Sunday 30 April 2017

အုန်းသီးမှုန့်လူး သာကူပျင်






သင်္ကြန်တုန်းက သင်္ကြန်မုန့်လေးတွေ လုပ်စားဖြစ်ပေမဲ့ မုန့်လုပ်နည်း အကုန်လုံးကို တပြိုင်နက်ထဲ မရေးနိူင်ခဲ့လို့ ဒီနေ့တော့ အုန်းသီးမှုန့်လူး သာကူပြင်မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

သာကူ - ၂ ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
ရေ - ၂ ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
လိမ္မော်ရည် - တစ်ွခွက် ( သာကူလိမ္မော်ရောင်အတွက် သုံးရန်)
ရေ - တခွက် ( ဆွမ်းမွှေးကြိတ်ရည်နှင့် ရောသုံးရန်)
သကြား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
ခြစ်ထားသော အုန်းသီးဖတ် - တစ်ခွက် ( မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ဆွမ်းမွှေးရွက် - ၂ရွက်
ဆွမ်းမွှေးရေ - တစ်ခွက် ( မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)

သာကူကျိုရန် အရည်အရသာစပ်နည်း

ဆွမ်းမွှေးရွက် ၂ရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
ဘလန်ဒါထဲမှာ ဆွမ်းမွှေးရွက်နှင့် ရေတစ်ခွက်ကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ 
ဆွမ်းမွှေးရွက် ညက်သွားနေတာနဲ့ ပိတ်စပါးပါးထဲ ထည့်ပြီး ဆွမ်းမွှေးရည်ကို ယူထားပါ
လိမ္မော်ရည်ကိုတော့ ready made ဖျော်ရည်ကို သုံးထားပါတယ်
လိမ္မော်ရည်ကို ရေ ထမင်းစားဇွန်း ၄ဇွန်းလောက်နဲ့ ရောထားပါ
သာကူကျိုနေစဉ် အသုံးပြုသော သာကူများ မတူနိူင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ပြီး ကျိုပေးပါ

ပြင်ဆင်ပုံ

သာကူကို ရေမြန်မြန်ဆေးပြီး ရေစစ်ထားပါ
ရေစိမ်တာ ကြာပါက သာကူများ ကျေကုန်နိူင်ပါတယ်
ရေနှင့်လိမ္မော်ရည်ကို ဖျော်ထားပါ
ရေနှင့် ဆွမ်းမွှေးရွက်ဖျော်ရည်ကို ရောပြီးဖျော်ထားပါ
အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ လိမ္မော်ဖျော်ရည်နှင့် ဆား တို့ကိုထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးပါ
အရည်များ ဆူပွက်လာလျှင် သာကူကို ထည့်ပြီး အဆက်မပြတ် မွှေပေးပါ
၃ မိနစ်လောက် မွှေပေးပြီးမှ သကြားကို နောက်ဆုံးမှ ထည့်ပေးပါ
သကြားထည့်ပေးပြီး သာကူစေ့ရဲ့ အလည်မှ အဖြူရောင် ၀တ်ဆံလေးအနည်းငယ် ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချပြီး အအေးခံမည့် ဘန်း သို့မဟုတ် ဘူးထဲထည့်ပေးပြီး အအေးခံပေးပါ
သာကူများ အေးသွားပါက ရေခဲသေတ္တာ အောက်ထပ်မှာ တညသိပ် ထားပေးပါ
နောက်နေ့မှာ ပုံပါအတိုင်း သာကူစေ့ အလယ်မှ ၀တ်ဆံဖြူလေးမျာ ပျောက်သွားကာ ဖောင်းဖောင်းအိအိလေးတွေ ဖြစ်လာပါလိမ့်မယ်
အေးသွားသော သာကူများကို ဓါးကိုဆီသုတ်ပြီး အနေတော် အတုံးများ တုံးပေးကာ အုန်းသီးဖတ်များဖြင့် လူးပေးပါ
အုန်းသီးဖတ်များ လူးပြီးပါက ချိုစိမ့်စိမ့် သာဂူပြင်လေးများကို သုံးဆောင်နိူင်ပါပြီ။

မှတ်ချက် ။ ။ သာကူကျိုရာတွင် အသုံးပြုသော သာကူများ မတူနိူင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ကာ ချင့်ချိန်ပေးရန် သတိထားပေးပါ။

Friday 28 April 2017

ငါးမြင်း ငါးဆားနယ်




ဒီနေ့တော့ ငါးမြင်းငါးဆားနယ်လေး လုပ်ထားတာ ရလာပြီဖြစ်လို့ ငါးဆားနယ်လေး ကြော်ပါမယ်။
ငါးမြင်းလို့နံမည်တပ်ပေမဲ့ မြန်မာပြည်မှာ မွေးမြူရေးငါးတန်ကို ငါးမြင်းလို့ နံမည်တပ်တယ်ဘဲ ထင်ပါတယ် ငါးမြင်းအစစ်က ငါးအသားက အ၀ါရောင်ဘက်ကိုသန်းပြီး စားရတာ ပိုပြီးနူးညံ့ပါတယ်။

ငါးတန်ငါးကတော့ အနံ့သိပ်မကြိုက်တဲ့အတွက် ချက်စားရတာထက် ငါးဆားနယ်လုပ်ပြီး ကြော်စားရတာ ပိုပြီးကောင်းပါတယ် ဒါကြောင့်မို့လို့ ငါးဆားနယ်လုပ်ကာ ကြော်ထားတဲ့ ငါးဆားနယ် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးမြင်း (ငါးတန်) - တစ်ကီလို
  2. ဆီ - စားပွဲတင်ဇွန်းကြီး ၂ဇွန်း
  3. ငရုတ်သီးအခြောက်တောင့် - နှစ်သက်သလောက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်း
ငါးဆားနယ်လုပ်ရန်
  • ငါးကိုအကောင်လိုက် ရေဆေးပြီး  အနေတော် ပိုင်းပေးပါ။
  • ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  • ပန်းကန်ပြား သို့မဟုတ် ဇလုံတစ်ချပ်ခံပြီး ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  • ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  • ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ပန်းကန်တခု ထပ်ခံပေးထားပါ။
  • အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  • ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ငါးဆားနယ် ရပါပြီ။

ကြော်ရန်အတွက်
  • ငါးဆားနယ်ကို ဆားအငံ ပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ။
  • ငရုတ်သီး အခြောက်တောင့်တို့ကို ပြင်ထားပါ။
  • ဆီကိုဒယ်အိုးထဲမှာ ထည့်ပေးပြီး မီးအလယ်အလတ်လောက်နဲ့ အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
  • ပြီးတာနဲ့ ငါးဆားနယ်ကို ထဲ့ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ။
  • နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ ပိုသောဆီကို ဖယ်ပေးပြီး ဒယ်အိုးထဲမှာ အနည်းငယ်ချန်ထားကာ မီးပိတ်ပေးပါ။
  • မီးဖိုမှ လက်ကျန်အပူရှိန်နှင့် ထိုဆီထဲသို့ ငရုတ်သီးတောင့်ကိုထဲ့ကာ ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ပြီးတာနဲ့ငါးဆားနယ်ကြော်နှင့် ငရုတ်သီးတောင့်ကြော်ကို ပန်းကန်ထဲထည့်ကာ ပြင်ပေးပြီး ဒန့်ဒလွန်ရွက်ဟင်းခါး ဒန့်ဒလွန်ရွက် အရွက်နုလေးများ ပြုပ်ကာ တွဲဖက်၍ စားသုံးနိုင်ပါပြီ။

Thursday 27 April 2017

ပဲနီလေး ကြာဇံဟင်းချို




ငယ်ငယ်က အိမ်မှာပဲဟင်းချက်ရင် မျက်ရည်ဘူးသီးလုံးလောက် ကျတတ်ခဲ့တာ အခုထိ အမှတ်ရနေတုန်းပါဘဲ။

အမေ့ဘက်ကအမျိုတွေး အဖေ့ဘက်ကအမျိုးတွေက အိမ်မှာလာနေပြီး ကျောင်းတက်ကြတော့ မိသားစုထမင်းဝိုင်းက  လူအမြဲစည်ကားတတ်ပါတယ် မှတ်မိသလောက် တောရွာလေးဆိုတော့ လျှပ်စစ်မီးကလဲ မရလေတော့ ထင်းမီးနဲ့ဘဲ ချက်ကြရတယ်။

ထမင်းကို မနက်၂ပြည် ညနေ၂ပြည် နေ့တိုင်းချက်ရပြီး မနက်ပိုင်းကတော့ ဆွမ်းတော်ရယ် ဘုန်းကြီးတန်းဆွမ်း အတွက်ရယ် ပိုချက်ရပြီး ၂ပြည်က တခါတလေ ဧည့်သည်လာရင် မလောက်ချင်ဘူး ညနေကျတော့ တအိမ်သားလုံး လူဆုံချိန်ဆိုရင်တော့ ဆန်၂ပြည်ချက်က ကွက်တိပါဘဲ။

ဒီကြားထဲ ကြီးကြီးနဲ့အမေက ဟင်းချက်ကောင်းလေတော့ စားပြီဟေ့ဆိုထဲက ထမင်းဝိုင်းက မထချင်တော့အောင်ကို စားဖြစ်ပါတယ် မနက် ည အသားဟင်းကို ဝေပုံကျ စားရပြီး ငါးပိတို့စရာနဲ့ အရည်သောက် ဟင်းကတော့ ကြိုက်သလောက် ယူလို့ရပါတယ်။

အဲဒီထဲကမှ မကြိုက်ဆုံးက ဘူးသီးဟင်းနဲ့ ပဲဟင်းပါဘဲ ဘူးသီးဟင်း ပဲဟင်းလို့ သိလိုက်တာနဲ့ ခြေထောက်၂ချောင်းလိမ်ပြီး ကောက်ဖို့ပြင်တော့တာပါဘဲ မှတ်မိသလောက် အသက်၂၀ကျော်တဲ့ထိ ဘူးသီးနဲ့ ပဲဟင်းဆို မုန်းနေတုန်းပါဘဲ။

အခုတော့ ငယ်ငယ်ကမုန်းတဲ့ ပဲဟင်းဟာ ကိုယ့်ရဲ့ ဖေးဖရိတ်ဟင်း ဖြစ်လာခဲ့တာ အံ့သြစရာကြီး ဖြစ်လာခဲ့ရတယ်။

ဒါဟာတကယ်တော့ ပဲမှာပါတဲ့ အဟာရတွေကို သားနဲ့သမီးတို့ အာဟာရဖြစ်စေဖို့ ချက်ပေးရင်း တဇွန်းစနှစ်ဇွန်းစ မြည်းရင်းကနေ အခုတော့ ပဲမျိုးစုံဟာ မာမာ့မီးဖိုဆောင်မှာ မင်းမူနေခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပါပြီ။

ဒီနေ့တော့ ပဲနီလေးကို အဖော်ပြုလို့ ငါးပိချက်တို့စရာလေးနဲ့ စားကြရအောင် ပြင်ပါတယ် အရင်တခါ ပဲကြာဇံဟင်းချို ချက်နည်းလေး တင်ဖူးပါတယ် အရင်တခေါက်က ကုလားပဲခြမ်းနဲ့ ချက်တာဖြစ်ပြီး အခုက ပဲနီလေးနဲ့ ချက်တဲ့နည်းလေးကို မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲနီလေး - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ဆန်ကြာဆန် - လက်တစ်ဆုတ်စာ
  3. ကြက်သွန်နီ - ကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး ၇မွာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီချက်ချက်ရန်ဆီ - ထမင်းစားဇွန်း ၁၀ဇွန်းသာသာ (ဟင်းအိုးထဲ ထမင်းစားဇွန်ု ၃ဇွန်းစာထည့်ပြီး ပိုတာကို ဖယ်ထားပါ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ချင်း - လက်တစ်ဆစ်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပဲနီလေးကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်နှင့် ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
  • ပဲနီလေးက အနူးမြန်စေတဲ့အတွက် စပြီးပြုပ်တဲ့ရေနဲ့ဘဲ ပဲကိုနူးစေပါတယ်
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထဲ့ပြီး စိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး တလုံးလုံးကို ၈စိပ်ရအောင် လှီးပါ
  • ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး တ၀က်ကို ဆီချက်ချက်ရန် ဖယ်ထားပါ
  • ဆီကို နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်ဖြူ တ၀က်ကို မွှေးလာတဲ့ထိ ချက်လိုက်ပါ
  • ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာရေထဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးတည်ပေးပါ
  • ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်နှင့်ဆားကိုထဲ့ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များ အရည်နူးလာပါက ဆန်ကြာဇံကို ရေစစ်ပြီး ဟင်းရည်အိုးထဲ ထည့်ပေးပါ
  • ကြာဆန်ထဲ့ပြီး ၂မိနစ်လောက် ဟင်းရည်ဆူပြီးပါက အရသာမြည်းပြီး မီးပိတ်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Wednesday 26 April 2017

ကောက်ညှင်းငချိတ်ပေါင်း



ဒီနေ့မနက်တော့ ရာသီဥတုက မြူလေးတွေစပြီး စိုင်းလာပါပြီ လူ့စိတ်သဘာဝ မိုးရွာတော့လဲ အမိမြေကို လွမ်းပြီးပြန်ချင်မိတယ်။

မြူလေးတွေ စိုင်းလာတော့လဲ မနက်စောစော လမ်းထလျှောက်တိုင်း အိမ်အပြန်မှာ ကောက်ညှင်းငချိတ် ပူပူလေးကို နှမ်းထောင်းလေးနဲ့ စားကြတာကို အမှတ်ရမိပြန်ပါတယ်။

ဒီတော့လဲ ကောက်ညှင်းငချိတ် ချက်နည်းလေး တင်ဖူးပြီးသားပေမဲ့ မြင်ရုံနဲ့စားချင်စိတ်လေး ပေါ်လာအောင် လွယ်ကူမြန်ဆန် ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ်ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ရေ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး ၄ဗူး
  3. အုန်းသီးခြစ်ပြီးသား - လိုသလောက်
  4. နှမ်းလှော်ထောင်းပြီးသား - လိုသလောက်
  5. ငါးခြောက်ဆီစိမ် - စားနိုင်သလောက်

ကောက်ညှင်းချက်ရန်
  1. ကောက်ညှင်းငချိတ်ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲကို ရေနှင့်အတူထည့်ပါ
  2. ထမင်းချက်သလိုဘဲ ခလုတ်နှိတ်ပြီး ချက်ပေးပါ
  3. ခလုတ်တက်တာနဲ့ ကောက်ညှင်းချက်ပြီးသား ရပါပြီ။
နှမ်းထောင်းရန်
  1. နှမ်းအဖြူကို မီးအနေတော်နှင့် ရွှေဝါရောင် သန်းလာတဲ့ထိ လှော်ပေးပါ
  2. လှော်ပြီးသားနှမ်းနှင့် ဆား လက်ဖက်ရည်ဇွန်း တဇွန်းကို ငရုတ်ဆုံထဲမှာထည့်ပြီး မညက်ညက် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပူပူနွေးနွေး ကောက်ညှင်းငချိတ်ကို နှမ်းထောင်း ဖြူးကာ ငါးခြောက်ဆီစိမ်နှင့်တွဲဖက်ကာ စားသုံးနိုင်ပါပြီ
  • အုန်းသီး ခြစ်ပြီးသား အဆင်သင့်ရှိပါက အုန်းသီးဖြူးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ

Tuesday 25 April 2017

ဆန်ပြား မုန့်ဖတ်သုပ်




ငါးအမွ ကြော်ထားတာလေးတွေနဲ့ ဒီနေ့တော့ ဆန်စေးမုန့်ဖတ်လေးကို သုပ်စားဖို့ ပြင်ပါမယ် ကြက်သားဟင်း ၀က်သားဟင်းတွေအစား အစားထိုးပြီး သုပ်ထားတာ ဖြစ်တဲ့အတွက် တစ်ခြားအသား မစားသူတွေအတွက် စားချင့်စဖွယ် အသုပ်လေး ဖြစ်လာမှာပါ ငါးအမွ ကြော်နည်းလေးကတော့ တင်ပြီးသားဖြစ်လို့ ပြင်ဆင်ပုံလေး မရေးတော့ဘဲ သုပ်နည်းကိုဘဲ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်စေးမုန့်ဖတ်အစို - တစ်ကီလိုခွဲ
  2. ငါးအမွှကြော် - လိုသလောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း လိုသလောက်
  4. ငရုတ်သီးဆီချက် - လိုသလောက်
  5. နံနံပင် - လိုသလောက်
  6. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  7. ပဲအကျက်မှုန့် - လိုသလောက်
  8. သံပုရာသီး - နှစ်လုံး

ပါဝင်ပစ္စည်းများ ပြင်ထားရန်
  • ဆန်ဆေးဖတ်ကို ရေနှင့်အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီးမှ ရေနွေးဆူဆူထဲမှာ နှစ်မိနစ်လောက် နှစ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် အစိတ်လေးတွေ လှီးထားပါ
  • ပဲအကျက်မှုန့် ငါးအမွှကြော် ငါးငံပြာရည်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး လှီးထားပါ
စားပွဲပြင်ရန်
  • ဇလုံတစ်ခုထဲတွင် တစ်ပွဲစာ ဆန်စေးမုန့်ဖတ် ငါးအမွှကြော်နှင့် ငရုတ်သီးဆီချက် ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ငါးငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်နယ်ပြီး ဆန်းစေးမုန့်ဖတ်သုပ်ကို ပြင်ပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ ။

Monday 24 April 2017

နာနတ်သီးသုပ်


နေ့လည်နေ့ခင်း တစ်ခါတစ်လေ စားလို့ကောင်းတဲ့ နာနတ်သီး သုပ်လေး သုပ်စားဖြစ်ပါတယ် ချိုချဉ်ငံစပ်ပြီး မွှေးနေတဲ့အတွက် စိတ်ကူးရရင် သုပ်စားကြည့်ရအောင် မာမာပြင်ဆင်ပြီး အသုပ်သုပ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. နာနတ်သီး - အနေတော် တစ်ခြမ်း
  2. ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. နာနတ်သီးကို အခွံခွာပြီး ဓါးနှင့်အရှည်လိုက် စိတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  2. လှီးထားသော နာနတ်သီးကို ဇလုံတစ်လုံးထဲ ထည့်ပေးပါ
  3. နာနတ်သီး ဇလုံထဲထည့်ပြီးတာနဲ့ ငရုတ်သီးမှုန့် ငါးငံပြာရည် ပုဇွန်ခြောက်မှုန့် သကြားတို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  4. အရသာ နယ်ပြီးပါက အရသာကိုမြည်းပြီး လိုသလိုပြင်ကာ ချဉ်ငံစပ် လျှာဂျွမ်းပြန် နာနတ်သီးသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Sunday 23 April 2017

ကြက်သား ကောက်ညှင်းပေါင်း











ဒီနေ့မနက်စာအတွက် မနက်စောစောစာ ဘာလုပ်ရင် ကောင်းမလဲ ဆိုတာကို မနေ့ညထဲက စဉ်းစားမိလေတော့ လိုမယ်ထင်တာလေးတွေ ပြင်ဆင်ရင်း ကောက်ညှင်းကို ညထဲက ရေစိမ်ထားကာ တရုတ်စတိုင်လ် ကောက်ညှင်းပေါင်းဖြစ်တာနဲ့ မာမာပြင်ဆင်ပြီး ပေါင်းတဲ့ ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ကြက်ပေါင်သား - အသားထွင်ပြီးသား 200 g
  3. တရုတ်မှို အခြောက် - ၄ပွင့်
  4. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၃ဇွန်း ( ကြက်သားနှင့် ကောက်ညှင်းကြော်တွင် တ၀က်စီ ခွဲသုံးပါ)
  5. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၃ဇွန်း( ။ )
  6. soy sauce - ထမင်စားဇွန်း တဇွန်း ( ။ )
  7. cooking wine - လက်ဖက်ရည်ဇွန်း တဇွန်း ( ။ )
  8. ခရုဆီ - ထမင်းစားဇွန်း ၂ဇွန်း ( ။ )
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း ( ။ )
  10. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း ( ။ )
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တဇွန်း ( ။ )
  12. ကြက်သွန်နီ - အနေတော် တလုံး ( ။ )
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ ( ။ )
  14. သကြားအညို - လက်ဖက်ရည်ဇွန်း တဇွန်း 
  15. ၀က်အူချောင်း -၂ချောင်း
  16. ခဲပါတ်ပြား - တခု
  17. တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် - တလုံး
  18. တရုတ်ဟင်းပြင် ပန်းကန် - တချပ်
  19. ပန်းကန်ပြား - တချပ်

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၈နာရီခန့် စိမ်ပေးပြီး ရေစစ်ထားပါ
  • ကြက်သားကို အရိုးထွင်ပြီ ရေဆေးကား အသားများကို အနေတော် တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားကာ တ၀က်စီ ခွဲထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးကာ တ၀က်စီ ခွဲထားပါ
  • ၀က်အူချောင်းကို မထူမပါး ခပ်စောင်းစောင်းလေးတွေ လှီးပေးထားပါ
  • မှိုကို ရေတနာရီလောက် စိမ်ပေးထားထာ အနေတော် လှီးပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ကောက်ညှင်းချက်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ကြက်သားကို cooking wine ဆား သကြား ခရုဆီ ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက်  အလယ်အလတ် ပဲငံပြာရည်နှင့် မှိုစိမ်ထားသော အရည် ထမင်းစားဇွန်း ၅ဇွန်းလောက်ထည့်ကာ သမအောင် မွှေပြီး ရေခဲသေတ္တာ အောက်ထပ်မှာ နာရီဝက်လောက် ထားပေးပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၀က်အူချောင်းကို ကျက်အောင်ကြော်ပြီး ဆယ်ထားပါ
  • ထိုအိုးထဲမှာဘဲ ဆီ ထမင်းစားဇွန်း ၂ဇွန်းလောက် ထပ်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို နွမ်းရုံလေး ကြော်ပေးပြီး အရသာနယ်ထားသော ကြက်သားနှင့် မှိုကို ဆီသတ်ပေးပါ
  • ဆီသတ်ပြီးတာနဲ့ ထိုကြက်သားထဲကို မှိုစိမ်ထားသော အရည်မြုပ်အောင်ထည့်ပြီး အသားကျက်အောင် ချက်ပေးကာ အသားများကို ဆယ်ထားပါ
  • ထိုဒယ်အိုးထဲကိုဘဲ ဆီထမင်းစားဇွန်း ၂ဇွန်းလောက် ထပ်ထည့်ကာ ကြက်သွန်အဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နွမ်းတာနဲ့ ရေစစ်ထားသော ကောက်ညှင်း ဆား ပဲငံပြာရည် ပဲငံပြာရည်အနောက်တို့ကို ထည့်မွှေပေးပါ
  • ကောက်ညှင်းသား မာလာတာနဲ့ ရေလက်ဖက်ရည် ပန်ကန်လုံး တ၀က်လောက်ထည့်ကာ တည်ပေးပါ
  • ထည့်ထားသောရေ ခမ်းတာနဲ့ အသားထူသော ကြွေပန်းကန်ထဲ ပြောင်းထည့်ပေးပါ
ကောက်ညှင်းပေါင်းရန်
  • အိုးအ၀ကျယ်တလုံးထဲကို ရေထည့်ကာ ထိုရေထဲမှာ ပန်းကန်တင်ရန် ခုံလေးတခုခင်းပေးပါ
  • ထိုခုံလေးပေါ်မှာ ကောက်ညှင်းထည့်ထားသော ပန်းကန်ကိုတင်ကာ အဖုံးအုပ်ပေးပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
  • ကောက်ညှင်းပေါင်းနေတုန်း တရုတ်ဟင်းရည်သောက် ပန်းကန်လုံးထဲမှာ ကြော်ထားသော ၀က်အူချောင်းနှင့် ချက်ထားသော ကြက်သားများကို စီပြီးထည့်ပေးပါ
  • ပေါင်းထားသော ကောက်ညှင်းပေါင်း အချိန်ပြည့်တာနဲ့ အိုးထဲမှဖယ်ပြီး ကြက်သားနှင့် ၀က်အူချောင်း ထည့်ထားသော ပန်းကန်ထဲကို ပြောင်းထည့်ပေးပါ
  • ကောက်ညှင်းပေါင်းများ အသားနှင့် ကပ်နေစေရန် ဖိဖိပြီး ထည့်ပေးပြီး ထိုကောက်ညှင်းထဲကို ရေ ထမင်းစားဇွန်း ၄ဇွန်းလောက် ဖျန်းပေးပါ
  • ကောက်ညှင်း၂ဗူးကို ဟင်းရည်သောက် ပန်းကန်အလတ် တလုံးစာ ရပါတယ်
  • ကောက်ညှင်းများ ထည့်ပြီးတာနဲ့ အပေါ်မှ ခဲပြားအုပ်ကာ ကောက်ညှင်းများကို ထပ်ဖိပေးပါ
  • ပြီးတာနဲ့ အခုန ကောက်ညှင်းပေါင်းလက်စ ရေနွေးအိုးထဲမှာ ကောက်ညှင်းပန်းကန်ကိုထည့်ပြီး အပေါ်မှ အဖုံးတခု ထပ်ဖုံးကာ ၂၅မိနစ်ခန့် ထပ်ပေါင်းပေးပါ
  • ကောက်ညှင်းပေါင်းချိန် ပြည့်ပြီဆိုတာနဲ့ အိုးအပြင်ကို ထုတ်ပေးပါ
  • ကောက်ညှင်းပေါင်း ပန်းကန်ကို အုပ်ထားသော ခဲပါတ်ပြားကို ဖယ်ပေးကာ ကောက်ညှင်းများ ပန်းကန်ထဲ ထည့်ရလွယ်အောင် ပန်းကန်ပါတ်ပါတ်လည်ကို ဓါးဦးချွန်လေးနှင့် အသာလေး လိုက်ခွာပေးပါ
  • ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ပန်းကန်ပြားထဲကို ကောက်ညှင်းပန်းကန်အား လက်အိတ်နှင့်ကိုင်ကာ မှောက်ချပေးပါ
  • စားချင့်စဖွယ် မွှေးကြိုင်နေသော ကြက်သား ကောက်ညှင်းချက် အိအိလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  • ပုံတွေတင်ရတာ အဆင့်တွေ များတဲ့အတွက် တချို့ပုံတွေ ချန်ထားခဲ့ပါတယ်။
တခါတလေ အသုံးပြုသော ကောက်ညှင်းသား အပျော့အမာ မတူနိုင်သောကြောင့် ကောက်ညှင်းအပေါ် ဖျန်းမည့် ရေအနည်းအများကို ချင့်ချိန်ပြီး ထည့်ရန် လိုပါတယ်။

Saturday 22 April 2017

ငရုတ်သီးစိမ်း ပုဇွန်ငံပြာရည်ချက်


အစပ်လေးတွေ စားချင်စိတ် ပေါ်လာတိုင်း ချက်ဖြစ်တဲ့ တပင်တိုင်ဟင်းလေးပါ ချက်နည်းကတော့ အရင်ချက်နည်းတွေ အတိုင်းပါဘဲ ထမင်းမိန်မိန် စားနိုင်စေဖို့အတွက် ချက်နည်းလေး ထပ်မံမျှဝေလိုက်ခြင်းသာပါရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 400 g
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
  8. ကြက်သွန်နီ - အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး အခွံခွာ အမြှီးနှင့်ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • သန့်စင်ပြီးသော ပုဇွန်ကို ရေငံပုဇွန်ဖြစ်ပါက ရေ၃ထပ်လောက် ဆေးပးပြီး ထက်ခြမ်းခွဲပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့်အနည်းငယ် ဆားအနည်းငယ်နှင့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
  • နွမ်းရုံလေး ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းကို တစ်မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ ပုဇွန်ကို အရောင်ပြောင်းသွားတဲ့အထိ ထည့်ကြော်ပါ
  • ပုဇွန်အရောင်ပြောင်းတာနဲ့ အရသာမှုန့်နှင့် ငံပြာရည်ကို ထည့်ကြော်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်း လိုသလို ပြင်ပေးကာ ရေအနေတော်လောက် ရပြီဆို မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ ရှူးရှူးရှဲရှဲ စားသုံးနိုင်ပါပြီ။

Friday 21 April 2017

ကွကျသားဆီခကျြ






ရံဖန်ရံခါ မိသားစု အရမ်းနည်းတဲ့ အိမ်လေးထဲမှာ အစားအသောက် ပြင်ဆင်ချက်ပြုပ်ရတာ နည်းနည်းလေးဘဲ ချက်ရတာမို့ အခုလို အစာခံတဲ့ အစားအသောက်တွေ ပြင်ဆင်မိတိုင်း ထမင်းမချက်ရတာက များပါတယ်။

ဒီနေ့တော့ အစာပြေအတွက် ဆီချက်ခေါက်ဆွဲလေး လုပ္စားရတာ အလုပ်များတယ် ထင်ရပေမဲ့ စားလို့ကောင်းတယ်လို့ ချီးမွန်းတာ ခံရရင်တော့ အမောလဲပြေ ပျော်လဲပျော် ပီတိလဲ ဖြစ်ရပါတယ်။

ဒါကြောင့်မို့လို့ အိမ်ရှင်မတွေ စိတ်ပျော်ရွှင်ရအောင် မာမာလုပ္ထားတဲ့ အိမ်လုပ် ဆီချက်ခေါက်ဆွဲ အလွယ်လုပ်နည်းလေး မျှေ၀လိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. ခေါက်ဆွဲ - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
  6. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း သုံးဇွန်း
  7. ကင်းမွန်ငံပြာရည် - လိုသလောက် သုံးပေးပါ
  8. အရသာမှုန့် - လိုသလောက် သုံးပေးပါ
  9. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ္ဗူး
  10. ကြက်သွန်မိတ် - အနည်းငယ်
  11. နာနတ်ပွင့် - တစ်ပွင့်
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. ဂေါ်ဖီ - အနည်းငယ်
  14. ခရမ်းချဉ်သီးဆော့ - အနည်းငယ်
  15. ငရုတ်သီးစိမ်း - စားနိုင်သလောက် 
  16. ဗနီကာ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး နာနတ်ပွင့် အရသာမှုန့်လက်ဖက်ရည်ဇွန်း တစ်၀က် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး  ရေခမ်းအောင် ပြုပ်ပေးပါ
  • ရေခမ်းသွားပြီး ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လွီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲ သြန္ခ်ျပီး ရေလေးထပ်လောက် ဆေးကာရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဒါမှမဟုတ် ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး ကြွတ်နေအောင် ကြော်ထားပါ
  • ဆီနှင့် နှမ်းဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လွီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
အချဉ်ပြင်ရန်
  • ဂေါ်ဖီကို အနေတော်လှီးပြီး ရေဆေးထားကာ ခရမ်းချဉ်သီးဆော့နှင့် ရောပြီးနယ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီ အနေတော်လှီးကာ ဗနီကာထဲမွာ မြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် စိမ္ထားပါ
တစ်ပွဲစာပြင်ရန်
  • ပြုပ်ထားသော ခေါက်ဆွဲကို တစ်ပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တစ်ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က် မြေပဲမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမ်းစားဇွန်း တစ်ဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန်း တစ်၀က်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ငရုတ်သီးအချဉ် ဂေါ်ဖီအချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Thursday 20 April 2017

ဆိတ်အရွတ် ခရမ်းချဉ်သီးဟင်း


ဒီနေ့တော့ ဆိတ်သားဝယ်တိုင်း အသားမှာ ကပ်ပါလေ့ရှိတဲ့ အသားနဲ့တွဲရက် အရွတ်လေးတွေကို သတ်သတ်ဖယ်ပေးကာ ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အရွတ် - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
  8. Ready made ခရမ်းချဉ်သီးဗူး - 400 g
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  13. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  1. ဆိတ်အရွတ်များကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. တုံးထားသော ဆိတ်အရွတ်များကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  3. ရေဆေးပြီးသော ဆိတ်သားကို ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  4. ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  6. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  7. စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  8. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
  9. Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဆိတ်အရွတ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  4. ဆိတ်အရွတ်များ မာလာတော့မှ လှီးထားသော ခရမ်းချဉ်သီး သို့မဟုတ် ready made ဗူးကို ထည့်ပြီးလှိမ့်ပေးပါ
  5. မကြာမကြာ မွှေပေးပြီး ခရမ်းချဉ်သီးများ ကျေလာတဲ့ထိ မွှေပေးပါ
  6. ခရမ်းချဉ်သီး ကျေတာနဲ့ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  7. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  8. ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားအရွတ်ဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Wednesday 19 April 2017

လက်ဖက်ထောင်း






မြန်မာပြည်က ညီမအငယ်ဆုံးလေး ပေးလိုက်တဲ့ လက်ဖက်အသားလေးတွေကို ဒီနေ့တော့ ချဉ်ငံစပ်လေး ထောင်းပါတယ် လွယ်ကူမြန်ဆန်စွာ ထောင်းနိုင်တာမို့လို့ မာမာပြင်ဆင်ပြီး ထောင်းတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. လက်ဖက်အသား (လက်ဖက်အညွန့် )  - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးခွဲစာ
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၃၀ခန့်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာခန့်
  4. ငရုတ်သီးစိမ်း - စားနိုင်သလောက်ထည့်ပါ
  5. သံပုရာသီး - တစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (မစားလျှင်မထည့်လဲရ)
  8. မြေပဲဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ် တစ်လုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ရေစစ်ထားပါ
  • ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ရေစစ်ကာ အနေတော် လှီးပေးပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်ဆုံထဲမှာ ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်း အချိုမှုန့် ကြက်သွန်ဖြူတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • ပြီးတာနဲ့ အားလုံးကို သမအောင်နယ်ပြီး ငရုတ်ဆုံထဲမှာ မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
  • ထောင်းထားသော လက်ဖက်များ မညက်တစ်ညက် အနေအထား ရသွားပါကသံပုရာရည်ညှစ်ပေးပါ
  • ပြီးတာနဲ့ အရသာ သမအောင် နယ်ပေးကာ အရသာ မြည်းကြည့်ပြီး လိုသလိုပြင်ပေးပါ
  • အရသာ စိတ်ကြိုက် ရပြီဆိုပါက ဆီထည့်ပြီး သမအောင် နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက် ချဉ်ငံစပ်နှပ်လေး ရပါပြီ။
  • လက်ဖက်အရွက် အကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ညက်နေအောင် ထည့်ထောင်းပေးပါ

Monday 17 April 2017

မုန့်လုံးရေပေါ်


နှစ်ဆန်းတစ်ရက်နေ့ ဆွမ်းတော်ကပ်ချင်တာနဲ့ မုန့်လုံးရေပေါ်လေးတွေ လုပ်ဖြစ်သွားပါတယ် နှစ်ဦးမှာ ထူးထူးခြားခြား ဆွမ်းတော်ကပ်နိုင်အောင်လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုံးရေပေါ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  4. အုန်းသီးမှုန့် - အနည်းငယ်
  5. ထန်းလျှက်ခဲ - အနည်းငယ်
  6. ဆား - အနည်းငယ်


ပြင်ဆင်ပုံ
  • ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ရေနည်းနည်းချင်းထဲ့ပြီး နှဲပေးပါ
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • ရေကိုတစ်ခါထဲ မထည့်ဘဲ ဖြေးဖြေးချင်း နှဲတာက ရေကိုလိုသလောက်ဘဲ သုံးနိုင်ပါတယ်
  • မုန့်သားပျော့လာပါက နာရီဝက် တစ်နာရီလောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  • မုန့်သားအပေါ်မှာ အ၀တ်ရေစိုလေး အုပ်ထားပေးက ပိုကောင်းပါတယ်
  • ထန်းလျှက်ခဲကို လက်တစ်ဆစ်ရဲ့ တ၀က်သာသာလောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးမှုန့်ကို ဆားအနည်းငယ်ထဲ့ပြီး ငံမြမြလေးရအောင် ခပ်ဖွဖွလေး နယ်ထားပေးပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
  • ချိုင့်သွားသော နေရာသို့ထန်းလျှက်ခဲ အစိတ်လေးတခု ထည့်လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားကို ပြန်အုပ်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ထန်းလျှက်များ အပြင်သို့ ပေါက်ထွက်သွားတတ်ပါတယ်
  • မုန့်သားအားလုံး လုံးပြီးပါက ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တစ်လုံးချင်း ထည့်ပေးပါ
  • မုန့်သားကျက်ပြီးရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများ ကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဆယ်ပေးပါ
  • ရေအေးဇလုံ သန့်သန့်ထဲသို့ ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့် ဆယ်ထည့်ပါ
  • မုန့်လုံးရေပေါ်များ အေးလာပါက ဆီစွတ်ထားသော ဌက်ပျောဖက်ပေါ်သို့ ဖျန့်ပြီးတင်ပေးပါ
  • ဌက်ပျောဖက် မရှိပါက ဆီသုတ်ထားသော ပန်းကန်ပြားထဲသို့ဆယ်ပြီးထည့်ပေးပါ
  • အားလုံးပြီးပါက အုန်းသီးမှုန့်ဖြူးပြီး ရာသီစာ မုန့်လုံးရေပေါ် လေးတွေကို ဆွမ်ေးတော်ကပ်နိုင်သလို ပိုနေတာကို စားသုံးနိုင်ပါပြီ။

Sunday 16 April 2017

ပဲကြာဇံ ဟင်းခါး





ရာသီဥတုလေး အေးလာလေလေ ပူပူစပ်စပ်လေးတွေ စားချင်လာလေလေပါဘဲ ဒီနေ့တော့ ငါးခူစဉ်းကောလုပ်ဖို့ ငါးခူးအသားတွေ လွှာထားကာ ချန်ထားပြီး ကျန်နေတဲ့ ငါးအရိုးကို ငံပြာရည်နဲ့ပြုပ်ပြီး အသားထွင် အရိုးကိုထောင်း အရည်ငင်ကာ ဟင်းခါးဟင်း အရည်သောက်လေး တစ်မယ်ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးခူ အသားလွှာပြီး ကျန်သော ငါးအရိုး - ၃ခု
  2. ပဲလိပ်ခြောက် - အချပ်ကြီး ၂ချပ်
  3. ပဲကြာဇံ အခြောက် - လက်တစ်ဆုတ်စြာ
  4. ကွက်နားရွက်မှို  - ငါးပွင့်ခန့်
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  6. ကြက်သွန်နီ - အနေတော် နှစ်လုံး
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲလိပ်ကို ရေစိမ်ထားပြီး နူးလာပါက အနေတော် ပိုင်းဖြတ်ပေးပါ
  • ပဲကြာဇံကို ရေနာရီဝက်လောက် စိမ်ပေးပြီး အနေတော် ဖြတ်ပေးထားပါ
  • အသားလွှာထားသော ငါးအရိုးကို ငံပြာရည် အနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော အရိုးမှ အသားများ ကျက်တာနဲ့ အရိုးအသား သတ်သတ်ဆီ ထွင်ပေးပါ
  • အရိုးများကို ငရုတ်ဆုံထဲမှာ ညက်နေအောင် ထောင်းပေးကာ ရေအနည်းငယ်နှင့် အရည်ငင်ပေးပါ
  • ရလာသော အရည်ကို ဟင်းရည်အိုးထဲ ထည့်ပေးထားပါ
  • ကြွက်နားရွက် မှိုများကို ရေနာရီဝက်လောက် စိမ်ထားပြီး ရေဆေးကာ အနေတော် ဖဲ့ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံကာ အလုံးလိုက် ရေဆေးပြီး အဖတ်လေးများ ရအောင် လှီးထားပါ
  • ငရုတ်ကောင်းအလှော် ၇စေ့လောက်ကို ညက်နေအောင် ထောင်းထားပါ
  • အိုးတစ်လုံးထဲတွင် ထည့်ထားသော ငါးအရိုးထောင်းရည် ငံပြာရည်နှင့် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထဲ့ပြီး တည်ပေးပါ 
  • ဟင်းရည်အိုး ဆူလာပါက ထွင်ထားသော ငါးအသားများ  ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ကြက်သွန်နီ ပဲကြာဇံ မှိုခြောက်နှင့် ပဲလိပ်တို့ကိုထည့်ပြီး နူးအောင်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ကို ဟင်းရည်အိုးထဲ ထည့်ပေးပါ
  • ပြီးတာနဲ့ နှစ်မိလောက် ရေဆူအောင်တည်ကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အိုး ကျက်ပြီဆိုတာနဲ့ပဲ ကြာဇံဟင်းခါး ပူပူစပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
  • Saturday 15 April 2017

    ကင်ပွန်းချဉ်ရွက်ကြော် ချဉ်ငံစပ်





    တနင်္ဂနွေ ဈေးနေ့လေး သွားလိုက်တာ မထင်မှတ်ဘဲ ကင်ပွန်းချဉ်ရွက်လေးတွေ ရလာတာနဲ့ချဉ်ရည်ဟင်းလေး ချက်လိုက် ကြော်သင့်တာ ကြော်လိုက်နဲ့ဒီတခါတော့ ကြာကြာထားပြီး စားလို့ရအောင် ချဉ်ငံစပ်လေး ကြော်ပါတယ် ထမင်းမိန်မိန် သုံးဆောင်နိုင်ဖို့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ကင်ပွန်းချဉ်ရွက် - ဇကာအလတ် တစ်ဝက်သာသာ
    2. ပုဇွန်ခြောက် အကောင် သုံးဆယ်ခန့် (သို့မဟုတ်)
    3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
    4. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
    5. အနေတော် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
    6. မညက်တစ်ညက် ထောင်းထားသော မြေပဲလှော် - ထမင်းစားဇွန်း လေးဇွန်း
    7. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
    8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
    9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
    10. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
    11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    12. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

    ပြင်ဆင်ပုံ
    • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
    • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
    • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကိုထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
    • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ခြောက်နှင့် မြေပဲထောင်းကို တမိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
    • ပြီးတာနဲ့ ကင်ပွန်းချဉ်ရွက်ကို ထည့်ပြီးမွှေပါ
    • ကင်ပွန်းချဉ်ရွက်နှင့် အစာများ သမသွားတာနဲ့ ငံပြာရည် အရသာမှုန့် ကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းတို့ထည့်ကာ သမအောင် မွှေပေးပါ   
    • အားလုံးသမ သွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
    • အချဉ်စူးနေပါက ငံပြာရည်က အချဉ်အရသာကို ထိန်းပေးတဲ့အတွက် ငံပြာရည်ထည့်ပြီး ပြင်ပေးပါ
    • ပြင်ပြီးတာနဲ့ အရသာထပ်မြည်းပေးကာ ချဉ်ငံစပ်နေတဲ့ ကင်ပွန်းချဉ်ရွက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

    Friday 14 April 2017

    ဟင်းခပေါင်းသီး (ခြံစည်းရိုး ကြက်ဟင်းခါးသီး)







    ခြံစည်းရိုး ကြက်ဟင်းခါသီးဆိုလို့ ဘယ်လိုပါလိမ့်လို့ ထင်ကြပါလိမ့်မယ် သေးသေးကျစ်ကျစ်လေးနဲ့အခါးစူးတဲ့ ဟင်းခပေါင်းသီး အစိမ်းရင့်ရောင်လေးတွေကို ခေါ်တာပါ မာမကတော့ လတ်လတ်ဆတ်ဆတ် အသီးမရနိုင်တဲ့အတွက် လှီးပြီးသား ခဲထားတဲ့ အထုတ်၂ထုတ်ကို ချက်ထားပါတယ်။

    ကြက်ဟင်းခါးသီးတွေ အမျိုးမျိုးရှိတဲ့ အထဲက ဒီအသီးလေးကို အခါးစူးလို့ အကြိုက်ဆုံးပါဘဲ သေးသေးမာကျစ်ကျစ်လေးတွေဖြစ်လို့ ချက်ရတာ အရမ်းကောင်းပါတယ် တစ်ခြားအသီးတွေလို ချက်လိုက်ရင် ခနလေးနဲ့ ကျေမသွားပါဘူး။

    ဒီနေ့တော့ အခါးစူးတဲ့ ဒီအသီးလေးတွေကို ကြက်သားနဲ့ တရုတ်စတိုင်လ် ချက်ပါမယ် ကြက်သားနဲ့ကြက်ဟင်းခါးသီး မတည့်ဘူးဆိုတဲ့ အယူသီးမှုတွေကိုလဲ ပြောချင်ပါသေးတယ် နိုင်ငံတကာမှာ ချက်စားနေကြတာမို့လို့ တည့်ပါတယ်လို့ဘဲ ပြောပါရစေ။

    မာမာတို့အိမ်မှာလဲ ဒီနှစ်ခုက ရောပြီးချက်နေကျမို့လို့ ဘာထူးခြားတာမှ မတွေ့ရသလို စားလို့ကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါ၀င်ပစ္စည်းများ
    1. ကြက်ဟင်းခါးသီး - အလုံး၂၀ခန့် (သို့မဟုတ်) အသင့်လှီးပြီသား ၂ထုတ်
    2. ကြက်ပေါင် - ခပ်ကြီးကြီး နှစ်ခု
    3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (၂ခုခွဲသုံးရန်)
    4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
    5. ငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
    6. ဆားကြမ်း - ထမင်းစားဇွန်း တစ်ဇွန်း
    7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
    8. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    9. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
    10. ညက်နေအောင် ထောင်းထားသော ချင်း - ခပ်ပါးပါး ခွန်နှစ်ချပ်ခန့်
    11. ခပ်ပါးပါး လှီးထားသော အနီရောင် ငရုတ်သီးစိမ်း - သုံးတောင့်
    12. ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း ( နှစ်ခုခွဲသုံးရန်)
    13. ဆီ - စားပွဲတင်ဇွန်းကြီး တစ်ဇွန်းခွဲ( နှစ်ခုခွဲသုံးရန်)
    ပြင်ဆင်ချက်ပြုပ်ပုံ
    • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ပါးပါး လှီးပေးပါ
    • အားလုံးလှီးပြီးပါက အခါးသက်သာစေရန် ဇလုံတလုံးထဲမှာထည့်ပြီး ဆားကြမ်းနှင့် နယ်ပေးကာ  နာရီ၀က်လောက် ထားပေးပါ
    • ပြီးမှ ရေ၄ခါလောက်နှင့် ဆားအငံဓါတ် ထွက်စေရန် ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
    • ကြက်သားကို ခပ်သေးသေးလေးတွေလှီးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ကော်မှုန့် ထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်းတ၀က် ငံပြာရည်အကြည်တို့နဲ့ နယ်ပေးထားပါ
    • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါးလှီးပေးပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေမောင် ထောင်းထားပါ
    • ချင်းကိုအခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
    • ကော်မှုန့် ထမင်းစားဇွန်း တဇွန်းကို ရေ ထမင်းစားဇွန်း ၃ဇွန်းလောက်နှင့် ဖျော်ထားပါ
    • အားလုံး အဆင်သင့်ဖြစ်ပါက ဆီ ထမင်းစားဇွန်း ၃ဇွန်းလောက်ကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်အနည်းငယ် ထည့်ပေးပါ
    • ဆီကျက်တာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ တစ်၀က်ကို ထည့်ကြော်ပါ
    • ကြက်သွန်ဖြူ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
    • ကြော်နေစဉ် အိုးမကပ်စေရန် မွှေမွှေပေးပြီး ထွက်လာသော အရည်များ ခမ်းအောင်ကြော်ပေးပြီး ပန်းကန်ထဲ ဆယ်ထားပါ
    • ထိုအိုးထဲမှဘဲ ဆီ ထမင်းစားဇွန်း ၅ဇွန်းလောက် ထပ်ထည့်ကာ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံလောက်ထည့်ပြီး အပူပေးပါ
    • ဆီပူလာတာနဲ့ ထောင်းထားသော ချင်း ထောင်းထားသော ကြက်သွန်ဖြူတို့ထည့်ပြီး ဆီသတ်ပါ
    • ဆီသတ်နံ့ မွှေးလာတာနဲ့ ရေဆေးထားသော ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
    • ကြက်ဟင်းခါးသီးကို နွမ်းသွားအောင် ကြော်ပေးပြီးတာနဲ့ ဆား အရသာမှုန့်ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
    • ရေခမ်းကာနီးပြီဆိုတာနဲ့ ကြော်ထားသော ကြက်သားနှင့် လှီးထားသော ငရုတ်သီးစိမ်းတို့ကို ထည့်မွှေပေးပါ
    • ရေမခမ်းခင် အရသာမြည်းကာ လိုအပ်သည့်အရသာများ ထပ်ထည့်ကာ ဖျော်ထားသော ကော်ရည်ထည့်မွှေပေးပါ
    • ကော်ရည်ပြစ်လာပြီး ရေခမ်းလာပြီဆိုတာနဲ့ တရုတ်စတိုင်လ် ကြက်သား ကြက်ဟင်းခါးသီးကြော်ကို စားဖို့ပြင်ဆင်နိုင်ပါပြီ။