပတ်ကိုထည့်ပြီး ထောပတ်ပျော်သွားအောင် အပူပေးပါ 
  • ထောပတ် ပျော်လာတာနဲ့ ကောက်ညှင်းမှုန့်ကို အိုးထဲထည့်ပြီး မွှေပေးပါ
  • မွှေနေစဉ် အဆက်မပြတ် မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
  • လက်အားသန်သန်နှင့် ၁၀မိနစ်လောက်မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲကို ထည့်မွှေပေးပါ
  • မုန့်သားကြည်လာပြီး ဘိန်းစေ့နှင့် မြေပဲတို့ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
  • ထောပါတ်ဆီများ ပြန်ထွက်လာတာနဲ့ မုန့်ထည့်မည့် ဗန်းတခုထဲ ပြောင်းထည့်ကာ အအေးခံထားပေးပါ
အုန်းသီးကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးလိုက်ပါ 
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
  • အုန်းသီးဖတ်များ ကျွမ်းမသွားစေရန် ဆက်တိုက်မွှေပေးပါ
  • အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာ ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday 17 August 2015

လက်ပံခေါင်း ချဉ်ရည်ဟင်း



မအားတဲ့ကြားက ပြေးပြေးလွှားလွှားလေးနဲ့ လက်ပံခေါင်း ချဉ်ရည်ဟင်းလေး လာပို့ပါတယ် ချက်ရလွယ်သလောက် စားရတာကောင်းလွန်းလို့ ကြက်သားဝက်သားများနဲ့ မလဲနိုင်ပေါင်ရှင်ပေါ့နော်။

မာမာနေတဲ့မြို့လေးမှာ လမ်းဘေးအလှစိုက်ကြတဲ့ လက်ပံပင်လေးတွေက ကြွေကျနေတဲ့ အပွင့်လေးတွေကိုကောက်ပြီး နေလှန်းကာ ချက်ထားတာပါ အင်မတန်စားလို့ကောင်းတဲ့ လက်ပံခေါင်းဟင်းလေးမို့ ကြုံတဲ့အခါ ချက်စားဖို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. လက်ပံခေါင်းအခြောက် - ၁၀ခု
  2. ဂေါ်ရခါးသီး - အလုံးကြီးကြီး တခြမ်း ဗူးသီးနဲ့လဲ ချက်လို့ရပါတယ်
  3. ဂေါ်ဖီအကြမ်းဖတ် - ၂ရွက်
  4. ပန်းဂေါ်ဖီ - အခက်ကြီးကြီး ၃ခက်
  5. ပန်းဂေါ်ဖီအရိုး - ခပ်နုနု ၅ရိုး
  6. မုံလာဥနီ - ဥကြီးကြီး တစ်ပိုင်း
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  8. ပုဇွန်ထုတ် - ၅ကောင်
  9. မကျီးသီးမှည့် -  ကွမ်းသီးဆံ အလုံးလောက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ငရုတ်သီးမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  17. ကြက်သွန်နီ - အနေတော် တစ်ဥ
  18. ချင်း - အနည်းငယ်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လက်ပံခေါင်းအခြောက်ကို မချက်ခင် နာရီဝက်လောက် ရေစိမ်ထားပါ
  • မကျည်းသီးအမှည့်ကိုလဲ ရေစင်အောင်ဆေးပြီး ရေစိမ်ထားပါ
  • ငရုတ်သီးမှုန့်ကို ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ထောင်းထားပါ
  • ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းထဲမှ အမဲအိတ်နှင့်ကြောဘက်မှ အမဲကြောင်းတို့ကို ထုတ်ထားပါ
  • ဂေါ်ဖီ ဂေါ်ရခါးသီး မုံလာဥနီ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီအရိုး ခရမ်းချဉ်သီးတို့ကို ရေစင်အောင်ဆေးကာ သင့်သလိုလှီးပြီး လက်ပံခေါင်းများနှင့်အတူ ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်တို့ကို အိုးတလုံးထဲထည့်ပါ
  • ထိုအထဲသို့ ပုဇွန်နှင့် ငရုတ်သီးထောင်း ဆီတို့ထည့်ကာ နယ်ပေးပါ
  • နယ်ပြီးပါက ရည်အနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူပြီး အရွက်များ နူးလာပါက အဖုံးဖွင့်ပြီးမွှေကာ ရေလိုသလောက်ထဲ့ပြီး ဆူအောင်ထပ်တည်ပါ
  • ရေဆူလာပါက မကျီးရည်ထည့်ကာ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ ရေပွက်ပွက်ဆူလာရင် လက်ပံခေါင်း ချဉ်ရည်ဟင်းလေး ရပါပြီ။
လက်ပံပွင့်ကို ပွင့်ဖတ်များဖယ်ပြီး
ခြောက်သွားတဲ့အထိ နေလှန်းပေးပါ

နေပူပူမှာ ၃ရက်လောက် လှမ်းပေးရင် ရပါတယ်

ပါဝင်သောအသီးအရွက်များနှင့် ရောပြီး ချက်ပါမယ်

ငရုတ်သီးဆားထောင်း

တို့စရာ


Wednesday 12 August 2015

ပုဇွန်ဖက်ထုတ်ဆီချက်



Ready made အထုတ်ကို သုံးထားပါတယ်

ပုဇွန်အရသာ နယ်ပြီးပြင်ထားပါ

ဖက်ထုတ်အရွက်

ပုဇွန်ကိုထည့်ပြီး အနားများကို ရေစွတ်ပါ

အားလုံးခေါက်ပြီးပါပြီ

ဖက်ထုတ်ဆီချက် ရပါပြီ

ဒီနေ့တော့ ဖက်ထုတ်ဆီချက်လေး လုပ်စားဖြစ်လို့ ဘလော့က မိတ်ဆွေအတွက် လာပို့ပါတယ် အရင်တုန်းကလို ကြက်သားနဲ့အစာမလုပ်ဘဲ ပုဇွန်ထုတ်နဲ့လုပ်ထားပါတယ် အပြင်က ဖက်ထုတ်အရွက်ကိုတော့ ready made နဲ့ဘဲ လုပ်ထားပါတယ်။

ပုဇွန်ခြည်းသက်သက် စားရတာထက်စာရင် အရသာလေး တမျိုးပြောင်းစေတဲ့အတွက် စားရတာအရသာ တော်တော်ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 300 gကို အခွံခွာပြီး ခေါင်းဖြုတ် အမဲကြောင်း ထုတ်ကာ နုတ်နုတ်စင်းထားပါ
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နှမ်းဆီ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပြောင်းကော်မှုန့်- cornflour ထမင်းစားဇွန်း ၂ဇွန်းတို့ကို အားလုံးရောပြီး နယ်ထားပါ
  8. ကြက်သွန်မိတ် - အနည်းငယ်
  9. ဖက်ထုတ်အရွက် - အရွက် ၂၀

ဆီချက်ချက်ရန်
  • ဆီ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်ဖြူ - ၁၀မွှာကို မညက်တညက်ထောင်းပြီး ဆီချက်ချက်ထားပါ
ဖက်ထုတ်ထုပ်ရန်
  • ပထမဆုံး ဖက်ထုတ်ရွက်ကိုခင်းပြီး အရသာနယ်ထားသော ပုဇွန်ကို လက်ဖက်ရည်ဇွန်းနှင့် တဇွန်းစာထည့်ပေးပါ
  • ဒုတိယအဆင့် အနားများကို ရေသုပ်ပေးပြီး တ၀က်ချိုးခေါက်ချကာ အနားများကို ဖိပြီး ကပ်ပေးပါ
  • တတိယအဆင့် အနား၂ဖက်ကို ရေစွတ်ပြီး ကွေးကွေးလေးယူကာ ဖိပြီး ဆက်ပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်ရွက် ကုန်အောင် ထုပ်ပေးပါ
ဖက်ထုတ်ပြုပ်ရန်
  • ရေပွက်ပွက်ဆူနေသော အိုးထဲသို့ ဖက်ထုပ်အထုပ်လေးများထည့်ပြီး ၅မိနစ်ကေ့်ျကျော်လောက် ပြုပ်ပေးပြီး ဆယ်ထားပေးပါ
  • ပူနေတုန်း ပန်းကန်တလုံးထဲထည့်ပြီး စားပွဲပြင်ကာ လိုအပ်သည်များ ထည့်ပေးပါ
စားပွဲပြင်ရန်
  • ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်
  • ပဲငံပြာရည်အကြည် ထမင်းစားဇွန်း တ၀က်
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပြုပ်ထားသော ဖက်ထုတ်၁၀ခု
  • ဆီချက် ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်မိတ် အနည်းငယ်တို့ထည့်မွှေပေးပြီးပါက ဖက်ထုပ်ဆီချက် မွှေးမွှေးလေးရပါပြီ။