Thursday 14 September 2017

ဟင်းချက်အနှစ် ပြုလုပ်နည်း (ဒုတိယနည်း)










လုပ်များတဲ့ အိမ်ရှင်မတွေအတွက် တစ်ပါတ်စာ တာရှည်ခံ ငရုတ်သီးထောင်းလေး အဆင်သင့်ရစေဖို့ရာ အားလပ်ရက်လေးမှာ ပြင်ဆင်ထားနိူင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်၊၊

အရင်တစ်ခါက ရေခဲသေတ္တာ အသုံးပြုသူတွေအတွက် ပြင်ဆင်ထားနိူင်တဲ့ နည်းဖြစ်ပြီး ဒီတစ်ခါတော့  ရေခဲသေတ္တာ အဆင်မပြေတဲ့ သူတွေအတွက် အဆင်ပြေစေတဲ့ နည်းလေးပါ။

တစ်ပါတ်စာအတွက် မိမိချက်မည့် ဟင်းအပေါ် မူတည်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ချင့်ချိန်ပြီး ထောင်းပေး ကြိတ်ပေးနိူင်င်ပါတယ်။

ဟင်းအနှစ်အရသာက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်း မတူနိူင်တဲ့အတွက်ကြောင့် မိမိနှစ်သက်ရာ အမွှေးအကြိုင်များကိုထည့်ပြီး ထောင်းနိူင် ကြိတ်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများနှင့်ပြင်ဆင်ပုံ
  1. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း ၄ဇွန်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂ဝခန့်  (အခွံခွာပြီး ရေဆေးထားပါ)
  3. ကြက်သွန်နီ - အလုံးကြီးကြီး ၆လုံးခန့် (အခွံခွာပြီး ရေဆေးထားပါ)
  4. ချင်း - ၃လက်မခန့် (အခွံခွာပြီး ရေဆေးထားပါ)
  5. ဆား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ဆီ - လိုသလောက် သုံးပေးပါ
ပြုလုပ်ပုံ
  • ပါဝင်ပစ္စည်း အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက်ထဲမှာ ကြက်သွန်ဖြူ ကြပ်သွန်နီ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးပါ  
  • စပါးလင် နှစ်သက်ပါက စပါးလင်ထည့်ပေးကာ အားလုံးကို ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံထဲ ထည့်ပေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးမှုန့်နှင့် အမွှေးအကြိုင်များထည့်ကာ ကြိတ်ထားသော ဟင်းအနှစ်အား ဇလုံသန့်သန့်ထဲ ထည့်ပေးကာ ဆားနှင့်ဆီထည့်ကာ သမအောင် နယ်ပေးပါ
  • အားလုံးသမသွားပြီ ဆိုတာနဲ့ ငရုတ်သီးထောင်းကို ဆီမြုပ်အောင် ဆီများများထပ်ထည့်ပေးပြီး ဇကာသန့်သန့်လေးနှင့် အုပ်ထားပေးပါ
  • ဆီမမြုပ်ပါက အပေါ်ယံတွေ မည်းလာတတ်ပြီး မှိုတက်နိူင်တဲ့အတွက် သတိထားပြီး ဆီများများ ထည့်ပေးပါ
  • ဟင်းချက်မည် ဆိုပါကလဲ ဆီစိမ်ထားသော ငရုတ်သီးပန်းကန်ကို ရေခြောက်နေသော ဇွန်းဖြင့် လိုသလောက် ခပ်ယူပေးပါ
  • အရသာ ထည့်ထားသော ငရုတ်သီးများကို ဇလုံသန့်သန့်ထဲသို့ ကုန်အောင်ထည့်ပြီးတာနဲ့ ဗလင်ဒါကို ရေအနည်းငယ်နဲ့ကျင်းပြီး ဟင်းချက်ရာတွင် သုံးရန်အတွက် ထိုအရည်ကိုလဲ လေလုံအိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ ထည့်ခဲထားပါ
  • ဆီစိမ်ထားသော ငရုတ်သီးထောင်းထဲအား ရေမဝင်အောင် သတိပြုပြီး သိမ်းထားပါက တစ်ပါတ်စာအတွက် ဟင်းအနှစ်ကို  ဟင်းချက်ရန်အတွက် အဆင်သင့် သိမ်းထားနိူင်ပါပြီ
  • ငရုတ်သီးအထဲမှာ ဆားပါဝင်နေသောကြောင့် ဟင်းချက်ရာတွင် အရသာအတွက် ဆားကိုအနည်းငယ် လျှော့သုံးရန်လဲ သတိပြုပေးစေချင်ပါတယ်။

No comments:

Post a Comment