Friday 29 September 2017

ပုဇွန်ခွက်ကြော်









ဒီနေ့တော့ ပုဇွန်ခွက်ကြော် ကြော်စားဖြစ်လို့ ကြော်နည်းတင်ပြီးသားလေး ရှိပေမဲ့ ပုံအသစ်လေး မြင်တဲ့အခါ စားချင်စိတ်ပေါ်လာအောင် ကြော်နည်းလေး ပြန်လည်မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ၁၀ကောင်
  2. တန်ပူရာမှုန့်. - 150 g
  3. ရေစင်အောင်ဆေးထားသော ပဲပင်ပေါက် - 500 g
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ရေ - 1 cup
  8. ဆီ - တစ်လီတာခွဲ သာသာ 

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးကာ ကြောဖက်မှနေပြီး အမည်းကြောင်းကို ထုတ်ပေးပါ
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီးမှ ပဲပင်ပေါက်ကိုထဲ့ကာ ဖွဖွလေးနယ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ပဲပင်ပေါက်နဲနဲနှင့် ပုဇွန်တစ်ကောင်( သို့ ) နှစ်ကောင်ကို ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော်လျော့ပေးကာ ပဲပင်ပေါက်နှင့်ပုဇွန်ကိုထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန်သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ပုဇွန်ခွက်ကြော်လေး ရပါပြီ။
ပုဇွန်ခွက်ကြော် ခွက်လေးတွေနဲ့ ကြော်မယ်ဆိုရင်လဲ ခွက်ကလေးထဲကို ပဲင်ပေါက်အရသာ စပ်ထားတာနဲ့အတူ ပုဇွန်ကို ထည့်ပေးပြီး ဆီပူထဲမှာ ထည့်ကြော်ပေးပါ 
ပဲပင်ပေါက် ကျက်လာတဲ့အခါ ဆီအိုးထဲသို့ ဇွန်းရှည်ရှည်ဖြငိ့ တွန်းချပေးပြီး မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ။

Thursday 28 September 2017

သရက်ချဉ်သုပ်




ဒီနေ့တော့ သရက်သီးလေးတွေ သရက်ချဉ် လုပ်ထားရတာ ရပါပြီ ဒီတော့ကာ သရက်ချဉ် သုပ်စားဖို့ အကြောင်းက ဖန်လာပါတယ် သမီးငယ်က မေမေရေ ကြာဇံဟင်းခါးလေး သောက်ချင်တယ်တဲ့ ကြာဇံဟင်းခါးနဲ့ လိုက်ဖက်မဲ့ အသုပ်လေး စဉ်းစားလိုက်တော့ သရက်ချဉ်သုပ်လေးက စိတ်ထဲမှာ ပေါ်လာခဲ့တယ် ဒါနဲ့ဘဲ ကြာဇံဟင်းခါးလေးချက် သရက်ချဉ်လေး သုပ်လိုက်မိပါတော့တယ်။

ပါဝင်ပစ္စည်းများ

  1. သရက်ချဉ် - ထမင်းစားဇွန်း ကိုးဇွန်းစာ
  2. ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  3. မြေပဲလှော် - မိမိနှစ်သက်သလောက်
  4. ခနောကြက်သားမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (သို့မဟုတ် ) အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း သုံးဇွန်း
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
  7. ငရုတ်သီးအလှော်မှုန့် - အစပ်စားနိုင်သလောက်
  8. ကြက်သွန်နီ - အနေတော် နှစ်လုံး
  9. ဂေါ်ဖီ - တစ်စိတ်
  10. ဆီ - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့် (ဆီချက်ချက်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာခန့် (ဆီချက်ချက်ရန်)
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)

ဆီချက်ချက်ရန်

  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အကွင်းလိုက် လှီးထားပါ
  • ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ်လျှော့ပြီး ကြက်သွန်ဖြူများ ထည့်ပေးပါ
  • အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်နှင့် ချက်ထားသော ဆီချက်အေးသွားမှ နှစ်မျိုးလုံး ပြန်ရောပေးထားပါ
  • ဆီချက်ကို လိုသလောက်ဘဲသုံးပြီး ကျန်ပိုနေသော ဆီချက်များကို သိမ်းထားပြီး နောက်ထပ် အသုပ်သုပ်လျှင် ယူသုံးနိုင်ပါတယ်။
ပြင်ဆင်ပုံ
  • သရက်ချဉ်ကို ရေမပါအောင် အနည်းငယ် ညှစ်ပေးပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပေးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးကာ ရေဆေးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးပြီး ညက်နေအောင် ထောင်းပေးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ပြီး သန့်စင်ပေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ကျန်သော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ သရက်ချဉ် မြေပဲထောင်း ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးအလှော်မှုန့် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ကြက်သားမှုန့် ကြက်သွန်ဖြူဆီချက်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အငံအရသာအတွက် သရက်ချဉ်နှင့် ခနောကြက်သားမှုန့်တို့မှာ ပါပြီးသား ဖြစ်တဲ့အတွက် ထပ်ထည့်ရန် မလိုပါ
  • အားလုံးကို ခပ်ဖွဖွ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ထားသော သရက်ချဉ်သုပ်ကို အရသာမြည်း၍ လိုသလို ပြင်ပေးကာ ကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday 27 September 2017

သရက်ချဉ် အချဉ်တည်နည်း













သရက်သီးစိမ်းလေးတွေကို သရက်ချဉ်လုပ်ပြီး သိမ်းချင်တာနဲ့ တနေ့က အချဉ်ထဲ့ဖြစ်ပါတယ် လုပ်နည်းလေးက လွယ်ပါတယ် မာမာ့ blog မှာလဲ တခါတင်ဖူးပြီးသားပေမဲ့ သရက်သီး ပေါ်ချိန်မှာ သတိတရ လုပ်စားနိုင်အောင် သရက်ချဉ်လုပ်နည်းလေး ပြန်လည်ကာ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - 1 kg
  2. ဆား - ထမင်းစားဇွန်း ၄ဇွန်း


    ပြင်​ဆင်​ပုံ

    • သရက်သီးများကို အထက်ပါ ပုံအတိုင်း ထိပ်​ဖက်​မှ အညှာကိုလှီးကာ ​ရေဆေးပြီး အစေးများ ထွက်စေရန် အလုံးလိုက် ​ရေ တနာရီ​လောက်​ စိမ်​ထားပါ
    • ပြီးလျှင်​ ပုံပါအတိုင်း အလုံးလိုက်ကို ခပ်ထူထူ အပြားအချပ်လေးတွေရအောင် လှီးပေးပါ
    • ပြီးတာနဲ့ အထက်ပါ ပုံအတိုင်း သရက်သီး အချပ်လေးတွေ သုံးချပ်လောက် ထပ်ပေးကာ ခပ်ရိပ်ရိပ်ပါးပါး ရှည်ရှည်လေးတွေ လှီး​ပေးပါ
    • ပါးပါးရှည်ရှည်လေးတွေ လှီးထားသော သရက်သီးစိမ်းများကို နွမ်းသွားအောင် ဇလုံတလုံးထဲမှာထည့်ပြီး ဆားနှင့် ခပ်ဖွဖွနယ်ပေးပါ
    • သရက်သီးများ ဆားနယ်လို့ ထွက်လာသည့် အရည်များနှင့် သရက်သီးများကို အိတ်တစ်လုံးထဲမှာ ထည့်ပေးပြီး အိတ်ကို ပိတ်ပေးပါ
    • ပြီးတာနဲ့ သရက်သီး ထည့်ထားသောအိတ်ကို ဒုတ်ချွန်လေးဖြင့် အပေါက်သေးသေးလေးတွေ လိုက်ဖောက်ပေးပါ
    • ထိုအိတ်ကို ဇလုံတလုံးထဲထည့်ပြီး လေးသောပစ္စည်း တစ်ခုခုဖြင့် ဖိထားပေးပါ
    • လေးလေ သရက်ချဉ်က ကောင်းလေမို့လို့ ခပ်လေးလေးနှင့် ဖိပေးကာ အခန်းအပူချိန်ထဲမှာ ထားပေးပါ
    • ပုံပါအတိုင်း သရက်သီးဖတ်များကို ထွက်လာသော ဆားအရည်ထဲမှာ တရက်လောက် စိမ်ပြီးထားပေးပါ
    • ဆားအရည်စိမ်တာ တရက်လောက် ရတာနဲ့ ဇလုံထဲမှ အရည်များကို သွန်ပေးပါ
    • ပြီးလျှင် သရက်သီးမှ အချဉ်ရည်များ ထပ်ထွက်သွားစေရန် အထက်ပါ နည်းအတိုင်း ၂ ရက်လောက် ထပ်ပြီးထားပေးပါ 
    • ပြီးတာနဲ့ ထွက်လာသော အရည်များ သွန်ပေးကာ အချဉ်အရသာ အနေတော် ဖြစ်နေတဲ့ သရက်ချဉ်ကို ရပါပြီ
    • ထိုသရက်ချဉ်ကို ဖန်ပုလင်းထဲသို့ ပြောင်းထည့်ကာ ရေခဲသေတ္တာထဲမှာထည့်ပြီး သိမ်းထားနိုင်သလို သုပ်စား ချက်စား ကြော်စား မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

    Tuesday 26 September 2017

    မကျည်းရွက် ငါးပိချက်










    အေးရှန်းဆိုင်က မန်ကျည်းရွက်နုလေးတွေ ဝယ်လာပြီး ဘယ်လိုချက်စားရင် ကောင်းမလဲ ငါးနဲ့ချက်ရင်  ကောင်းမလား ငါးပိချက်လေးချက်ရင် ကောင်းမလား စဉ်းစားနေရင်းက ငါးပိချက်ဆို ပိုပြီးအဆင်ပြေမယ် ထင်တာနဲ့ ပုဇွန်ခြောက်လေးနဲ့ ချက်ဖြစ်သွားပါတယ်။

    ပါဝင်ပစ္စည်းများ

    1. မန်ကျည်းရွက် ဆားစိမ် - 450 g
    2. ပုစွန်​​ခြောက် - ၅ကျပ်​သား
    3. ကြက်​သွန်​နီ - အလုံးကြီးကြီး ၂လုံး
    4. ကြက်​သွန်​ဖြူ - နှစ်သက်သလောက်
    5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
    6. ငရုတ်​သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
    7. ဆီ ဟင်းခတ်ဇွန်းကြီး - ၂ဇွန်း
    8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
    9. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    10. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
    11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

    ပြင်ဆင်ပုံ
    • မန်ကျည်းရွက် ဆားစိမ်ကို ရေစစ်ပြီး ပြင်ထားပါ
    • ပုစွန်​​ခြောက်​ကို အမှုန့်​ကြိတ်​ ထားပေးပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
    • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
    • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
    • ဒယ်​အိုးတလုံးမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး ဆီကိုအပူ​ပေးပါ
    • ဆီပူလာတာနဲ့ ကြက်​သွန်​နီကို နွမ်းသွားအောင် ထည့်ကြော်ပေးပါ
    • ကြက်သွန်နီ နွမ်းတာနဲ့ငရုတ်သီးမှုန့်ကို ထည့်ကြော်ပေးပါ
    • ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို ထည့်မွှေပါ
    • ပြီးတာနဲ့ငါးငံပြာရည်​ ဟင်းခတ်​မှုန့်​နှင့် မန်​ကျည်းရွက် ဆား ငါးငံပြာရည်နှင့်​ ဟင်းခတ်​မှုန်တို့ကို ထည့်ကာ မွှေပေးပါ
    • မန်ကျည်းရွက်များ အနည်းငယ်​ ခြောက်​လာအောင် မွှေပေးပါ
    • မန်ကျည်းရွက်ကြော် မွှေးလာပြီး  မွမွလေး ဖြစ်လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
    • ချဉ်ငံစပ်ပြီး မွှေးနေတဲ့ မန်ကျည်းရွက် ငါးပိချက်ကို နှစ်သက်စွာ စားသုံးဖို့ ပြင်ဆင်နိုင်ပါပြီ။

    Monday 25 September 2017

    သရက်သီးစိမ်းယို




















    စနေနေ့က ဘုန်းကြီးကျောင်းသွားရင်း ကျောင်းကိုရောက်မှ မိတ်ဆွေတစု အပြင်ခန သွားဖြစ်ကြတယ် သရက်ပင်မှာ သရက်သီးစိမ်းတွေတွေ့တော့ သရက်ယို လတ်လတ်ဆတ်ဆတ်လေး စားချင်လာတာနဲ့ ခူးလာခဲ့မိပြန်ပါတယ်။
    ထန်းလျှက်ကတော့ မြန်မာပြည်က ထန်းလျှက်ခဲလို မမာဘဲ ရှိတဲ့ထန်းလျှက်ခဲကိုဘဲ ခုတ်ထစ်ပြီး ယိုထိုးဖို့ ပြင်ထားပါတယ် ဒီနေ့တော့ စားချင်တာကို အကောင်အထည်ဖော်ကာ သရက်သီးစိမ်းကို ယိုထိုးမိပြန်တော့ ယိုထိုးနည်းလေးကို မျှဝေလိုက်ပါတယ်။

    ပါဝင်​ပစ္စည်းများ

    1. သရက်သီးစိမ်း – 1 kg
    2. ကွမ်းစားထုံး - လက်​ဖက်​ရည်​ဇွန်း တစ်ဝက်
    3. ထန်းလျှက်​ခဲ - ၅၀သား (အချိုမကြိုက်လျှင် လျှော့ထည့်ပါ)
    4. ဆား – လက်ဖက်​​ရည်ဇွန်း ၇ ဇွန်း
    5. မဆလာ - ထမင်းစားဇွန်း ၂ဇွန်း
    6. ငရုတ်​သီး အကြမ်းမှုန့်​ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက် (အစပ်ကြိုက်လျှင် ပိုထည့်ပါ )
    7. ရေ – 60 ml


    ပြင်​ဆင်​ပုံ
    • သရက်သီးများကို ထိပ်​ဖက်​မှ အညှာကိုလှီးကာ ​ရေဆေးပြီး အလုံးလိုက် ​ရေတစ်နာရီ​လောက်​ စိမ်​ထားပါ
    • ပြီးလျှင်​ ပုံပါအတိုင်း ထက်ခြမ်းခြမ်းကာ ရေနာရီဝက်လောက် စိမ်ပေးပါ
    • ပြီးတာနဲ့ ပုံပါအတိုင်း အနည်းငယ် ခပ်ထူထူ​လေး လှီး​ပေးပါ
    • သရက်သီးများ လှီးပြီးတာနဲ့ ​ရေ ထုံးနှင့် ဆား ထမင်း​စားဇွန်း ၄ဇွန်းခန့်​ရောကာ သရက်သီး မြုပ်လောက်ရုံ စိမ်နိုင်အောင် ရေထည့်ပြီး ​ဖျော်​ထား​ပေးပါ 
    • သရက်​သီးများကို ​ဖျော်ထားသည့် ရေထဲထည့်ကာ အနည်းဆုံး ၁၀ နာရီခန့် စိမ်ထားပါ
    • ၁၀ နာရီခန့် ထုံးရည်​စိမ်ပြီးလျှင် ရေဖြင့် ထုံးရည်များ စင်သွားအောင် ၃ ခါလောက် ဆေး​ပေးကာ ရေသန့်သန့်ထဲမှာ နောက်ထပ် ၇ နာရီခန့် ထပ်စိမ်ထားပေးပါ
    • ရေစိမ်ပြီးတာနဲ့ ဇကာထဲထည့်ကာ ရေစစ်ထားပါ
    • သရက်သီး ရေစစ်ထားတုန်း ထန်းလျှက်​ခဲနှင့် ရေ 60 ml ကို အိုးကြီးကြီးထဲထည့်ပေးကာ မီးအ​နေ​တော်​ ဖြင့် ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
    • ရေပွက်ပွက်ဆူလာပြီး ထန်းလျှက်​ခဲများ ပျော်လာပါ သစ်​သား​ယောင်းမဖြင့် ခပ်နာနာလေး မွှေပေးပါ
    • ထန်းလျှက်များအားလုံး အရည်​​ပျော်​သွားတာနဲ့ ရေစစ်ထားသော သရက်သီးများကို အရင်ဆုံး ထည့်မွှေပေးပါ
    • သရက်သီးထဲ ထန်းလျှက်ရည် အရသာ ဝင်သွားတာနဲ့ ဆား လက်​ဖက်​ရည်​ဇွန်း ၃ဇွန်း ငရုတ်သီး အကြမ်းမှုန့် နှင့် မာဆလာတို့ကိုထည့်ပြီး  သမအောင် မွှေပေးပါ
    • အရသာဝင်ပြီး သမသွားအောင် မွှေပြီးတာနဲ့ မီးအပူရှိန်ကို အနည်းငယ် ထပ်​မြှင့်​ပေးပါ
    • မီးရှိန် နည်းနည်း ပိုပူလာတာနဲ့ သရက်သီးများကို အရသာဝင်​​အောင်​ ထပ်​မွှေပေးပါ
    • မွှေနေစဉ်မှာဘဲ သရက်သီးထဲမှ အရည်အနည်းငယ် ထွက်လာပါလိမ့်မယ်
    • ထိုအရည်များ ခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာစေရန်ဆက်ပြီး ကျိုပေးပါ
    • ကျိုနေစဉ်မှာဘဲ ထန်းလျှက်ရည်များ အရမ်းခမ်းပြီး ခဲမသွားစေရန် မီးပိတ်ပေးပါ
    • မီးပိတ်ပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
    • သရက်သီး အစိမ်းယို အအေးခံထားတာ အေးသွားပြီဆိုတာနဲ့ တထုတ်ထုတ်နှင့် စားလို့ကောင်းတဲ့ သရက်သီးစိမ်း အစပ်ယို ရှူးရှူးရှဲရှဲလေးကို မဆလာနံ မွှေးမွှေးလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။