Monday 31 May 2021

မုံလာဥဖြူ ချဉ်ရည်ဟင်း




ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်ထားပြီး မစားဖြစ်သေးတဲ့ မုန့်လာဥဖြူနဲ့  ရုံးပတေသီးလေးတွေရယ်ကိုရောပြီး ချဉ်ရည်ဟင်း ဟင်းဝါလေး တစ်မယ် ချက်ပါတယ်။

ဟင်းဝါလေးလို့ ပြောရတာကတော့ ဟင်းချက်တဲ့အခါမှာ ငရုတ်သီး မထည့်ဘဲ နနွင်းမှုန့် အရောင်ကိုဘဲ သုံးပြီးချက်ထားတဲ့အတွက် ဟင်းဝါလေးလို့ ပြောခြင်းဖြစ်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့ကောင်းလို့ ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥဖြူ - ခပ်ကြီးပြီး တစ်ဥ (450 g)
  2. ရုံးပတေသီး - ဆယ်တောင့်
  3. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပုဇွန်အကောင်သေး - 150 g

ပြင်ဆင်ပုံ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပုဇွန်ကို ရေဆေးပြီး မလိုတာတွေဖယ်ပြီး အခွံခြွတ်ထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး အမြှီးနှင့် ထိပ်ဖက်တို့ကိုဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ပုဇွန်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရုံးပတေသီးနှင့် ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥဖြူ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Friday 21 May 2021

ငှက်ပျောသီး ပြောင်းဖူး သာကူကျို



ဒီနေ့တော့ ဆီးချိုဝေဒနာသည်တွေ စားလို့ရအောင် ပြင်ဆင်ထားတဲ့ almond milk နဲ့ ကျိုထားတဲ့ သာကူလေး ကျိုထားပါတယ် စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေး ဖြစ်ပါတယ်။ 

အခု ပြင်ဆင်ထားတဲ့ အချိုးအစားက တစ်နေ့တာ စားလို့ရအောင် တွက်ချက်ပြီး ပြင်ဆင်ထားတဲ့ အချိုးအစား ဖြစ်ပါတယ် ဘာဘဲစားစား တန်ဆေး လွန်ဘေး မဖြစ်ရလေအောင် ဒါကိုဘဲ စားမယ်ဆိုရင်တော့ ပုံမှန်စားနေကျ တခြားစားစရာတွေကို တတ်နိူင်သလောက် အနည်းငယ်စီတော့ လျှော့ပြီးစားရပါမယ်။

အခုမာမာပြင်ထားတဲ့ပုံက ပုံလှအောင် များများထည့်ပြီး ပြင်ထားတာပါ တစ်ကယ်တမ်း စားမယ်ဆိုရင်တော့ စားရမဲ့ အချိုးအစားလေးတွေ ရေးပေးထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် တွက်ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. သာကူစေ့ - 1/3 cup
  2. Almond milk - 8 cups (unsweetened almond milk )
  3. ထန်းလျှက်ခဲအမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  4. ငှက်ပျောသီးအမှည့်  - နှစ်လုံး
  5. ပြောင်းဖူးစေ့ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  6. Low - sodium salt - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နှမ်းလှော် - အနည်းငယ်

သာကူစေ့ပြုပ်ရန်

  • ငှက်ပျောသီးကို အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ (သို့မဟုတ်) အလုံးလိုက် အခွံခွာထားပါ
  • ပြောင်းဖူးစေ့နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အရောင်ဖျော့သော ထန်းလျှက်ခဲကို ဓါးနှင့် ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ almond milk ကို ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ ကို
  • ပွက်ပွက်ဆူလာပါက နို့အိုးဆူဆူထဲကို သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  • သာကူစေ့များ အနည်းငယ် ပွလာတာနဲ့ ထန်းလျှက်ခဲကို ထည့်မွှေပေးပါ
  • သာကူစေ့များ ခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
  • မိမိတို့သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တစ်ခုနှင့်တစ်ခု မတူနိူင်ပါ
  • ကျိုနေသော သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ပြောင်းဖူးစေ့ကို အရင်ထည့်မွှေပေးပါ
  •  ပြောင်းဖူးစေ့လေးတွေ ကျက်တာနဲ့ လှီးထားသော ငှက်ပျောသီးကို ထည့်မွှေပေးပြီး မီးပိတ်ကာ မီးဖိုပေါ်က ဖယ်ပေးပါ
  • ယခုကျိုထားသော အချိုးအစားသည် ၁၆ခါ စားစာ ဖြစ်ပြီး တစ်နေ့ကို နှစ်ကြိမ်လောက် စားလို့ရပါတယ်
  • မုန့်ပွဲပြင်တဲ့အခါ တစ်ခါစားစာ မုန့်လုပ်ရာတွင် ချက်တွယ်သောခွက် တစ်ဝက်စာ ထည့်ပြီး အပေါ်မှ နှမ်းလှော် အနည်းငယ်ထည့်ပြီး သုံးဆောင်နိူင်ပါပြီ။
ပါဝင်သော အဟာရဓါတ်များ
  1. Calories - 60
  2. Calories from fat - 20
  3. Total fat - 2.0 g
  4. Saturated fat - 0.2 g
  5. Trans fat - 0.0 g
  6. Cholesterol - 0 mg
  7. Sodium - 115 mg
  8. Potassium - 225 12mg
  9. Total Carbohydrate - 12 g
  10. Diretary Fiber - 1 g
  11. Sugar - 5 g
  12. Protein - 1 g

Thursday 20 May 2021

Miso Soup

 



ဒီနေ့တော့ ဆီးချိုဝေဒနာရှင်တို့ သောက်လို့ရမဲ့ ဟင်းချိုတစ်မယ် ချက်ပါတယ် ပါဝင်ပစ္စည်းလေးတွေကိုလဲ ရှာပြီးဝယ်လို့ ရမယ်ထင်တဲ့အတွက် ကယ်လိီုရီအတွက် ပါဝင်ပစ္စည်းလေးတွေကို တွက်ချက်ပြီး ချက်ထားတဲ့ ဟင်းချိုချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရေသန့် - ငါးလီတာခွဲခန့်
  2. ရေညှိပြား - ခြောက်လက်မခန့်
  3. White Miso - 1/4 cup
  4. Sake - 1/2 cup (ဂျပန်အရက်)
  5. Dired wakme seaweed - 1/3 cup
  6. Silken Tofu - အတုံးကြီးကြီး တစ်တုံး
  7. ကြက်သွန်မိတ် - နှစ်ပင်
  8. ချင်းတက် - လက်တစ်ဆစ်ခန့်
  9. ပင်အပ်မှို - အနည်းငယ်
ပြင်ဆင်ပုံ
  • Dired wakme seaweek ကို ရေမြုပ်အောင်ထည့်ပြီး စိမ်ထားပါ
  • ရေစိမ်ထားတာ နူးလာတာနဲ့ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • တို့ဟူးကို မိမိစိတ်ကြိုက် အနေတော်လေးတွေ တုံးပေးထားပါ
  • ကြက်သွန်မိတ်ကို ရေစင်အောင်ဆေးပြီး အနေတေ ာ်လေးတွေ လှီးပေးထားပါ
  • အပ်မှိုကို မလိုတာတွေ ဖယ်ပေးပြီး ရေဆေးကာ အနေတော်လေးတွေ ဖဲ့ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ miso & sake ကိုထည့်ပြီး ဆယ့်ငါးမိနစ်ခန့် တည်ပေးပါ
  • ပြီးတာနဲ့ ရေစိမ်ပြီး လှီးထားသော wakme နှင့် တို့ဟူးတို့ကို ထည့်ပြီး တစ်မိနစ်လောက်ဘဲ တည်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ပင်အပ်မှို ချင်း ရေစိမ်ထားသော ရေညှိတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ အပေါ်မှ ဟင်းရည်ကို လောင်းထည့်ကာ ကြက်သွန်မိတ် ထည့်ပေးပြီး သောက်သုံးနိူင်ပါပြီ။

Wednesday 19 May 2021

ကြက်သားလုံး ဟင်းချို



ဒီနေ့တော့ ချမ်းလိုက်တာလဲ ခိုက်ခိုက်တုန်နေပြီး မာမာတို့နေတဲ့ မြို့လေးမှာ ရေတွေ ခဲလို့ နေပါတယ် ဒီတော့လဲ အချမ်းပြေဖို့အတွက် အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန့်ညှင်းဖြူ ဂေါ်ဖီနဲ့ ပဲတောင့်ရှည်လေးတွေကို ကြက်သားလုံး  လေးတွေနဲ့ ဟင်းချိုရည်လေး ချက်ဖြစ်ပါတယ်။

 ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း ဟင်းချိုတစ်မယ်အတွက် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင် ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းဖြူထုတ် - တစ်စိတ်
  2. ပဲတောင့်ရှည် - ငါးတောင့်
  3. ဂေါ်ဖီ - တစ်စိတ်
  4. ကြက်သားလုံး - ဆယ်လုံးခန့်
  5. ဆား - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ကြက်ပြုပ်ရည် - 3 cups
ပြင်ဆင်ပုံ
  • မုန့်ညှင်းဖြူ ဂေါ်ဖီနှင့် ပဲတောင့်ရှည်တို့ကို ရေလေးခါလောက် ဆေးပေးကာ ရေစစ်ထားပါ 
  • ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်ပြုပ်ရည်နှင့် ကြက်သားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ကြက်ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့်  အသီးအရွက်တို့ကို ထည့်ပေးပြီး ပဲသီးကို ခပ်စိမ်းစိမ်း ရလာအောင် အဖုံးမအုပ်ဘဲ ဆက်တည်ပေးပါ
  • ဟင်းရေ ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 17 May 2021

ကြက်သွန်ဖြူ ငရုတ်သီးကြော်




ဒီနေ့တော့ ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်လွန်းတဲ့ ငရုတ်သီးကြော်လေး ကြော်ပါတယ် ကြော်ရတာ လွယ်သလောက် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်သွန်ဖြူ - အမွှာခပ်ကြီးကြီး နှစ်ဆယ်ခန့်
  2. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  3. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူ အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက မီးကိုအနည်းငယ် လျှော့ပေးပြီးမှ နနွင်းမှုန့်ထည့်ကာ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်များ ရွှေဝါရောင်လေး သန်းလာတာနဲ့ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
  • ငရုတ်သီးနံ့လေး မွှေးလာပါက ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။ 
  • ကြက်သွန်ဖြူနှင့် ငရုတ်သီးကြော်များ ကြွတ်ရွလာတာနဲ့ မီးပိတ်ပြီး အကြော်များကို ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ကြက်သွန်ဖြူ ငရုတ်သီးကြော် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ ချဉ်ရည်ဟင်း တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Saturday 15 May 2021

ကြက်ပေါင်ကြော်

 

ဒီနေ့တော့ ကြက်ပေါင်သားလေးတွေကို မွှေးပြီးကြွတ်နေအောင် ကြော်ထားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင် - ခပ်ကြီးကြီး သုံးခု
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာခန့်
  6. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစသ်သွားတာနဲ့ ကြက်ပေါင်ကို အရှည်လိုက် လှီးချပြီး အရိုးကို ထုတ်ပေးပါ
  • အရိုးထုတ်ပြီးတာနဲ့ ပြန့်ပြန့်လေး ဖြန့်လိုက်ပြီး ဓါးပြားနဲ့ သုံးလေးချက်လောက် ထုပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ဆုံထဲမှာ မညက်တစ်ညက်လေး ထောင်းထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ဆီတစ်ဝက်နီးပါးလောက် ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို အပြားလိုက် ထည့်ကြော်ပါ
  • ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် အရသာမှုန့် နှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
  • ကြက်သားကြော် ကြွတ်လာပြီ ဆိုတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေမွှေပေးပါ
  • ကြက်သွန်ကြော်မျာ ဝါရောင်ရောင်လေး သန်းလာတာနဲ့ ကြက်သားနှင့် ကြက်သွန်ကြော်များကို ဆယ်ပြီး ဆီစစ်ပေးပါ
  • ကြက်သွန်ဖြူကြော်က အကျက်လွန်ပြီး ညိုရောင်သန်းသွားပါက ခါးသွားတတ်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကြက်သားကြော် မွှေးမွှေးကြွတ်ကြွတ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 14 May 2021

မုံလာဥနီ မျှစ်ချဉ်ရည်ဟင်း


အခုရက်ထဲ ဆောင်းရာသီကြီးမှာ မိုးကနှစ်ပါတ်ဆက်တိုက် ရွာနေတော့ အပြင်မထွက်တော့ဘဲ အရင်တစ်ပါတ်က ဝယ်ထားတဲ့ မုန့်ညှင်းစိမ်းလေးတွေရယ် မျှစ်လေးတွေရယ်ကို ရောကာ ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ်။


မျှစ်ဆိုရင် ဘာမျှစ်ဘဲ ဖြစ့်ဖြစ် အရမ်းကြိုက်လွန်းလို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန်လာဥနီ - အပင်နှစ်ဆယ်ခန့်
  2. ပုဇွန်ငဆုတ် - ကြော်ပြီးသား ဆယ်ခု
  3. ခရမ်းချဉ်သီး - အလုံးကြီးပြီး သုံးလုံး
  4. ဝါးဘိုးမျှစ်နုပြုပ်ပြီးသား - ငါးပင်ခန့်
  5. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ချင်း - လက်တဆစ်ခန့်
  9. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုန်လာပင်များကို တစ်ပင်ချင်း ထက်ဝက်ပိုင်းဖြတ်ပြီး ရေစင်အောင် ဆေးပေးပါ
  • မုံလာဥလေးများကို ရေစင်အောင် ဆေးပေးပြီး ထက်ခြမ်းလေးတွေ ခြမ်းထားပါ
  • ဝါးဘိုးမျှစ်နု ပြုပ်ပြီးသားကို ရေဆေးပြီး  အရှည်လိုက်လေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • ကြော်ပြီးသား ပုဇွန်ငဆုတ်ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ 
  • ဇောက်နက်သော အိုးထဲမွာ မုံလာရွက် မုံလာဥ  မျှစ်များ ခရမ်းချဉ်သီး နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အရင်ဆုံး လုံးထားသော အရည်ကို ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ပုဇွန်ငဆုတ်ကြော်ကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်း​မြိန်စေတဲ့ မုံလာဥနီ မျှစ် တို့နဲ့ အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငါးပိရည် တို့စရာတို့နဲ့ တွဲဖက်ပြီး  စားသုံးနိူင်ပါပြီ။

Wednesday 5 May 2021

Air Fryer နဲ့ကင်တဲ့ မဲသားကင်


 







ဒီနေ့တော့ အသီးအရွက်တွေနဲ့ ရောပြီး salad လုပ်ရလေအောင် အမဲသား ကင်ပါတယ် အရင်တုန်းကလို အကင်အိုးနဲ့ မကင်ဘဲ air fryer အိုးနဲ့ ကင်ဖြစ်တဲ့အတွက် အိမ်ထဲမှာ ဆီညှော်နံ့တွေလဲ ကင်းသလို မီးဖိုခန်းလေးလဲ သန့်သန့်ပျံ့ပျံ့ သုံးလို့ရသွားပါတယ် နောက်တစ်ခုက အသားထဲက အဆီတွေ အကုန်နီးပါး ထွက်ကုန်တဲ့အတွက် ကျန်းမာရေးနဲ့လဲ ပိုပြီးတော့ ညီလိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့်မို့လို့ air fryer အိုးနဲ့ မာမာကင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး အသားကို ကင်တဲ့အချိန် မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. အမဲသား - နှစ်တုံး (500 g)
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  4. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ

  • အမဲသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော အမဲသားကို ချင်းမှုန့် ကြက်သွန်ဖြူမှုန့် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အမဲသား ကင်အရန်သားအတွက် အမဲသားကို air fryer အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ 160*c နှင့် ပထမတစ်ကြိမ် ၁၅မိနစ် ထည့်ပေးပါ
  • ၁၅မိနစ်ပြည့်တာနဲ့ အမဲသားကို နောက်တစ်ဖက်ကို လှန်ပေးကာ ၁၅မိနစ် ထပ်ထည့်ပေးပါ
  • ကင်ချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလို စားသုံးရန် အမဲသားကင် မွှေးမွှေးလေး ရပါပြီ။

Monday 3 May 2021

ငရုတ်သီးစိမ်း ငါးပိရည်ဖျော်




မာမာတို့နေတဲ့ NSW ပြည်နယ်ထဲက တောင်ပေါ်မြို့လေးမှာ ကျန်ခဲ့တဲ့ လေးငါးပါတ်လောက်ကစပြီး ဆောင်းရာသီ ဝင်ပြီသွားပါပြီ အစထဲက ယဉ်သကိုး ဆိုသလိုပါဘဲ ဆောင်းစပြီး ဝင်တာနဲ့ အေးချက်က 8ဒီဂရီတွေဘာတွေ ဖြစ်နေတော့ ရာသီဥတု အေးစိမ့်စိမ့်လေးကို စပြီးရင်ဆိုင်ရပါတော့မယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီး အစိမ်းရောင်လေး တွေကိုသုံးပြီး ငါးပိရည် စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ်။

 ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံ ဖျော်စပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေထွင်ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံအခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်များကိုလဲ ရေဆေးကာ ဒယ်အိုးထဲမှာ ရေမြုပ်ရုံလေး ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ အခွံများ ခွာထားပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ပြီးတာနဲ့ ကျိုပြီးအရိုးစစ်ထားသော ငါးပိရည် ပန်းကန်ထဲသို့ အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ထောင်းထာသော ပုဇွန်ထုတ် ငါးပိရည်ဖျော်ကို ထည့်ဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Sunday 2 May 2021

ပြည်ကြီးငါးကြော်


 ပြည်ကြီးငါးကြော်လေး ကြော်စားမိတော့ အန်တီရယ် သမီးတို့ကို လုပ်နည်းလေး ပြောပါလားဆိုပြီး လာလာပြောကြတယ် ဒီတော့လဲ မနေနိူင်ပြန်ပါဘူး မအားတဲ့ကြားကနေ ရေးပေးရပြန်ပါတယ်။

အကောင်လိုက်မို့ ကိုင်ရဆေးရတာ နဲနဲလေးတော့ လက်၀င်ပါတယ် အကိုင်အတွယ်မတတ်လို့ ဗိုက်ထဲက မဲနယ်အိတ်လေးပေါက်သွားရင် ဆေးလို့ကို မပြီးနိုင်တော့ပါဘူး ဒါကြောင့်မို့ မဲနယ်အိတ်ကို အရင်ထုတ်ပြီးမှ ကျန်တဲ့မလိုတာတွေကို ဖယ်တာအကောင်းဆုံးပါ။

အားလုံးသန့်စင်ပြီဆိုရင်တော့ လိုအပ်တာတွေကို ပြင်ဆင်ပြီး ကြော်ဖို့နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

  1. ပြည်ကြီးငါး အကောင်ကြီးကြီး - နှစ်ကောင်
  2. BREAD CRUMBS. - ကပ်နိူင်သလောက် ကပ်ပေးပါ
  3. ကြက်ဥ - တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ  - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီး အ၀တ်စသန့်သန့် သို့မဟုတ် paper towel နှင့်သုတ်ကာ အခြောက်ခံပေးပါ
  • ရေခြောက်သွားပါက အနေတော် အကွင်းလိုက်လှီးပေးပါ
  • လှီးထားသော ပြည်ကြီးငါး အကွင်းလေးများကို ဆား ငရုတ်ကောင်း အချိုမှုန့်တို့နဲ့ နယ်ပေးပါ
  • ကြက်ဥကို ပန်းကန်လုံး တစ်လုံးထဲထည့်ပြီး ခလောက်ထားပါ
  • BREAD CRUMBS အမှုန့်ကို ပန်းကန်ပြားထဲ ထည့်ထားပါ
  • ပြည်ကြီးငါးကို ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပြီး တစ်ကွင်းခြင်းမှာ ကပ်အောင်လူးပေးပါ
  • ပြီးတာနဲ့ bread crumbsအမှုန့်မှာ ခပ်ထူထူလေး လူးပေးပါ
  • အားလုံးကို bread crumb အမှုန့်နှင့် ကပ်လူးပြီးပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုပူအောင်တည်ပေးပါ
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ ပြည်ကြီးငါး အကွင်းလေးတွေကို တစ်ကွင်းခြင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပြည်ကြီးငါး အကွင်းလေးများ တစ်ဖက်က ရွှေဝါရောင်သန်းလာပါ နောက်တစ်ဖက်ကို လှန်ပေးပါ
  •  နှစ်ဖက်စလုံး ရွှေဝါရောင် သန်းလာပါက ချက်ချင်းဆယ်ပြီး ဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးကာ ဆီစစ်တာနဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Saturday 1 May 2021

မုံလာဥ ကင်မ်ချီ







မာမာတို့ နေတဲ့မြို့လေးမှာ ရာသီဥတုက အရမ်း အေးလာပါပြီ ရာသီဥတု အေးတဲ့အခါ ဘာစားစား အစာက မကျေသလို ထင်ရပြီး အစားအသောက်လဲ ပျက်ချင်သလို ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အရင်ရက်တွေက လုပ်ထားတဲ့ ခံတွင်းလိုက်ပြီး ချိုချဉ်အရသာ ပါဝင်မဲ့ မုံလာဥကင်မ်ချီ လုပ်ထားတာ ရပါပြီ။

ကင်မ်ချီ လုပ်နည်းတွေက ယူကျူ့မှာ အများကြီး ရှိပေမဲ့ ကိုယ့်ပါးစပ်နဲ့ ခံတွင်းတည့်နိုင်မဲ့ လုပ်နည်းလေးကို သူတို့ဆီက အခြေခံယူပြီး လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန်လာဥဖြူ - 500 g
  2. ကြက်သွန်မိတ် - ငါးပင်
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  6. ချင်းတက် - တစ်လက်မခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥကို အခွံခွာပြီး ရေဆေးထားပါ
  • ရေဆေးထားသော မုန်လာဥကို လေးထောင့်အတုံးလေး ရလာအောင် လှီးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ကာ ခပ်နတြ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အနေလေးတွေ လှီးထားပါ
  • ဇလုံကျယ်ကျယ် တစ်ခုထဲမှာ လှီးထားသော မုန်လာဥ  ကြက်သွန်မိတ် ချင်း ကြက်သွန်ဖြူ ဆား သကြားနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့  လေလုံလုံ ဗူးထဲမှာ ဖိသိပ်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ကာ အခန်းအပူချိန်အတိုင်း နှစ်ရက်မှ သုံးရက်အတွင်း ထားပေးပါ
  • သုံးရက်လောက်ဆိုရင် ကောင်းကောင်း ချဉ်လာပြီဖြစ်လို့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ပြီး ထားပါက လနှင့်ချီပြီး ထားစားလို့ ရပါတယ်
  • ထမင်းကြော် ခေါက်ဆွဲကြော်များ ထမင်းတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးလို့ ရသလို ကင်မ်ချီ ဟင်းချိုချက်ရာတွင်လဲ အသုံးပြုလို့ ရပါတယ်။