Friday 14 May 2021

မုံလာဥနီ မျှစ်ချဉ်ရည်ဟင်း


အခုရက်ထဲ ဆောင်းရာသီကြီးမှာ မိုးကနှစ်ပါတ်ဆက်တိုက် ရွာနေတော့ အပြင်မထွက်တော့ဘဲ အရင်တစ်ပါတ်က ဝယ်ထားတဲ့ မုန့်ညှင်းစိမ်းလေးတွေရယ် မျှစ်လေးတွေရယ်ကို ရောကာ ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ်။


မျှစ်ဆိုရင် ဘာမျှစ်ဘဲ ဖြစ့်ဖြစ် အရမ်းကြိုက်လွန်းလို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန်လာဥနီ - အပင်နှစ်ဆယ်ခန့်
  2. ပုဇွန်ငဆုတ် - ကြော်ပြီးသား ဆယ်ခု
  3. ခရမ်းချဉ်သီး - အလုံးကြီးပြီး သုံးလုံး
  4. ဝါးဘိုးမျှစ်နုပြုပ်ပြီးသား - ငါးပင်ခန့်
  5. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ချင်း - လက်တဆစ်ခန့်
  9. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုန်လာပင်များကို တစ်ပင်ချင်း ထက်ဝက်ပိုင်းဖြတ်ပြီး ရေစင်အောင် ဆေးပေးပါ
  • မုံလာဥလေးများကို ရေစင်အောင် ဆေးပေးပြီး ထက်ခြမ်းလေးတွေ ခြမ်းထားပါ
  • ဝါးဘိုးမျှစ်နု ပြုပ်ပြီးသားကို ရေဆေးပြီး  အရှည်လိုက်လေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • ကြော်ပြီးသား ပုဇွန်ငဆုတ်ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ 
  • ဇောက်နက်သော အိုးထဲမွာ မုံလာရွက် မုံလာဥ  မျှစ်များ ခရမ်းချဉ်သီး နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အရင်ဆုံး လုံးထားသော အရည်ကို ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ပုဇွန်ငဆုတ်ကြော်ကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်း​မြိန်စေတဲ့ မုံလာဥနီ မျှစ် တို့နဲ့ အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငါးပိရည် တို့စရာတို့နဲ့ တွဲဖက်ပြီး  စားသုံးနိူင်ပါပြီ။

No comments:

Post a Comment