Monday 19 November 2012

မုန့်ညှင်း ခရုဆီကြော်

မုန့်ညှင်းကြော်
ဘေဘီမုန့်ညှင်းလေးပါ ဘာအသားမှမထဲ့ဘဲ ခရုဆီလေးနဲ့ဘဲ ကြော်ထားပါတယ် သူ့အရွက်က နဂိုထဲကချိုပြီးသားမို့ သားသတ်လွတ်လေးကြော်လဲ အရမ်းကောင်းပါတယ် ဒီနေ့တော့ အပြောင်းအလဲလေးဖြစ်အောင် ခရုဆီလေးနဲ့ကြော်ထားတာလေး ပို့ခဲ့ပါပြီ

ပါဝင်ပစ္စည်းများ

  1. တစ်ရွက်ချင်းဖဲ့ကာ ရေဆေးထားသော ဘေဘီမုန့်ညှင်း - နှစ်ပင်
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. အကွင်းလိုက် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး

အရွက်လိုက်ဖဲ့ပြီး ရေဆေးထားသျောဘဘီမုန့်ညှင်း

ပွက်ပွက်ဆူနေသောရေနွေးနှင့် တမိနစ်လောက် စိမ်ထားပေးပါ

ရေနွေးထဲမှဆယ်ကာ ရေအေးနှင့်ပြန်စိမ်ပေးပြီး ရေစစ်ထားသောမုန့်ညှင်းရွက်

ဆီပူပူမှာကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပြီးမှ
မုန့်ညှင်းရွက် ဆား ဟင်းချိုမှုန့် ခရုဆီတို့ကိုထဲ့ကြော်ပေးပါ

တစ်မိနစ်ခွဲလောက်ကြော်ပေးပြီးရင်ရပါပြီ

ခရုဆီမွှေးမွှေးလေးနှင့် ဘေဘီမုန့်ညှင်းကြော် ချိုချိုလေးရပါပြီ

Wednesday 14 November 2012

မန်ကျည်းရွက်ပေါင်းသုပ်








ဒီနေ့တော့ တစ်မနက်လုံး ဘလော့မှာ ပုံတင်လို့မရလို့ ဟိုလုပ်ဒီလုပ်နဲ့ အလုပ်လေး နဲနဲများသွားခဲ့ပါတယ် ဘာချက်ရင်ကောင်းမလဲ စဉ်းစားပြီး နောက်ဆုံးတော့ မကျီးရွက်နုပေါင်းလေးဘဲ သုပ်စားဖြစ်ခဲ့ပါတယ် ။

အိမ်မှာစိုက်ထားတဲ့ ဗူးညွန့်လေးကို ဆင်းခူးပြီး ဟင်းခါးလေး တစ်ပန်းကန် ချက်လိုက်ပါတယ် ထမင်းမိန်စေတဲ့ အသုပ်လေးမို့ အသားမနှစ်သက်တဲ့ မာမာတို့တွေအတွက် မြိန်ရာဟင်းကောင်းလေး ဖြစ်ခဲ့ပါတယ်။ လတ်လတ်ဆတ်ဆတ် ဗူးရွက်ဟင်းခါးလေးကလဲ ချိုမှချိုမို့လို့ နှစ်သက်စရာ အရည်သောက်လေးနဲ့ လိုက်ဖက်လွန်းတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းရွက်နုပေါင်း - ထမင်းစားဇွန်း ခြောက်ဇွန်းစာ
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ပုဇွန်ခြောက်မှုန့်  - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ


  • မန်ကျည်းရွက်နုပေါင်းနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး ခပ်ဖွဖွ ရောနယ်ပေးပါ
  • မန်ကျည်းရွက်နုပေါင်းထဲမှာ အငံပါတဲ့အတွက် အငံအရသာ မထည့်ဘဲ သုပ်ပေးပါ
  • အရသာ နယ်ပေးပြီးတာနဲ့ လိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday 7 November 2012

Butter Cake

Butter Cake


မာမာ ဒီနေ့ သမီးလေးနဲ့အတူတူ butter Cake လေးဖုတ်ပါတယ် စိတ်ထဲမှာ စားချင်စိတ်လေးရှိတာနဲ့ မြန်မြန်လေးဘဲပြင်ဆင်ပြီး ဖုတ်ထားတာပါ အားလုံးလိုလို သမီးဘဲပြင်ဆင်ပြီး လုပ်သွားပါတယ် မာမာကအကူပေါ့နော်။

မုန့်လေးတွေဖုတ်ရတာအရမ်းလွယ်ပြီး စားရတာလဲ အရမ်းအရမ်းကောင်းလို့ မျှဝေပေးချင်ပါတယ်
မုန့်မဖုတ်ခင် ပြင်ဆင်နေတုန်း Oven ကို နာရီဝက်လောက် ကြိုဖွင့်ထားမှ မုန့်သားလှလှလေးတွေရပါမယ် နောက်ပြီးဒီမုန့်လေးက စက်ဖျော်မဟုတ်ဘဲ လက်ဖျော်လေးမို့ ကတိကထလဲ မများလှပါဘူး မုန့်သားစပ်ပြီး လက်နဲ့ဖျော်ပြီး  မွှေပေးရုံလေးမို့ ကဗျာလဲအရမ်းဆန်ပါတယ် မွှေနေရင်းက မုန့်သားလေးတွေ တက်တာကြည့်ပြီး  ပိုပြီးစိတ်ဝင်စရာလဲ ကောင်းပါတယ်။

ဝါသနာပါလို့ Butter Cake လေး ဖုတ်ကြည့်မယ်ဆိုရင်တော့
ပါဝင်ပစ္စည်းလေးတွေကိုပြင်ပါမယ်
  • 2 cups self raising flour   
  • 2 eggs
  • 125 g butter
  • 2/3 cup milk
  • 1 tsp vanilla essence
  •  3/4 cup caster sugar
  • 3 tsp Raspberry  

အားလုံးကိုရောပြီးဝါးယောင်းမလေးနှင့်ငါးမိနစ်လောက်မွှေပေးပါ
နှစ်သက်သလိုလေးတွေဲ့ပြီးဖုတ်နိုင်ပါတယ်
မုန့်ဖုတ်မည့်ခွက်ကိုဆီဖြန်းပြီးမှမုန့်နှစ်ကိုထဲ့ပေးပါမယ်
တစ်ရာ့ငါးဆယ်ဒီဂရီနှင့်ဖွင်းထားသောoven တွင် မာဖင်ခွက်လေးများ
ကို၂၅မိနစ် ဖုတ်ပေးပြီးloaf pan ကိုမိနစ်၄၀ဖုတ်ပေးပါတယ်
နှစ်ဆယ့်ငါးမိနစ်ပြည့်လျှင်ထုတ်ပေးနိုင်ပါပြီ
မိနစ်၄၀ -၄၅မိနစ်ပြည့်လျှင်ရပါပြီ
ကိတ်လှလှလေးများရပါပြီ
ရက်စ်ဘယ်ရီယို သုတ်ထားတဲ့ကိတ်လေးပါ
Butter Cake မွှေးမွှေးလေးပါ
စားချင့်စဖွယ် Butter Cake လေးများရပါပြီ

Thursday 1 November 2012

ကြက်ဆီထမင်း


မာမာ ဒီနေ့ကြက်ဆီထမင်းလေး ချက်ပါတယ် တစ်နေ့တစ်နေ့ ဘာချက်ရင်ကောင်းမလဲ ဘာစားရရင်ကောင်းမလဲဆိုတဲ့ အတွေးတွေက အိမ်ရှင်မတွေအတွက် တော်တော်လေး ခေါင်းစားတဲ့ အလုပ်တစ်ခုပါ။

အသားငါး အကုန်စားတဲ့ မိသားစု ဆိုရင်တော့ သိပ်စဉ်းစားစရာ မလိုပေမဲ့ အသားငါးတွေရှောင်တဲ့ မိသားစုတွေ အတွက်တော့ အရမ်းကို စဉ်းစားရပါတယ်။

မနက်စာ အတွက်ကို ညထဲက မေးရပါတယ် ဘာစားချင်ကြလဲ ဘယ်လိုလေး ချက်ပေးရမလဲ သူတို့ဆီကအဖြေရရင်တော့ အဆင်သင့် ချက်ပေးလိုက်ရုံပါဘဲ သူတို့ဆီက အဖြေမရတဲ့ နေ့ဆိုရင်တော့ ကိုယ့်စိတ်ထဲရှိတာလေးဘဲ ချက်လိုက်ပါတယ်။

ဒီနေ့တော့ မာမာစိတ်ထဲ ရှိတဲ့အတိုင်း ကိုယ်စားချင် သလိုလေးဘဲ ချက်လိုက်ပါတယ် မာမာ ဒီနေ့ချက်တဲ့ ကြက်ဆီထမင်းလေးက အရမ်းလွယ်ပါတယ်။

မနေ့ညက TV အစီအစဉ် တခုကလာတဲ့ ကြက်ဆီထမင်း ချက်နည်းလေးကိုကြည့်ပြီး ချက်ထားတာပါ သူကတော့ မြေအိုးလေးနဲ့ ချက်ပါတယ် မာမာကတော့ မြေအိုးမရှိတာနဲ့ ထမင်းပေါင်းအိုးလေးနဲ့ ဘဲချက်လိုက်ပါတယ်။

ချက်နည်းလေးက ပကာသန မဖက်သလို အရမ်းကို ရိုးရှင်းပါတယ် ဒါပေမဲ့ချက်ပြီးတဲ့ အခါမှာတော့ စားလို့အရမ်းကောင်းတဲ့အတွက် ရိုးရှင်းလွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ ကြက်ဆီထမင်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - တကီလိုခန့်
  2. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  3. ကြက်အဆီဖတ် - ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
  4. စပါးလင် - ၈လက်မခန့်
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တလုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန်  ခွဲသုံးပါ)
  7. ကြက်သွန်မိတ် - ၃ပင်
  8. ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
  9. နံနံပင် - အနည်းငယ်
  10. ငရုတ်သီးစိမ်း - ၅တောင့်
  11. သံပုရာသီး - တခြမ်း
  12. ပျားရည် - ထမင်းစားဇွန်း တ၀က် ပျားရည်မရှိက သကြား ထမင်းစားဇွန်း တဇွန်း
  13. ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၃ဇွန်း
  14. သခွားသီး - အနည်းငယ်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း  ၂ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ ( ကြက်ပြုပ်ထဲ၂ဇွန်းထည့်ရန်နှင့် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
  17. ရေ - လိုသလောက် သုံးပေးပါ
  18. ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး (ထမင်းချက်ရန်)


ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  • ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ
  • စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  • ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  • တဖက်ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ
  • မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
  • ဆား အနည်းငယ်ကို ပြင်ထားပါ
  • ကြက်အဆီဖတ်ကို ရေဆေးထားပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်း
  • ဒယ်အိုးတလုံးကို အပူပေးပါ
  • ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  • ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
  • ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ
  • သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ 
  • ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး  ဆန်မာကိုသုံးပါက ရေပိုထည့်ပါ
  • ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
  • ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • နံနံပင်ကို မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ
  • ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ

ဟင်းချိုရည်ချက်ရန်

  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။