Thursday 31 August 2017

ဗယာကြော်









ဒီနေ့တော့ သမီးငယ်လေးက ဗယာကြော် မစားရတာ ကြာနေပြီ ဗယာကြော် စားချင်တယ်ဆိုတော့ ကုလားပဲ ရေစိမ်ပြီး ဗယာကြော် ကြော်ပေးဖြစ်တာမို့လို့ ဒီနေ့ မာမာကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်၊၊

ဒီနေ့တော့ ဆောင်းအ၀င်မှာ မိုးရောလေပါ ရောသမမွှေနေတာမို့လို့ အလွန်ချမ်းတဲ့ ရာသီဥတုလေး ဖြစ်လို့နေပါတယ် အေးအေးချမ်းချမ်းလေး ကွေးနေချင်ပေမဲ့ ငါ့ဝမ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ ချက်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတယ်လို့ ပြောလာတော့ အမောလေးတော့ ပြေတာပေါ့နော်။
    ပါဝင်ပစ္စည်းများ
    1. ကုလားပဲခြမ်း - 2 cups
    2. ပျဉ်းတော်သိမ်းရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
    3. ရှမ်းနံနံရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
    4. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
    5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
    6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
    7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
    9. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
    10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
    11. ဆီ - လိုသလောက် သုံးပေးပါ
    ဗယာကြော် ကြော်ရန် ပါဝင်ပစ္စည်းများ
    ပြင်ဆင်ပုံ
    • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
    • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ
    • ပျဉ်းတော်သိမ်းရွက်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ရှမ်းနံနံကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
    • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
    • ပဲများ ရေစစ်သွားပါက အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်ဝက် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
    • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ပျဉ်းတော်သိမ်းရွက် ရှမ်းနံနံရွက် ငရုတ်သီးစိမ်းတို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
    • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
    • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
    • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
    • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
    • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
    ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။
ငရုတ်သီးတောင့်ကြော်ရန်
  • ငရုတ်သီးတောင့်ကို လိုသလောက် ပြင်ထားပါ
  • ဗယောကြော် ကြော်လက်စဆီများ များနေပါက အိုးထဲမှာ ထမင်းစားဇွန်း တစ်ဇွန်းလောက်ဘဲ ချန်ထားပြီး မီးကိုလျော့ပြီးမှ ငရုတ်သီးတောင့်များကို ထည့်ကြော်ပေးပါ
  • မီးအရမ်း ပူနေပါက ငရုတ်သီးတောင့်များ အကျွမ်းမြန်တဲ့အတွက် မီးကိုတော်တော်များများ လျှော့ပြီးမှ ကြော်ပေးပါ
  • ငရုတ်သီးတောင့် နီညိုရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဗယာကြော် မွှေးမွှေးစပ်စပ်လေးကို ငရုတ်သီးတောင့်ကြော်နှင့် တွဲဖက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Thursday 24 August 2017

ကြံမဆိုင်လုပ်နည်း (ပထမနည်း)









ဒီနေ့တော့ ကိုယ်​တိုင်​လုပ်​ ကြံမဆိုင်​ လုပ်နည်းလေး မျှဝေလိုက်ပါတယ် ကိုယ့်​ဘာသာကို ထည့်​လိုက်​​တော့လဲ သန့်​သန့်​​လေး စားရပါတယ်
အကြာကြီးလဲ ​စောင့်​စရာမလိုဘူး ရာသီဥတုပူ​နေရင်​ ၃ရက်​ ရာသီဥတု မပူရင်တော့ ၅ရက်လောက် ထားပြီးရင် စားလို့ရပြီ


ပါဝင်​ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - တစ်ကီလို
  2. ဆား - ထမင်းစားဇွန်း လေးဇွန်း
  3. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ

  1. မုန့်ညှင်းစိမ်းအရွက်​ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ထားပါ
  2. ရေစစ်ပြီဆိုတာနဲ့ ဆားကြမ်းကြမ်းနှင့် နယ်ထားပါ 
  3. ငရုတ်သီးတောင့်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန်  ဆားကို ခပ်​ငံငံ​လေး နယ်​ပေးပါ
  5. နယ်ပြီးတာနဲ့ ပုလင်းသန့်သန့်ထဲကို ထည့်​ပေးပါ
  6. အရွက်များနှင့်အတူ ငရုတ်သီးတောင့်လေးတွေကို ထည့်ပေးပါ
  7. ပြီးတာနဲ့ ပုလင်းကို ​လေလုံ​အောင် ​ပိတ်​ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၂ရက်လောက်ဆို ဆားရည်များ ပျော်လာပါလိမ့်မယ်
  8. ဆားရည် ပျော်လာပါက အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
  9. ရာသီဥတုပူရင် သုံးရက်လောက် ထားရပြီး ရာသီဥတု မပူရင်တော့ ၅ရက်လောက်ဆို စားလို့ရပါပြီ
  10. အိမ်အပြင်မှာ နေပူနေပါက​ ​နေပူထဲမှာ  ပြပြ​ပေးပါ
  11. သူ့ဘာသာသူ ဆားရည်​​လေး​တွေ ထွက်​လာပါက အရွက်​များ မြုပ်​​အောင်​ ဇွန်းသန့်​သန့်​နဲ့ ဖိဖိ​ပေးပြီး အဖုံးလုံ​အောင်​ ပြန်​ပိတ်​ထားကာ ​နေပြန်​ပြ​ပေးပါ
  12. ၃ရက်​​လောက်​ဆို မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ် စားလို့ရပြီ
  13. နေမပူရင်တော့ အနည်းဆုံး ၅ရက်လောက် ထားပေးပြီးပါက မိမိနှစ်သက်သလို ပြင်ဆင်ကာ စားနိုင်ပါပြီ။

Saturday 19 August 2017

ပဒဲကောအမှုန့် ပြုလုပ်နည်း










ဒီနေ့တော့ မုန့်တီချက်ရာမှာ မပါမဖြစ်တဲ့ ပဒဲကော အမှုန့်လုပ်နည်းလေး မျှဝေပေးပါမယ် ငရုတ်ဆုံနဲ့ ထောင်းမှ အဆင်ပြေနိူင်ပေမဲ့ မာမာကတော့ ဗလင်ဒါနဲ့ ကြိတ်ပေးပြီး လိုချင်တဲ့အချိန် အလွယ်တကူရအောင် ရေခဲသေတ္တာထဲထည့်ကာ သိမ်းပါတယ်။

တစ်ပါတ်တစ်ရက်လောက်တော့ အမြဲတမ်းလိုလို မုန့်တီချက်သောက်ဖြစ်တဲ့အတွက် အလုပ်အားတဲ့ အချိန်လေးတွေမှာ အခုလို ပြင်ဆင်ထားရင်တော့ မုန့်တီတစ်အိုးက ခနလေးနဲ့ ကျက်နိူင်ပါတယ်။

ဗလင်ဒါလို့ အလွယ်တကူပြောပေမဲ့ မာမာကြိတ်တဲ့ ဗလင်ဒါက မုန့်ဖုတ်ရာမှာသုံးဖို့ ဂျုံကို နှဲလို့ ရသလို အသားတွေကိုလဲ ကြိတ်လို့ရပါတယ် အသီးအရွက် ကြိတ်တဲ့ဗလင်ဒါနဲ့ အမျိုးအစားက မတူပါဘူးရှင်။

ပြင်ဆင်ပုံ
  1. အရင်ဆုံး ပဒဲကောတွေကို ရေစင်အောင် ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ခပ်ပါးပါးလေးတွေ ရအောင်လှီးပေးပါ
  3. ပဒဲကောက အရမ်းမာတဲ့အတွက် လှီးတဲ့အခါမှာ ဓားမထိအောင် သတိထားပြီး လှီးပေးပါ
  4. အားလုံးလှီးပြီးတာနဲ့ ဗလင်ဒါထဲကို လက်တဆုတ်စာလောက် အရင်ဆုံးထည့်ကာ လေးစိတ်ကွဲအနေအထား ရအောင် ကြိတ်ပေးပါ
  5. ပြီးတာနဲ့ ကျန်နေသော ပဒဲကောများကို ထည့်ပေးပြီး ကြိတ်ပေးပါ
  6. တစ်ခါကြိတ်လျှင် တစ်မိနစ်လောက် ကြိတ်ပေးပြီး စက်ကိုအနားပေးတဲ့ အနေနဲ့ တစ်ခါနားပါ
  7. နောက်တစ်ခါ တစ်မိနစ် ထပ်ကြိတ်ပြီး တစ်ခါနားပါ
  8. ထိုနည်းအတိုင်း မိနစ်၂၀လောက် ကြိတ်ပေးလိုက်ရင် ပဒဲကော အမှုန့်ကို ရလာမှာ ဖြစ်ပါတယ်ရ
  9. လာသော ပဒဲကောမှုန့်များကို လေလုံအောင် အထုတ်လေးများထုတ်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားရင် နှစ်ပေါက်အောင်ထားပြီး သုံးလဲ အနံ့အရသာက ပြောင်းမသွားဘဲ ရှိနေပါတယ်
  10. ခပ်ပါးပါး လှီးထားသော ပဒဲကော အချပ်လေးများကိုလဲ ဟင်းခါးရည်ချက်ရာတွင်၎င်း အသားဟင်း ချက်ရာတွင်၎င်း အသုံးပြုနိူင်အောင် လေလုံသော အိတ်လေးများတွင် ထည့်ထားပြီး ခဲထားနိူင်ပါတယ်။

Friday 18 August 2017

ပဲကြော် ကြွတ်ကြွတ်လေး







မကြာမကြာ ကြော်ဖြစ်တဲ့ အကြော်လေးပါ တခါကြော်ဖြစ်တိုင်း တခါစမ်းလိုက်နဲ့ ပဲကြော်ကြော်တိုင်း စိတ်တိုင်းကျမှ ကျေနပ်တတ်လေတော့ ဒီတခါ ကြော်ဖြစ်တဲ့နည်းလေး ထပ်ပြီးမျှဝေလိုက်ပါတယ်


ပါဝင်ပစ္စည်းများ (အချပ်ကြီး ၁၀ချပ်စာ)

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. တန်ပူရာမှုန့် - 150 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို လက်တလုံးစာ လျှော့ထည့်ပါ
  4. ဆီ - ၂လီတာခန့်

ပြင်ဆင်ပုံ
  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုး၂ခုကို သုံးပါ
  • ဒယ်အိုးအသေးနှင့် ဒယ်အိုးအကြီးကို ပြိုင်တူအပူပေးထားပါ
  • အိုးပူလာတာနဲ့ ဒယ်အိုးအသေးထဲကို ဆီတ၀က်သာသာ ထည့်ပါ 
  • ဒယ်အိုးအကြီးထဲကို ဆီများများထည့်ပေးပါ
  • အိုးထဲမှဆီအငွ့ တက်လာတာနဲ့ ဆီအိုး၂ခုလုံးမှ မီးကို အလယ်လောက်အထိ လျှော့ပေးပါ
  • ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုး အသေးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အ၀ိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးမွတက်လာမှ အသာလေး ဆယ်ပြီး ဆီအိုးအကြီးထဲသို့ ပြောင်းခည့်ပေးပါ 
  • ဆီအိုးအကြီးထဲမှာ ခနဘဲ ကြော်ပေးပြီး ဆယ်ကာ ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သောအချပ်များကိုပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ 
  • အိုးအသေးထဲမှာ ဆီနည်းသွားပါက အိုးအကြီးထဲမှ ဆီကို အပူခံဇွန်း ခပ်ကြီးကြီးနှင့် ခပ်ယူကာ အိုးအသေးထဲကို ခပ်ထည့်ပေးပါ
  • ဆီအိုးထဲကို ပဲရည်ခပ်ထည့်စဉ် အပြင်ကို ဝေကျတတ်တဲ့အတွက် ဖြေးဖြေးချင်း ထည့်ပေးပါ
  • အထက်ဖော်ပြပါ နည်းအတိုင်း ပထမအချပ်အတိုင်း ဆက်ကြော်ပေးပါက အကြော်၁၀ချပ်ရပါမယ်
  • အားလုံကြော်ပြီး ဆီစစ်သွားပါက နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Wednesday 16 August 2017

ငါးကင်


ဒီတခါတော့ မြန်မာပါးစပ် ခံတွင်းတွေ့စေမဲ့ ငါးကင် ကင်ပါတယ် ကင်တယ်ဆိုတာထက် ဒယ်အိုးထဲမှာ အိုးကင်ပူ တိုက်တယ်ဆိုရင် ပိုမှန်မှာပါ အရသာထူးပြီး စားကောင်းစေတဲ့အတွက် အိုးပူ တိုက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါး အသားပြား - ၃ခု
  2. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်းတစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီကို သုံးနိုင်ပါတယ်)

ပြင်ဆင်ပုံ

  1. ငါးအသားပြားကို ရေဆေးကာ ရေစစ်ထားပါ 
  2. ရေစစ်ထားသော ငါးအသားပြားကို ရေစစ်တာနဲ့ ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
  3. အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
  4. ဆီပူလာတာနဲ့ငါးကိုထည့်ပြီး အိုးထဲထည့်ပေးပါ
  5. ၂မိနစ်လောက်အပူပေးပြီး ငါးအပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  6. နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ရပါပြီ
  7. မွှေးပြီးချိုနေသော ငါးကင်ကို ပန်းကန်ထဲ ပြောင်းထည့်ကာ စားပွဲပြင်နိုင်ပါပြီ။

Tuesday 8 August 2017

ရှမ်းနံနံအုပ် သီးစုံချဉ်ရည်ဟင်း



မစားရတာ ကြာပြီဖြစ်တဲ့ သီးစုံ ရှမ်းနံနံရွက်အုပ် ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပြန်ပါပြီ ဒီလိုဟင်းလေးတွေ ချက်စားတိုင်း ငယ်ဘ၀လေးကို တမ်းတမိတယ် မာမာတို့ငယ်ငယ်က အရှေ့ကွင်းနဲ့အနောက်ကွင်းမှာ ခြံ၂ခြံရှိပြီး ကျောင်းပိတ်ရက်ဆို ခြံထဲကို အမြဲတမ်း သွားကြပါတယ်။

ခြံထဲရောက်တိုင်း ခြံထွက်အသီးအနှံတွေကို အခုလို ချဉ်ရည်ဟင်းကာ မြိန်ရည်ယှက်ရည် စားကြတာလဲ အင်မတန်မှ ပျော်စရာကောင်းလွန်းပါတယ် စိတ်အပျော်လေးလဲရစေအောင် ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်လို့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းမျာ

  1. မုံလာဥ -  လေးပင်
  2. ပဲသီး - ငါးတောင့်
  3. ဂေါ်ဖီရွက်အရင့် - နှစ်ဖတ်
  4. မျှစ် - ခပ်သေးသေးနှစ်ပင်ခန့်
  5. ပန်းဂေါ်ဖီ - တစ်စိတ်
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. ရုံးပတေသီး - ၁၅တောင့်ခန့်
  8. ကြက်သွန်နီ - တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - နှစ်မွှာ
  10. ချင်း - လက်တဆစ်၏ တစ်ဝက်
  11. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  16. မကျည်းသီး အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  18. ပုဇွန်ထုတ် - ၁၀ကောင်ခန့်
  19. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုံလာဥဖြူနှင့် မုံလာဥနီကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  3. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  4. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  5. ပဲသီးကို အညှာဖြတ်ပြီး ရေဆေးကာ အနေတော် လှီးထားပါ
  6. မျှစ်နှင့် ပန်းဂေါ်ဖီကို ရေဆေးပြီး လှီးထားပါ
  7. ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တပိုင်းပိုင်းထားပေးပါ
  8. ရှမ်းနံနံကို ရေဆေးထားပေးပါ
  9. ဇောက်နက်သောအိုးထဲမှာရှမ်းနံနံနှင့် ရုံးပတေသီးမှလွဲပြီး လှီးထားသော အသီးအရွက်များ ပုဇွန် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  10. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  11. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  12. အိုးထဲမှ အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  13. ရေပွက်ပွက်ဆူလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် ၄မိနစ်လောက် ထပ်တည်ပေးပါ
  14. ရုံးပတေသီး အရောင်ပြောင်းလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံအုပ်ကာ မီးပိတ်ပေးပါ
  15.  ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Monday 7 August 2017

ကြက်ဥ ထမင်းကြော်



တခါတလေကျ မာမာ့မိတ်ဆွေတွေက မာမာရေ နေတာက အနောက်နိုင်ငံမှာ ချက်ပြီးတင်တာက မြန်မာအစာတွေဘဲ တွေ့ရတယ်လို့ ပြောကြတိုင်း မာမာ့ဆီက အဖြေက ရိုးရိုးလေးဘဲ ဖြေမိတာ များပါတယ်။

အနောက်တိုင်း အစားအစာတွေကို အမှန်အတိုင်း ပြောရရင် မာမာကိုယ်တိုင် မကြိုက်ပါဘူး ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုပေမဲ့  အရသာ ပေါ့ပျက်ပျက်နဲ့ အစာတွေက မာမာ့ကို စွဲဆောင်မှု အားနည်းစေတာဘဲလား မာမာကဘဲ ချဉ်ငံစပ်တွေကို နှစ်သက်နေတာလားတော့ မသိပါဘူး ဘာလေးစားစား ချဉ်ငံစပ်နေမှ ကြိုက်ပါတယ်။

ဒါပေမဲ့လဲ ရံဖန်ရံခါတော့ ပေါ့ပျက်ပျက် အရသာမပါတဲ့ အစာတွေကို ကျန်းမာရေးကြောင့် စားသုံးရတဲ့ အခါမျိုးလဲ ရှိတတ်ပါတယ် ဒီနေ့တော့ ကျန်းမာရေးအတွက် ဆီးချိုသမားတွေအတွက် သင့်လျှော်မဲ့ ထမင်းကြော်ဖို့ ပြင်ဆင်ထားလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ကြက်သွန်ဖြူ -၂မွှာ
  4. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်(ထမင်းကြော်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ကြက်ဥခလောက်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ကြက်ဥ - နှစ်လုံး

ပြင်ဆင်ပုံ
  1. ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ထားပါ
  2. ထမင်းကျက်တာနဲ့ ထမင်းကို အအေးခံပြီး ဖွထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  4. ဇလုံထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ဆားထည့်ကာ ခလောက်ထားပါ
  5. ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီကိုထည့်ပါ
  6. ဆီ ပူလာတာနဲ့ ကြက်သွန်ဖြူကို နွမ်းသွားအောင် ကြော်လိုက်ပါ
  7. ကြက်သွန်ဖြူ နွမ်းတာနဲ့ အအေးခံထားသော ထမင်းနှင့် အရသာမှုန့် ဆားကို ထည့်ကြော်ပါ
  8. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ထမင်းကို ဘေးမှာတွန်းထားပြီး ခလောက်ထားသော ကြက်ဥကို ထည့်ပြီးမွှေပေးပါ
  9. ကြက်ဥများ ကျက်လာပါက ထမင်းနှင့် ရောပြီးမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  10. ကြက်ဥထမင်းကြော် မွှေးမွှေးလေး ရပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပြီး စားပွဲပြင်နိုင်ပါပြီ
  11. စားလို့အလွန်ကောင်းပြီး လွယ်ကူမြန်ဆန်သော ကြက်ဥပလိန်း ထမင်းကြော်ကို ကြက်သားကြော်နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

Saturday 5 August 2017

ဘူးသီးကြော်







ဒီနေ့တော့ စားလို့ကောင်းလွန်းတဲ့ ဘူးသီးကြော်ပြီး အချဉ်ရည်နဲ့စားကြပါမယ် ကြော်ချိန် မကြာသလို ကြွတ်ကြွတ်ရွရွလေးနဲ့ စားကောင်းလွန်းတဲ့အတွက် နေ့လည်နေ့ခင်း အပျင်းပြေ စားရအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘူးသီး  -  တစ်ဝက်
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၅လုံးသာသာ

ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဘူးသီးကို ရေဆေးကာ ပုံပါအတိုင်း အကွင်းလိုက် လှီးပေးပြီး ကန့်လန့်ဖြတ် လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဘူးသီးစိတ်ကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဘူးသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဘူးသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

Wednesday 2 August 2017

ကြက်သား ဘူးသီးဟင်း








ဒီနေ့တော့ ဘူးသီးအလုံးသေးလေးတွေ ၀ယ်လာကာ ကြက်သားနဲ့ရောပြီး ဆီလည်ရေလည်လေး ချက်ထားတဲ့ စားမြိန်ဟင်းတမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား -  ၃ဆယ်သားခန့်
  2. ဘူးသီး - တစ်လုံးစာ
  3. ကြက်သွန်နီ - အနေတော်တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. စပါးလင် - နှစ်လက်မခန့်
  11. ချင်း - လက်တစ်ဆစ်ခန့်
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  13. ရေ - လိုသလောက်

ပြင်ဆင်ပုံ
  • ကြက်သားကို  ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ကား ငံပြာရည် ဆား နနွင်း အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ဘူးသီးကို အခွံခွာပြီး တစ်ဝက်ခြမ်း၍ ရေဆေးပေးကာ  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ခပ်ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငရုတ်သီးထောင်းနှင့်အတူ အရသာနယ်ထားသော ကြက်သားကိုထည့်ပြီး ငရုတ်သီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အရသာနယ် ပြီးတာနဲ့ရေအနည်းငယ်ထဲ့ကာ မီးအားအနေတော်ဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက ဘူးသီးနှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ဘူးသီးနူးအောင် တည်ပေးပါ
  • ဘူးသီးနူးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိုင်ပါပြီ။