Sunday 30 April 2023

ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း





ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းဥပင်က ကန်စွန်းညွန့်လေးတွေခူးကာ ပုဇွန်လေးတွေနဲ့ရောကာ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းပြီးရွက် - အနေတော် ဇကာတစ်လုံး
  2. ပုဇွန် - မိမိနှစ်သက်သလောက်ထည့်ပါ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • ကန်စွန်းကြီးရွက်ကို အနေတော် ဖဲ့ပြီး ရေဆေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းကြီးရွက်များ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကန်စွန်းကြီးရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းကြီးရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Sunday 23 April 2023

ဘဲသား ဆန်ပြုပ်

 



ဒီနေ့တော့ ဆောင်းရာသီရဲ့အေးချမ်းတဲ့ဒဏ်ကို ခံနိူင်ဖို့အတွက် ဘဲသားနဲ့ ဆန်ပြုပ်လေး ပြုပ်ကာ အီကြာကွေးနဲ့ သောက်ပါတယ် အရမ်းသောက်လို့ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ်ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ဘဲသား - အနေတော် တစ်စိတ်
  3. ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း လေးဇွန်း ( ဇွန်းတစ်၀က်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (တစ်၀က်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး၄မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  8. ငရုတ်ကောင်းမှုန့် - လိုသလောက် ပြင်ပေးပါ
  9. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
  10. အီကြာကွေး - လိုသလောက် ပြင်ထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်ကိုထဲ့ပြီး ရေနှစ်ထပ်လောက် ဆေးပေးကာ ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများ ကျေလာအောင် ပြုပ်ပေးပါ
  • ဘဲသားကို အခြမ်းလိုက် ရေဆေးပေးပါ
  • ရေဆေးထားသော ဘဲသားကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ဘဲသားပြုပ်ထားစဉ် အပေါ်ယံကို တက်လာသော အမြှုပ်များကို ခပ်ခပ်ပြီး သွန်ပေးပါ
  • ဘဲသားအိုး ရေခမ်းတာနဲ့ ဘဲသားကို အသားမျှင်လေးတွေ ရအောင်ထွင်ထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
  • အီကြာကွေးကို မထူမပါးလေးတွေ ညှပ်ထားပါ
  • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ဆန်ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်များနူးပြီ ဆိုပါက ရေကို မိမိလိုသလောက် ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ဘဲသားပြုပ်ထားတာကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့် နှစ်ဇွန်းကိုထဲ့ပြီး အရသာ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မိမိနှစ်သက်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက မီးနွေးနွေးနဲ့ တည်ထားပါ
  • ပန်းကန်လုံးထဲမှာ ဘဲသားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ အီကြာကွေး ငရုတ်ကောင်းမှုန့်  ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပေးပြီး သောက်နိူင်ပါပြီ

Thursday 20 April 2023

ဝက်သား ပဲသီးကြော်


 ဒီနေ့တော့ ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီး ဝက်သားနဲ့ ကြော်ထားပါတယ် အသီးအရွက်ကြိုက်တဲ့ သူတွေအတွက် ထမင်းမြိန်ရာ ဟင်းတမယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းအလွယ်လေးကို မျှေဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲတောင့်ရှည် - နှစ်ဆယ့်ငါးတောင့်
  2. ဝက်သား - မိမိနှစ်သက်သလောက်ထည့်ပါ
  3. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဆား အရသာမှုန့်တို့နဲ့ သင့်သလို နယ်ထားပါ
  • ပဲသီးကို ရေဆေးပြီး ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ လှီးထားသော ဝက်သားကို ထည့်ကြော်ပေးပါ
  • ဝက်သားက အဆီပါတဲ့အတွက် အသားကို မာတယ်ဆိုရုံလေး ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ဝက်သားထဲက အရည်များ ခမ်းသွားတော့မှ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နွမ်းတာနဲ့  ပဲသီးများကို ထည့်ကြော်ပါ
  • ပဲသီးများ ထည့်ပြီးတာနဲ့ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးပါ
  • ပဲသီးများ အနည်းငယ် နွမ်းလာတာနဲံ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။ 

Tuesday 18 April 2023

ဝက်အူမကြီး ကြက်ဟင်းခါးသီးဟင်း

 


ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ဝက်သားစင်းကောနဲ့ ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ဝက်သားစင်းကော - မိမိနှစ်သက်သလောက် သုံးပေးပါ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ လေးထောင့်အတုံးလေးတွေ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
  • ဝက်အူမကြီးကိုရေစင်အောကိဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ လှီးထားသော ဝက်အူမကြီးကို ထည့်ကြော်ပေးပါ
  • ဝက်အူများ မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ဝက်အူထဲမှ ရေခမ်းလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားတဲ့အထိ ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်မွှေပေးပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေ အနေတော်လောက် ထည့်ပေးကာ အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • အိုးထဲမှာ ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ဝက်အူမကြီး ကြက်ဟင်းခါးသီးဟင်းကို စားသုံးဖို့ ပြင်ဆင်ပေးနိူင်ပါပြီ။

Saturday 15 April 2023

မုန့်လုံးရေပေါ်


သင်္ကြန်ချိန်ခါ ရောက်လာတာနဲ့ အရင်ဆုံး စိတ်ထဲပေါ်လာတာက ပိတောက်ပန်းနဲ့ မုန့်လုံးရေပေါ်ပါဘဲ ရာသီစာ ရိုးရာအစာလေး ဖြစ်နေတာကြောင့် ဒီနေ့တော့ မုန့်လုံးရေပေါ် အိအိလေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ဗူး
  3. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး 
  4. အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
  5. ထန်းလျှက်ခဲ - လက်သန်းတစ်ဆစ်စာလောက် အခဲ၂၀ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ်ထဲမှာ ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  • သမသွားသော ထိုအမှုန့်ထဲကို ရေ နည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နယ်ပေးပါ
  • ရေကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်း ထည့်ပေးပါ
  • တစ်ခါတရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် နည်းနည်းချင်း ထည့်ပေးရခြင်း ဖြစ်ပါတယ်
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစွတ်ပြီး ရေညှစ်ကာ အုပ်ထားပြီး နာရီ၀က် တစ်နာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
  • ထန်းလျှက်ခဲကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးဖတ်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေး နယ်ထားပြီး ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
  • မုန့်လုံးရေပေါ် ကျက်ရင်ဆယ်ပြီးထည့်ဖို့ ဇလုံတစ်လုံးထဲမှာ ရေထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
  • ပြီးတာနဲ့ အလုံးလေး ဖြစ်လာအောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝိုက်ပြီး လုံးလိုက်ပါ
  • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
  • ချိုင့်သွားသော နေရာထဲသို့ထန်းလျှက်ခဲ အစိတ်လေး တခုထည့်လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝိုက်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ထန်းလျှက်ရည်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • မုန့်သားအားလုံး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တစ်လုံးချင်း တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပါ
  • မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားမျာ းကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဇွန်းဇကာနှင့် ဆယ်ပေးပါ
  • ရေပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ ရေထည့်ထားသော ဇလုံထဲသို့ တန်းပြီးထည့်ပေးပါ
  • မုန့်လုံးရေပေါ် အေးသွားတာနဲ့ ရေစိမ်ထားသော မုန့်လုံးရေပေါ်များကို ဆယ်ပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးဖြူးပေးပြီး ဆွမ်းတော်ကပ်ဖို့ ဖယ်ပေးထားကာ  စားသုံးရန် ပြင်ပေးနိူင်ပါပြီ

Thursday 13 April 2023

ရုံးပတေသီးနှပ်

 

ဒီနေ့တော့ ရုန်းပတေသီးလေးတွေ ဝယ်လာပြီး အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရုန်းပတေသီး - အတောင့်နှစ်ဆယ်ခန့်
  2. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲငံပြာရည်အကြည် - ထမက်းစားဇွန်း နှစ်ဇွန်း
  5. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သွန်ဖြူ ဆီသတ်ရန်)
  10. ရေ - ရုန်းပတေသီးပြုပ်ရန် လိုသလောက် သုံးပေးပါ
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ရုန်းပတေသီးပြုပ်ရန်)
  12. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ရုန်းပတေသီးပြုပ်ရန်)
ပြင်ဆင်ချက်ပြုပ်ပုံ
  • ရုန်းပတေသီးကို ရေဆေးပြီး ရေစစ်ကာ ထိပ်ဖက်နှင့် အမြှီးပိုင်းကို ဖြတ်ပေးကာ မထူမပါးလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် ခရုဆီ နှမ်းဆီ အရသာမှုန့်နှင့် ရေတို့ကိုထည့်ပြီး သမအောင် မွှေထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ ဆားနှင့်ဆီတို့ထည့်ကာ ပွက်ပွက်ဆူအောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ရုန်းပတေသီးကို တစ်မိနစ်ခွဲလောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားတဲ့ ရေများကို သွန်ပေးပြီး ရေအေးနှင့် သုံထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် နူးလာတာနဲ့ အရသာ စပ်ထားသော အရည်များကို ထည့်မွှေပေးပါ
  • အရသာ အရည်များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ပေးကာ ရေစစ်ထားသော ရုန်းပတေသီးကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  ချက်ချင်းဘဲ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက ရုန်းပတေသီးနှပ် ပူပူလေးကို စားသုံးနိူင်ပါပြီ။

Tuesday 11 April 2023

သတ်သတ်လွတ် ကြက်ဟင်းခါးသီးဟင်း

 



ဒီနေ့တော့ ကြက်ဟင်းခါးသီးကို မြေပဲလှော် အုန်းသီးတို့နံ့ စိမ့်စိမ့်မွှေးမွှေး အရသာလေး ရလာအောင် ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ သတ်သတ်လွတ် ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး အကျစ်သီး - အနေတော် လေးလုံး
  2. မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
  3. အုန်းသီးခြစ်ပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
  • လှော်ပြီးသာ မြေပဲကို ညက်နေအောင် ကြိတ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ထောင်းထားသော မြေပဲနှင့် အုန်းသီးတို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  မိနစ်ဝက်လောက် ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေအနေတော်လောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မြေပဲအရသာ စိမ့်စိမ့်လေးနဲ့ အုန်းသီးနံ့လေးသင်းနေတဲ့ ကြက်ဟင်းခါးသီးဟင်း စိမ့်စိမ့်စပ်စပ်လေးကို စားသုံးရန် ပြင်ဆင်ပေး နိူင်ပါပြီ။

Sunday 9 April 2023

ကန်စွန်းဥ ခေါက်ဆွဲကြော်

 


ဒီတစ်ခါတော့ ဝက်သားလုံးလေးတွေနဲ့ ကန်စွန်းဥ ခေါက်ဆွဲကို ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေး ရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းဥခေါက်ဆွဲအစို - သုံးဆယ်သား
  2. မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ဝက်သားလုံး - ငါးလုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  10. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  11. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဝက်သားလုံးကို ဒယ်အိုထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေခမ်းသွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • မုန့်ညှင်းဖြူကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ 
  • ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ မုန့်ညှင်းဖြူနှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကိုနှင့် ဝက်သားလုံးတို့ကို ထည့်ကြော်ကာ အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ ကန်စွန်းဥ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Thursday 6 April 2023

ဝက်သား ကြက်ဟင်းခါးသီးဟင်း

 



ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ဝက်သား သုံးထပ်သားလေးနဲ့ ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ဝက်သားသုံးထပ်သား - မိမိနှစ်သက်သလောက် သုံးပေးပါ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ မထူမပါးလေးတွေ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
  • ဝက်သားကို ရေဆေးကာ လက်နှစ်လုံးလောပ် အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ ဝက်သားကို ထည့်ကြော်ပေးပါ
  • ဝက်သား အသားလေးတွေ မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • အသားထဲမှ ရေခမ်းလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားတဲ့အထိ ထည့်ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်မွှေပေးပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေအနည်းငယ်ထည့်ကာ အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • အိုးထဲမှာ ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ဝက်သား ကြက်ဟင်းခါးသီးဟင်းကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Wednesday 5 April 2023

ဝက်နံရိုးကြော် ကြွတ်ကြွတ်လေး



ဒီတခါတော့ ဝက်နံရိုးလေးတွေ ဝယ်လာဖြစ်လို့ ဝက်နံရိုးလေးကြော်လေး ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး ကြော်ရတာလဲ အရမ်းကို လွယ်ကူတဲ့အတွက် ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အသားထူသော ဝက်နံရိုး  -  500 g
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ခွက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်သာသာ
  4. ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးသာသာ

ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ချင်းရည် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ် ဖျော်ပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် ဖြစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • မုန့်နှစ်အရမ်းမပျစ် အရမ်းမကျဲစေရန်အတွက် ရေကိုချင့်ချိန်ထဲ့ပြီး လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်နံရိုးကို ရေဆေးကာ ရေစစ်ထားပြီး ပုံပါအတိုင်း တစ်လက်မသာသာ အနေတော် တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဝက်နံရိုးကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်နံရိုး မုန့်နှစ်လူးကို တစ်တုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက ဝက်နံရိုးမှာ ကပ်နေသော အသားများ မကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်နံရိုးကြော် တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်နံရိုးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီး သုံးဆောက်လို့ ရပါပြီ။

Sunday 2 April 2023

ဝက်နံရိုးဆီပြန်

 


ဒီနေ့တော့ ဝက်နံရိုးကို မျှင်ငပိလေး အနည်းငယ်ထည့်ကာ ချက်ထားပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်နံရိုး - 500 g 
  2. မျှင်ငပိ - လက်မတစ်ဆစ်စာ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဝက်နံရိုးများကို အတုံးလိုက် ရေဆေးပြီးမှ ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး မျှင်ငပိ ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် ဝက်နံရိုးကို ဆီနိုင်နိုင် သတ်ပေးပြီးမှ ချက်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်နံရိုးကိုထည့်ပြီး ဆီသတ်ပါ
  • ဝက်နံရိုးများ ထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ဝက်နံရိုးများ လုံးမိစေရန် ရေအနည်းငယ် ထည့်ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဝက်နံရိုးများ အရောင်ပြောင်းလာပြီး လုံးမိပြီ ဆိုတာာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ထည့်ထားသော ရေများကို မခမ်းတစ်ခမ်း တည်ပေးပြီး နောက်ထပ်ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ဒုတိယ တစ်ရည်မခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • ဟင်းအိုးထဲမှာ ဆီပြန်လာတာနဲ့ မီးပိတ်ပေးပြီး ဝက်နံရိုးဆီပြန်ဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 1 April 2023

ပန်းဂေါ်ဖီစိမ်းကြော်


 ဒီနေ့တော့ ပန်းဂေါ်ဖီစိမ်းကို ကြက်ဥနဲ့ မွှေကြော်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်အောင် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပန်းဂေါ်ဖီစိမ်း အစိမ်းကြော် ကြော်နည်လေးးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပန်းဂေါ်ဖီစိမ်း - အနေတော် 
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
  7. ကြက်ဥ - တစ်လုံး
ပန်းဂေါ်ဖီစိမ်းပြုပ်ရန်
  • ပန်းဂေါ်ဖီစိမ်းကို အပွင့်လိုက် ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပန်းပွင့်ပြုပ်လောက်ရုံ ရေနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ ထမင်းစားဇွန်းတို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ပန်းဂေါ်ဖီစိမ်းလေးတွေကိုထည့်ကာ နှစ်မိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေပူများသွန်ပြီး ရေစစ်ထားပါ

ပြင်ဆင်ပုံ

  • ပန်းဂေါ်ဖီစိမ်းနှင့်အတူ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်နီကို နွမ်းလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပန်းဂေါ်ဖီ ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • အရသာ သမသွားအောင် မွှေပေးပြီးတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • ကြက်ဥကျက်တာနဲ့ ပန်းဂေါ်ဖီနှင့် ရောမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ မီးပိတ်ပေးပါ 
  • အရသာ သမသွားတာနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ပန်းဂေါ်ဖီစိမ်း အစိမ်းကြော်လေး ရပါပြီ။