Friday 26 May 2023

မုန့်ညှင်းချဉ် ဝက်သား

 


မုန့်ညှင်းချဉ်လေးတွေ လုပ်ထားတာ ရနေပြီမို့လို့ ဒီနေ့တော့ ဝက်သားနဲ့ အအီပြေလေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းချဉ် - ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ဝက်သားသုံးထပ်သား - မိမိနှစ်သက်သလောက် ထည့်ပါ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - ခပ်ပါး တစ်ပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • မုန့်ညှင်းချဉ်ကို မိမိနှစ်သက်တဲ့ အနေအထားလေးတွေ ပိုင်းဖြတ်ထားပါ
  • ဝက်သားကို ရေဆေးပြီး လက်နှစ်လုံးလောက်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ သင့်တော်သလိုလေးဆွေ လှီးထားပါ 
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ဝက်သားပို ထည့်ကြော်ပေးပါ
  • ဝက်သား အသားမာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဝက်သားအိုးထဲမှာ ရေခမ်းလာတာနဲ့  ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနဲ့ ငရုတ်သီး အရောင်တင်မှုန့် တို့ကို ထည့်မွှေပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းလာတာနဲ့ မုန့်ညှင်းချဉ်များကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အရသာမှုန့် ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ဝက်သားမုန့်ညှင်းချဉ်ကြော်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 19 May 2023

ပဲသီးကြော်

 


ဒီနေ့တော့ ပဲသီးလေးတွေ ဝယ်လာပြီး ပုဇွန်ခြောက်နဲ့ ကြော်ထားပါတယ် အခုကြော်တဲ့ ပဲသီးလေးတွေက အတောင့်ကြီးတဲ့ အတွက် ခပ်ပါးပါးလေးတွေ လှီးပြီးကြော်မှ စားလို့ကောင်းပါတယ်။

ဒီပဲသီးကြော်လေးကလဲ ထမင်းမြိန်ရာ အရန်ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းအလွယ်လေးကို မျှေဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲသီး - နှစ်ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - လေးမွှာ
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ပုဇွန်ခြောက် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပဲသီးကို ရေဆေးပြီး အကြောသင်ကာ ခပ်စောင်းစောင်း မထူမပါးလေးတွေ လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးပြီး ရေနာရီဝက်ခန့် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့  ပဲသီးများကို ထည့်ကြော်ပါ
  • ပဲသီးများ ထည့်ပြီးတာနဲ့ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးပါ
  • ပဲသီးများ အနည်းငယ် နွမ်းလာတာနဲ့ ပုဇွန်ခြောက်ကို ရေစစ်ကာ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။ 

Sunday 7 May 2023

ကြက်သား အချိုနှပ်


 ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ကြက်သား အချိုနှပ်လေး ချက်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 500 g (ကြက်ပေါင်တွဲရက်အသားကို သုံးပါ)
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ
  3. ကြက်သွန်နီ - အလုံးခပ်သေးသေး ခွန်နှစ်လုံးခန့်
  4. ချင်း - ခပ်ပါးပါး နှစ်ပြား
  5. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခန့် (ဆီထဲထည့်ကြော်ရန်)
  10. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားနှင့်နယ်ရန်)
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အိုးထဲမှာ ထည့်ထားပါ
  • ပြီးတာနဲ့ ကြက်သား နနွင်းမှုန့် ဆား သကြား ငရုတ်ကောင်းမှုန့် အရသာမှုန့်နှင့် ပဲငံပြာရည်ဆို့ ထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ အလုံးသေးတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်နီ အလုံးကြီးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  • အားလုံးအဆင်သင့် ရပြီဆိုတာနဲ့ ဟင်းချက်ဖို့ ပြင်ပါမယ်
  • အိုးထဲမွာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး သကြားကို ထည့်ကြော်ပေးပါ
  • သကြားထည့်ပြီးတာနဲ့ သကြားပျော်သွားအောင် မွှေပေးပါ
  • သကြားကို နီရောင်သန်းသလောက်ဘဲ ကြော်ပေးပါ
  • သကြားနီရောင်လေး သန်းလာတာနဲ့ အရသာ နယ်ထားတဲ့ ကြက်သားကို ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးကို လှုပ်လှုပ်ပေးပြီး ငါးမိနစ်လောက် အိုးမကပ်အောင် လှုပ်ပေးပါ
  • ကြက်သားတုံးလေးတွေ ရဲလာပြီ ဆိုတာနဲ့ ကြက်သားတုံးများကို အထက်အောက် သမအောင် မွှေပေးပါ
  • ကြက်သားတုံးလေး အရောင်လှလာတာနဲ့ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ထည့်ထားတဲ့ရေ ခမ်းလာတာနဲ့ ချင်း ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ကြက်သွန်နီ အဖတ်လေးများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အသားနူးတဲ့ အထိ မီးအနေတော်နှင့် တည်ပေးပါ
  • ရေမခမ်းခင် အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ရေမခမ်းခင် အရသာ အနေတော် ရပြီဆိုတာနဲ့  ကြက်သားအချိုနှပ်ဟင်းလေးကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။