Wednesday, 3 December 2014

ပုဇွန် ငရုတ်သီးစိမ်း


ဒီနေ့ချက်ဖြစ်တဲ့ပုဇွန်အစပ်ဟင်းလေးပါ သားအမိ၃ယောက် အကြိုက်တူတဲ့ ဟင်းအမယ်လေးမို့ မကြာမကြာလဲ ချက်စားဖြစ်ကြပါတယ် ပုဇွန်ထုတ်ကို ခေါင်းပါထဲ့ချက်တဲ့အတွက် ပုဇွန်ဆီကြောင့် အရောင်လဲလှသလို အကောင်ကြီးတဲ့အတွက် အချိုလဲ ပိုပြီးလေးပင်ပါတယ်။

ရှူးရှူးရှဲရှဲနဲ့စပ်လှပေမဲ့ အစပ်ကြိုက်တဲ့ သူတွေအတွက်တော့ ပျားသကာကို စားရသလိုဘဲပေါ့နော် မာမာ့အမေရှိစဉ်က ခနခနချက်တဲ့ဟင်းမို့ ဒီလိုဟင်းမျိုး ချက်တိုင်းအမေ့ကို ပိုပြီးသတိရစေတာတော့ အမှန်ပါ။

လိုအပ်တာလေးပြောပါမယ်

  • ပုဇွန်ထုတ် - အကောင်ကြီးကြီး ၁၀ကောင်
  • ငရုတ်သီးစိမ်း - အတောင့် ၄၀နီးပါး
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ဟင်းချက်ရန်ပြင်ပါမယ်
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံများလွာလိုက်ပါ
  • ပုဇွန်ခေါင်းကို အသာအရခွာပြီး ခေါင်းထဲမှ အစာအိတ်နှင့်သွားတို့ကို ဖယ်ပေးပါ
  • ပုဇွန်ကြောကိုခွဲကာ အမဲကြောင်း ထုတ်ပေးပါ
  • ပုဇွန်ထုတ်ကို အနေတော် အတုံးလေးများ တုံးပေးထားပါ
  • ကြက်သွနီကို အခွံခွာပြီးရေဆေးကာ ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲဆီထဲ့ကာ ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ကြော်ပေးပါ
  • ကြက်သွန်နီနွမ်းတာနဲ့ ပုဇွန် ဆား ငံပြာရည် အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ပုဇွန်ကို ၃မိနစ်လောက်ဘဲ ကြော်ပေးပြီး ငရုတ်သီးစိမ်းကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပေးပြီးတာနဲ့ ရေကိုပုဇွန်မြုပ်အောင်ထဲ့ပြီး တည်ပေးပါ
  • ရေပွက်ပွက်ဆူပါကာ ဆီကျန်ရေကျန် အနေတော်ရချိန်မှာ အရသာမြည်းပြီး မီးပိတ်ပေးကာ ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။



လိုအပ်သော ပစ္စည်းများ

ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ

ကြက်သား ပြုပ်ကြော်




ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် အိမ်ရှင်မတို့တစ်နေ့တာ ဘာချက်ရမလဲ စဉ်းစားရတာ တစ်ခါတစ်ခါတော့လဲ ခေါင်းနောက်မိကြမှာပါ ချက်ပြီးပြန်တော့လဲ ကိုယ်ချက်တာလေးကို မိသားစုတွေမှ ကြိုက်ရဲ့လား စားချင်စရာလေးများရော ဖြစ်ရဲ့လားပေါ့။

ဒီနေ့တော့ အဆင်ပြေမဲ့ ဟင်းလေးတစ်မျိုး စီမံပြီး ချက်ထားပါတယ် စားလို့လဲကောင်းစေ ထမင်းလဲမြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော်လေး ကြော်ဖြစ်ခဲ့ပါတယ်။

ပါဝင်ပစ္စည်းများ 
  • ကြက်ရင်ပုံသား - 1 kg
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ချင်း - ခပ်ပါးပါး လေးပြား
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ဇောက်အနည်းငယ် နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့နယ်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
  • ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းပြီး ကြက်သားကို အိုးနဲနဲကပ်အောင် ထားပေးပါ
  • အိုးအောက်ခြေ ကပ်လာပြီ ဆိုတော့မှ ရေအနည်းငယ်နှင့် ဆီတို့ကိုထည့်ပြီး ဆီကျွတ်ကျွတ် မြည်လာအောင် တည်ပေးပါ 
     
    •  
  • ပြီးတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ လက်ကျန်မီးအပူရှိန်နှင့် ထားပေးပြီး ဆီနံ့မွှေးလာလျှင် ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။

သီးရွက်စုံ ချိုချဉ်ကော်ရည်


သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အချဉ် အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ချိုချဉ်ဟင်းမို့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်လုံး
  4. သေးသေးရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. ချယ်ရီခရမ်းချဉ်သီး - ရှစ်လုံး
  7. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  8. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 

ကော်ရည်ဖျော်ထားရန်
  • အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက် ကြော်ရန်ပြင်ပါမယ်
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထဲ့ပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံနှင့် ခရမ်းချဉ်သီးမှလွဲပြီး အားလုံးကို ထဲ့ကြော်ပေးပါ
  • နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ခရမ်းချဉ်သီးနှင့် တရုတ်နံနံထဲ့မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။