Monday 30 January 2023

တို့ဟူးကြော်

 

ဒီနေ့တော့ သားကြီးအိမ်လာလည်တုန်း တို့ဟူးကြော်လေး ကြော်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ နေ့လည်နေ့ခင်း အပျင်းပြေ စကားလေးပြောရင်း စားရလေအောင် မာမာပြင်ဆင်ပြီး တို့ဟူးကျိုနည်းနဲ့ ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ပဲရည်စစ်ရန် ဇကာစိတ်စိတ် - တစ်ခု
  5. ဇောက်နက်ပြီး အိုးအသားထူသောအိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ကုလားပဲ ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးကို ရေ ၁၄ဗူးခွဲနှင့် ၅နာရီလောက် အနည်းဆုံးစိမ်ထားပါ
  • ပဲကျိုပြီးသား ပဲအနှစ်ထည့်ရန် အနေတော်ဗူးကို ဆီသုတ်ထားပေးပါ
  • ပဲကျိုမည့်အိုးကို အောက်ခြေထူသော အိုးကိုသုံးကာ အပူပေးပါ
  • အိုးပူလာတာနဲ့ ရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ထည့်ပြီး ၂မိနစ်လောက် ပြစ်လာအောင် ကျိုလိုက်ပါ
  • ပဲရည်ကြည် ပြစ်လာတာနဲ့ ကျန်နေသော ပဲအနှစ်များကို မုန့်လုပ်လျှင်သုံးသော ဂျုံစစ်ဇကာခံကာ ပဲရည်အိုးထဲလောင်းချပါ
  • ဆီနှင့် ဆားတို့ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ၁၁မိနစ်လောက်နေရင် ပဲအနှစ် ပြစ်လာပြီ ဆိုတာနဲ့ ဆီသုပ်ထားသော ဇလုံထဲကို ခပ်မြန်မြန်လောင်းချပါ
  • မျက်နှာပြင် ညီအောင်ညှိပြီး နာရီ၀က်လောက် အေအးခံကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

တို့ဟူးနှစ်ပြန်ကြော်ရန်
  • တို့ဟူးကို ခပ်ပါးပါး အနေတော် အတုံးလေးများ လှီးထားပါ
  • အထဲဘက်ကိုပါ ကျက်စေချင်တဲ့အတွက် ကန့်လန့်ဖြတ် ဓါးရာလေးတွေ ပေးထားပါ
  • ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့မီးကိုအနေတော် လျှော့ပေးကာ တို့ဟူးကို တစ်တုံးခြင်း ထည့်ကြော်ပေးပါ
  • တို့ဟူးတုံးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အေအးခံထားပါ
  • ကြော်ပြီးသားများ အေးလာတော့မှ နောက်တစ်ကြိမ် ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျော့ချပြီးမှ ကြော်ပြီးသားတို့ဟူးများကို တစ်ခုခြင်း အိုးဆန့်သလောက်ထည့်ကာ ပြန်ကြော်ပေးပါ
  • မိနစ်၀က်လောက်ဘဲ ကြော်ပြီး ပြန်ဆယ်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့ တို့ဟူးကြော် စိမ့်စိမ့်မွှေးမွှေးလေးကို နှစ်သက်ရာ အချဉ်နှင့်တို့ကာ စားနိုင်ပါပြီ။

Sunday 29 January 2023

ရွှေကြည် မုန့်ဟင်းခါး




Sydney မှာ  ရာသီဥတုက နွေရာသီ ဖြစ်နေလေတော့ ပူပူစပ်စပ် ရာသီဥတုလေးမှာ အစားအသောက် အနည်းငယ်တော့ ခံတွင်းပျက်ပါတယ် ဒါကြောင့်မို့လို့ ခံတွင်းလိုက်စေမဲ့ မုန့်ဟင်းခါးလေး ချက်စားဖြစ်ပါတယ်။ 

မုန့်ဟင်းခါးတို့ ထုံးစံအတိုင်း ဆန်လှော်မှုန်နဲ့  မချက်ဘဲ  ဒီတစ်ခါတော့ ရွှေကြည်မှုန့်နဲ့  ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါ၀င်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )
  1. ငါးခူ - သုံးဆယ်သား
  2. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
  5. ငါးငံပြာရည် - ထမင်စားးဇွန်း ငါးဇွန်း (ငါးပြုပ်ရန်)
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးပြုပ်ရန်)
  7. စပါးလင် - သုံးပင် (ငါးပြုပ်ရန်)
  8. ငရုတ်သီးအပွတောင့် - ငါးတောင့် (ငါးပြုပ်ရန်)
  9. ရေ - ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်

ငါးပြုပ်ပုံ
  1. ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  2. ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  3. ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  4. စပါးလင်ကို အပင်လိုက် ရေဆေးပြီး အထုံးလေးထုံးထားပါ
  5. ငရုတ်သီး အပွတောင့်ကို ရေဆေးထားပါ
  6. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူ ငါးငံပြာရည် ဆား  နနွင်းမှုန့်  စပါးလင် ငရုတ်ပွတောင့်ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  7. ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးပါ
  8. အရိုးနွှင်ပြီးတာနဲ့ ငါးအသားများကို ကျေသွားအောင် ချေထားပေးပါ
  9. အသားနွှင်ပြီးတာနဲ့ ငရုတ်ပွတောင့် ငါးအရိုးများနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ငါးဆီသတ်ရန် ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း 
  2. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ 
  4. ချင်း - နှစ်လက်မခန့် 
  5. စပါးလင် - အရင်းပိုင်း ငါးချောင်းခန့် 
  6. ဆီ - နှစ်ဆယ်သားခန့် 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆီသတ်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( ငါးဆီသတ်ရန်)

ငါးဆီသတ်ပုံ
  • ကြက်သွ န်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီးအရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ငါးပြုပ်အရိုးထွင်ပြီးသားနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြ င်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ပြီးသား ငါးအသား ငါးငံပြာရည်ကိုနှင့် ဆားတို့ကို ထည့်ပေးပါ
  • ငါးအသားကို အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်ထားတာ ဆီပျံလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ကုလားပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပဲပြုပ်ပုံ
  • ကုလားပဲဆံကို ရေလေးခါလောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ထည့်ပေးပါ
  • ပဲများကို ရေမြုပ်အောင် ထည့်ပေးပြီး ဆားနှင့်နနွင်းမှုန့်ထည့်ကာ ပဲများနူးအောင် ပြုပ်ပေးပါ
  • ပထမ တစ်ရည်နဲ့ ပဲမနူးသေးပါက ရေထပ်ထပ် ထည့်ပေးပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများနူးပါက ဇကာတိုက်ပြီး ပဲများကျေတဲ့အထိ အနှစ်တိုက်ပေးထားပါ။
ရွှေကြည်မှုန့်လှော်ပုံ
  • ရွှေကြည်မှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို ဒယ်အိုးထဲမှာ ထည့်ပြီး အပူပေးပါ
  • ရွှေကြည်မှုန့်များ အကျက်ညီစေရန် အဆက်မပြတ် မွှေမွှေပေးပါ
  • ရွှေကြည်မှုန့်များ တစ်အိုးလုံး ရွှေအိုရောင် သန်းလာပါက မီးဖိုပေါ်က ဖယ်ပေးပြီး အအေးခံထားပါ
  • ရွှေကြည်မှုန့်များ အေးသွားပါက မုန့်ဟင်းရည် ချက်ဖို့အတွက် လိုသလောက်ဘဲ သုံးပေးပါ
  • ကျန်နေတဲ့ ရွှေကြည်မှုန့်များ ကိုတော့ လေလုံပုလင်းထဲမှာ ထည့်ပြီးသိမ်းထားနိူင်ပါတယ်။
မြေပဲလှော်ထောင်းနည်း
  • မြေပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး လှော်ပေးပါ
  • မြေပဲလှော်များ ကြွတ်လာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
  • မြေပဲလှော်များ အေးသွားတာနဲ့ အခွံများ ချွတ်ပြီး ပြာထုတ်ပေးပါ
  • အခွံများ ပြောင်သွားတာနဲ့ ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ။
ဆီချက်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  2. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးခွက်စာ (ဆီချက်ချက်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ဆီချက် ချက်နည်း
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  2. ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ 
  3. ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ကြက်သွန်ဖြူထောင်းကို ထဲ့ကြော်ပေးပါ
  4. ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  5. ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ
  6. ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောပြီး ထဲ့ပေးထားပါ။
ငရုတ်ကောင်းလှော်ထောင်းနည်း
  • ငရုတ်ကောင်း ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ အကျက်ညီစေရန် မီးကိုအနေတော်လျှော့ပြီး လှော်ပေးပါ
  • ငရုတ်ကောင်းများ မွှေးနံ့ထွက်လာပြီး ကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ငရုတ်ကောင်းများ အေးသွားပါက ကော်ဖီကြိတ်စက်လေးနှင့် ညက်နေအောင် ကြိတ်ပေးပါ
  • မုန့်ဟင်းရည် ချက်ရာမှာ လိုသလောက်ဘဲ အသုံးပြုပါ
  • ပို​နေသော ငရုတ်ကောင်းမှုန့်များကို လေလုံပုလင်းထဲထည့်ပြီး သိမ်းထားပေးပါ။

ငှက်ပျောအူလှီးရန် ပါဝင်ပစ္စည်းများ
  1. ငှက်ပျောအူ - တစ်ထွာသာသာလောက် (နုတဲ့နေရာကိုဘဲ သုံးပါ)
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  3. ရေ - လိုသလောက် သုံးပါ

ငှက်ပျောအူလှီးပုံ

  • ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
  • ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
  • အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ

ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်သွန်နီ - အလုံးသေး ၁၀လုံး
  2. မြေပဲလှော် ထောင်းပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  3. ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာသာသာ
  4. ပဲအနှစ်တိုက်ပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာသာသာ
  5. ငှက်ပျောအူ - မိမိနှစ်သက်သလောက် (သို့)
  6. ကြာစွယ် - မိမိနှစ်သက်သလောက်
  7. ကြက်ဥ (သို့) ဘဲဥ - သုံးလုံး (လှီးပြီးထည့်ရန်)
  8. ကြက်ဥ သို့ (ဘဲဥ) - ငါးလုံး (အိုးဘဲဥလုပ်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ(ဟင်းရည်ထဲထည့်ရန်)
  10. ငါးငံပြာရည်- ထမင်းစားဇွန်း ခြောက်ဇွန်း
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  13. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
ဟင်းရည်အိုးတည်ပုံ
  1. မုန့်ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  2. ရွှေကြည်မှုန့်ကို ရေနှင့်ဖျော်ထားပါ
  3. ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ကိုတို့ ပြင်ထားပါ
  4. ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  5. ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ
  6. ကြက်ဥများကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  7. ကြက်ဥ သုံးလုံးကို ခပ်ပါးပါး လှီးထားပါ
  8. ကြက်ဥငါးလုံးကို အခွံခွာပြီး အလုံးလိုက်ထားပါ
  9. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည် မြေပဲလှော်ထောင်း ပဲအနှစ် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ကြက်ဥအလုံးလိုက်နှင့် ဆီသတ်ထားသော ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  10. ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ရေဖျော်ထားသော ရွှေကြည်မှုန့် အရည်ဖျော် ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  11. ရွှေကြည်မှုန့်များ အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  12. ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
  13. ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
  14. အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
  15. ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိူင်သလို ထဲ့မချက်လဲ ရပါတယ်။

မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. မုန့်ဖတ် - တစ်ကီလိုခွဲ
  2. အကြော်စုံ - မိမိနှစ်သက်သလောက်
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ပူစီနံ - မိမိနှစ်သက်သလောက်
  5. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. သံပုရာသီး - မိမိနှစ်သက်သလောက်
မုန့်ပွဲပြင်ဆင်ပုံ
  1. မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
  2. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  3. ပူစီနံကို ရေဆေးထားပါ
  4. မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
  5. ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  6. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာ အသီးအရွက်နှင့် အကြော်တို့ကို အနည်းငယ်စီ ထဲ့ပေးပါ
  7.  မုန့်ဟင်းရည်ဆမ်းကာ အိုးကြက်ဥတစ်လုံး ထည့်ပေးပြီးပါက မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိူင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။
 

Friday 27 January 2023

ပဲပြား မှိုဟင်းချို

 


ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့နေ့လေး ဖြစ်တဲ့အတွက် ဘာလေးချက်စားရင် ကောင်းမလဲလို့ စဉ်းစားနေရင်းက ပဲပ​ြားနဲ့ မှိုလေးတွေရောကာ ဟင်းချိုရည်လေးကိုလဲ သတ်သတ်လွတ်ဘဲ ချက်ထားပါတယ်။


ပါဝင်ပစ္စည်းများ
  1. မှိုခြောက် - ဆယ်ပွင့်
  2. ပဲပြားကြော်ပြီးသား - ဆယ်ခု
  3. အသီးအရွက်ပြုပ်ရည် - 3cups
  4. ရေ - လိုသလောက် သုံးပေးပါ
  5. ဆား - အနည်းငယ်
  6. အရသာမှုန့် - အနည်းငယ်
  7. ငရုတ်ကောင်းမှုန့် အနည်းငယ်
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • မှိုကို ရေမြုပ်အောင်ထည့်ပြီး တစ်နာရီခန့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ အသီးအရွက်ပြုပ်ရည်နှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဆား အရသာမှုန့်နှင့် မှိုတို့ထည့်ကာ ပြုပ်ပေးပါ
  • မှိုများ နူးလာတာနဲ့ ပဲပြားများ ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ထည့်ပေးကာ အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ပြင်ပေးပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးနိူင်ပါပြီ။

Monday 23 January 2023

ကြက်အူချောင်း ဆန်ကြာဇံကြော်



 ဒီနေ့တော့ ညထဲက ဆန်ကြာဇံလေးတွေကို ရေစိမ်ထားကာ ကြက်အူချောင်းနဲ့ အသီးအရွက်လေးတွေ ရောပြီးကြော်ပါတယ် ထမင်းလွတ် စားကြတာမို့လို့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဆန်ကြာဇံ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ကြာဇံ - 150 g
  2. ကြက်အူချောင်း - နှစ်ချောင်း
  3. ဂေါ်ဖီ ခရမ်းရောင် - တစ်စိတ်ခန့်
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
  6. တရုတ်နံနံ - အပင်သေး နှစ်ပင်ခန့်
  7. ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
  8. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  9. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  11. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နှမ်းဆီမွှေး  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ကြက်ဥ - တစ်လုံး
  15. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  16. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီလောက် စိမ်ထားပါ
  • ကြာဇံကြော်ရန် အဆင်သင့်ဖြစ်ပါက ရေစိမ်ထားသော ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်အူချောင်းကို မထူမပါးလေးတွေ လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်ဥကို ဇလုံထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီမွှေးနှင့် အရသာမှုန့်တို့ကို သမအောင် မွှေထားပါ
  • ပါ၀င်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ ကြက်အူချောင်း မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ရောပြီး မွှေထားသော အရသာ အရည်ကို ထည့်ပေးကာ အသီးအရွက်များ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး မွှေပေးကာ ကြာဇံပျော့လာတဲ့အထိ မွှေပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ 
  • အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံနှင့် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အားလုံးကို အရသာ သမအောင် ရောမွှေကာ မီးပိတ်ပေးပါ။
  •  ပြီးတာနဲ့ စားလို့ကောင်းလွန်းတဲ့ ဆန်ကြာဇံကြော်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးလို့ ရပါပြီ။

Tuesday 17 January 2023

အမဲရိုးပြုပ်


 ဒီနေ့တော့ အရည်သောက် တစ်မယ်အတွက် အမဲရိုးလေးတွေ ဝယ်လာပြီး အမဲရိုး ပြုပ်လေး ပြုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အမဲရိုး ပြုပ်ထားတဲ့ ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အရိုးအသား တွဲနေသော အမဲရိုး  - 1 kg
  2. မုံလာဥဖြူ - အနေတော် တစ်ဥ
  3. ချင်း -  တစ်လက်မခန့် 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အပ်မှို - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • အမဲရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • မုံလာဥကို အခွံခွာပြီး ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေခပ်များများထည့်ပြီး အမဲရိုးထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ သုံးမိနစ်လောက် ပြုပ်ပေးကာ ရေများကို သွန်ပေးပါ
  • ပြီးတော့မှ အိုးထဲမှာ ချင်း ဆား အချိုမှုန့် ရေနှင့် မုံလာဥများထည့်ကာ အမဲရိုး နူးတဲ့အထိ ပြုပ်ပေးပါ
  • အမဲရိုး ချင်း ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးရင်း ရေလိုအပ်ပါက ထပ်ထပ်ထည့်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များ တက်လာပါက အပေါ်ယံ အမြှုပ်များ ခပ်ပြီးသွန်သွန်ပေးပါ
  • အမဲရိုးအနံ့ ပျောက်လာအောင် နာရီ၀က်လောက် အရင်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • အမဲရိုးပြုပ်ရည် အမွှေးနံ့သင်းလာတာနဲ့ ဆား အချိုမှုန့်နှင့် ရေလိုသလောက်ထည့်ကာ ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာကို မြည်းပြီး မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ အမဲရိုး အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ အပ်မှိုထည့်ကာ  သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 16 January 2023

ဆန်ပြားခေါက်ဆွဲကြော်

 



ဒီနေ့တော့  မိုးလေလေးက ခပ်အုံ့အုံ့လေးရယ်မို့လို့ ဘယ်မှလဲ မသွားချင်တာနဲ့ အိမ်မှာရှိတဲ့ ဆန်ပြားခေါက်ဆွဲလေးတွေကိုဘဲ ကြော်စားရင် ကောင်းမလား စဉ်းစားမိပါတယ်။

ဒီတော့လဲ ဆန်ပြားခေါက်ဆွဲလေးကို ကြော်စားဖြစ်သွားပါတယ် စားရတာ အရသာလဲ ကောင်းလွန်းလို့ မာမာ ကြော်တဲ့ကြော် နည်းလေးကို  မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ (နှစ်ပွဲစာ)

  1. ဆန်ပြား ခေါက်ဆွဲဖတ် - 330 g
  2. အနေတော် ပိုင်းဖြတ်ကာ ရေဆေးထားသော ကန်စွန်းရွက် - အနည်းငယ်
  3. ရေဆေးပြီး ရေစစ်ထားသော ပဲပင်ပေါက် - အနည်းငယ်
  4. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. ကြက်သွန်နီ - အနေတော် တလုံးကို အမြှောင်းလိုက် လှီးထားပါ
  8. ကြက်သွန်ဖြူ - ၃မွှာကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  9. ငရုတ်ဆီ - ထမင်းစားဇွန် တစ်ဇွန်းခွဲ
  10. ဆီ - စားပွဲတင်ဇွန်း တစ်ဇွန်း
  11. ကြက်ဥ - နှစ်လုံး
  12. ဂေါ်ဖီ - အနည်းငယ် ခပ်ကြမ်းကြမ်း လှီးထားပါ
  13. မုံလာဥနီ  - အနည်းငယ် အရှည်အမြှောင်းလေးများ ရအောင်လှီးထားပါ


ပြင်ဆင်ချက်ပြုပ်ပုံ

  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက  ကြက်ဥကို ဖောက်ထည့်ကာ အနှစ်ကို အသာခွဲပေးပြီး အကာကို မကျက်တကျက်ရအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်အဖြူနှင့် အနီတို့ကို ထည့်ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
  • ကြက်သွန်နွမ်းတာနဲ့ ဂေါ်ဖီနှင့်မုံလာဥနီကို မိနစ်၀က်လောက် ကြော်ပေးပြီး ငါးငံပြာရည် သကြား သံပုရာရည် ငရုတ်ဆီ အချဉ်ရည်တို့ ထည့်ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ဆန်ပြားခေါက်ဆွဲကို ထည့်မွှေကာ ပဲပင်ပေါက်နှင့် ကန်စွန်းရွက်တို့ကို ထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလိုပြင်ကာ စားပွဲပြင်နိုင်ပါပြီ။

Sunday 15 January 2023

အမဲအကြောဟင်း

 


ဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ဆီပြန်လေး ချက်ဖြစ်ပါတယ် အမဲအကြော တို့ရဲ့ သဘာဝက ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  • ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
  • အမဲ အကြောများ နူးတဲ့အထိ ရေထပိထပ်ထည့်ပြီး တည်ပေးပါ
  • ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Saturday 14 January 2023

မုန့်ဟင်းခါးနှင့် တို့ဟူးအရိုင်းသုပ်


ဒီနေ့တော့ မုန့်ဟင်းခါးကို မာမာ့အမေ ရှိစဉ်က နေ့တိုင်းနီးပါး စားဖြစ်တဲ့ မုန့်ဟင်းခါးနဲ့ တို့ဟူးအရိုင်းသုပ်လေးကို မာမာ လုပ်စားဖြစ်ပါတယ်။

မုန့်ဟင်းခါး ချက်နည်းကတော့ မကြာမကြာ ရေးပေးဖြစ်တဲ့အတွက် မုန့်ဟင်းခါးနဲ့ နယ်ဖတ်စားဖို့အတွက် တို့ဟူးသုပ် အရိုင်းသုပ် အလွယ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. တို့ဟူးကျိုပြီးသား 
  2. မန်ကျည်းသီးမှည့်အနှစ်
  3. ကြက်သွန်နီဆီချက်
  4. ငါးငံပြာရည်
ပြင်ဆင်ပုံ
  • မိမိစားနိူင်သလောက် တို့ဟူး
  • မန်ကျည်းသီးမှည့်အနှစ်
  • ကြက်သွန်နီဆီချက်
  • ငါးငံပြာရည်တို့ကို သင့်တော်သလို ထည့်ပေးပါ
  • ပြီးတာနဲ့ မုန့်ဟင်းခါး ပန်းကန်ထဲထည့်ကာ စားသုံးနိူင်ပါပြီ။

Thursday 12 January 2023

ဝက်အချိုပေါင်း

 




ဒီနေ့တော့ ဝက်သားသုံးထပ်သားလေးတွေ ဝယ်လာပြီး  ဝက်သားပေါင်းလေး လုပ်ဖြစ်ပါတယ်  ထမင်းနဲ့လဲ လိုက်ဖက်သလို ကြာဆံဆီချက် ခေါက်ဆွဲဆီချက်လေးတွေ လုပ်စားရင်လဲ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သား သုံးထပ်သား - 500 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ကြက်သွန်နီ - ခပ်သေးသေး ငါးလုံး
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဝက်သားများကို ရေစင်အောင်ဆေးပြီး ခရုဆီ ပဲငံပြာရည် ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိူင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ဝက်သား ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေကို အနေတော်ထည့်ပြီး သံဇကာ အောက်ခံခုံ အခင်းကို ထည့်ပေးပါ
  • ထိုသံဇကာ အောက်ခံခုံပေါ်မှာ ဝက်သား ပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဝက်သား ပန်းကန်ထဲ မ၀င်စေရန် ဝက်သား ပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးရမည်ကို သတိပြုပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ဝက်သားများ နူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဝက်သား ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ဝက်သား ပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ ရေနည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ ဝက်သားအသားများ နူးအိသွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ဝက်သားပေါင်း ချိုချိုလေးကို မိမိတို့ နှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 11 January 2023

ဝက်နံရိုး မျှစ်ချဉ်ဟင်း

 



ဒီနေ့တော့ ဝက်နံရိုးနဲ့ မျှစ်ချဉ်ကို ချက်ပါမယ် မျှစ်ချဉ်နဲ့ အသားရောပြီး ချက်လေတိုင်း အသားက အရသာ နည်းသွားပေမဲ့ မျှစ်ချဉ်က အရသာ အရမ်းရှိတာမို့လို့ မျှစ်ချဉ်ကို ပိုပြီး ထည့်ထားပါတယ်။

စားမဲ့ လူဦးရေ နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ချဉ် - 1 kg
  2. ဝက်နံရိုး - 500 g 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  11. ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ဆန်ဆေးစဉ် ယူထားပါ

ပြင်ဆင်ပုံ
  • ဝက်နံရိုးများကို အတုံးလိုက် ရေဆေးပြီးမှ ရေစစ်ကာ အနေတော် တုံးထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • မျှစ်ချဉ်ကို အချဉ်ပေါ့စေရန်နှင့် အဆိပ်အတောက် ပြေစေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် ဝက်နံရိုးကို ဆီနိုင်နိုင် သတ်ပေးပြီးမှ ချက်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်နံရိုးကိုထည့်ပြီး ဆီသတ်ပါ
  • ဝက်နံရိုးများ ထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ဝက်နံရိုးများ လုံးမိစေရန် ရေအနည်းငယ် ထည့်ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဝက်နံရိုးများ အရောင်ပြောင်းလာပြီး လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီးထည့်ပေးပါ
  • မျှစ်ချဉ်ဟင်းရည် ပထမ တစ်ရည်ခမ်းအောင် တည်လိုက်ပြီး နောက်တစ်ရည် မြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ မျှစ်ချဉ်နံ့ မွှေးနေတဲ့ ဝက်နံရိုး မျှစ်ချဉ်ဟင်းကို စားသုံးနိူင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တစ်နေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ဝက်နံရိုး မျှစ်ချဉ်ဟင်းကို အရသာရှိစွာ စားသုံးနိူင်ပါပြီ

Wednesday 4 January 2023

ဝက်သားလုံး ဟင်းချို

 


ဒီနေ့တော့ ဆီပြန်လေး တစ်မယ်ချက်ကာ အရည်သောက်လေးတစ်မျိုး  ချက်ဖြစ်ပြန်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန့်ညှင်း အရွက်လေးနဲ့ ဝက်သားလုံး  ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့  ဟင်းချိုတစ်မယ် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းပင် - တစ်ပင်
  2. ဝက်သားလုံး - ဆယ်လုံးခန့်
  3. ချင်း - ခပ်ပါးပါး ငါးပြား
  4. ဆား - လိုသလောက်
  5. အရသာမှုန့် - လိုသလောက်
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ကြက်ပြုပ်ရည် - 3 cups
  9. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • မုန့်ညှင်းရွက်ကို အနေတော် ပိုင်းဖြတ်ပြီး ရေလေးခါလောက် ဆေးပေးကာ ရေစစ်ထားပါ 
  • ကြက်ပြုပ်ရည်နှင့် ဝက်သားလုံးတို့ကို အဆင်သင့် ပြင်ထားပါ
  • ချင်းကိုအခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲကို ချင်း ကြက်ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဝက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်  ကြက်သွန်ဖြူနှင့်  မုန့်ညှင်းရွက်တို့ကို ထည့်ပေးပြီး အရွက်ကို ခပ်စိမ်းစိမ်း ရလာအောင် အဖုံးမအုပ်ဘဲ ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။ 

Monday 2 January 2023

ဝက်နံရိုး မုံလာဥဟင်းချို

 


တစ်နေ့တစ်နေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ခေါင်းနောက်တတ်ပါတယ် ဆီပြန်လေး တစ်မယ် ချက်ပြီးပြန်တော့လဲ အရည်သောက်လေးပါမှ အဆင်ပြေမှာမို့လို့ ရှာကြံပြီး ချက်ပြန်တာပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန်လာဥဖြူလေးကို ဝက်နံရိုးနဲ့  ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့  ဟင်းချိုတစ်မယ် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ဝက်နံရိုး - 200 g
  2. မုန်လာဥဖြူ - မိမိနှစ်သက်သလောက်
  3. ဆား - လိုသလောက်
  4. အရသာမှုန့် - လိုသလောက်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ကြက်သွန်မိတ် - အနည်းငယ်
  8. ရေ - 3 cupsဟင်းချိုရည် ချက်ရန်
  9. ရေ - ဝက်နဲရိုးပြုပ်ရန် လိုသလောက် သုံးပါ
ပြင်ဆင်ပုံ
  • ဝက်နံရိုးကို အနေတော် အတုံးလေးတွေတုံးကာ ရေဆေးပေးပါ
  • ဇောက်နက်သော အိုးထဲမှာ ဝက်နံရိုးများထည့်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ထိုရေများကို သွန်လိုက်ကာ ရေမြုပ်အောင် ထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ဝက်နံရိုးများ နူးတဲ့အထိ ရေကိုထပ်ထပ်ထည့်ကာ ပြုပ်ပေးပါ
  • မုန်လာဥဖြူကို အခွံခွာကာ ရေဆေးပြီး  အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်မိတ်များကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ဝက်နံရိုး ပြုပ်ရည်နှင့် မုံလာဥများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲကို မုံလာဥများ ဝက်နံရိုး ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • မုံလာဥများ နူးလာတာနဲ့ ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့်  ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်ပါသွန်မိတ်ကို ထည့်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။ 


Sunday 1 January 2023

အုန်းနို့ခေါက်ဆွဲ



ဒီနေ့တော့ သမီးငယ်လေး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ချိန်လေးမှာ တစ်နေ့တစ်မျိုး မရိုးရလေအောင် ချက်ပေး ဖြစ်တဲ့အထဲက အုန်းနို့ခေါက်ဆွဲချက်ကာ စားကြဖို့ ပြင်ဆင်ပါမယ်။

ဟင်းရည်ချက်နည်းကတော့ အရင်တုန်းက မကြာခန တင်ဖူးတဲ့ အုန့်နို့ခေါက်ဆွဲ ဟင်းရည်ချက်နည်းနဲ့ အတူတူပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်လေးးကို မျှဝေပေးလိုက်ပါတယ်ရှင်။

အုန်းဆီချက်ရန် ပါဝင်ပစ္စည်းများ
  1. အုန်းနို့ - 400 ml (cream ဗူးကိုသုံးပေးပါ)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
အုန်းဆီချက်ပုံ
  • အိုးတစ်လုံးထဲမှာ အုန်းနို့ဗူးကို ဖောက်ထည့်ပေးပါ
  • ပြီးတာနဲ့ ဆားထည့်ပြီး မီးဖိုပေါ် တင်ပေးပါ
  • အုန်းနို့အိုး တည်ထားစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
  • အုန်းနို့အိုးထဲမှ အုန်းနို့များ အတော်လေး ခမ်းလာတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • အုန်းနို့များ တဖြေးဖြေး ဥလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ထားပါ
ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်သား - 350 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ရေ - ကြက်သားမြုပ်အောင် ထည့်ပေးပါ
ကြက်သားပြုပ်ပုံ
  • ကြက်သားကို အတုံးလိုက် ရေဆေးပေးပါ
  • ပြီးတာနဲ့ ဆား နနွင်းမှုန့် အရသာမှုန့် ငံပြာရည်တို့ ထည့်ပေးကာ ခပ်နာနာ  နယ်ပေးပါ
  • အရသာ နယ်ပေးပြီးတာနဲ့ အိုးထဲထည့်ကာ ကြက်သားကို ရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသောရေ ခမ်းလာတာနဲ့ အအေးခံပြီး အသားတုံးလေးတွေ ရလာအောင် ဖဲ့ထားပေးပါ။
ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးအသား ထွင်ထားသော ကြက်သားများ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
  3. ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
  5. နနွင်းမှုန့် - လက်ဖက်ည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ဆီ - 3 cups (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. အုန်းဆီချက် - ထမင်းစားဇွန်း ငါးဇွန်း

ကြက်သားဆီသတ်ရန်
  • ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
  • ကြက်သွန်နီ ငါးလုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အသားထွင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  • ကြက်သား ထည့်ပြီးတာနဲ့ ငါးငံပြာရည် ဆား အရသာမှုန့် အုန်းဆီချက် ထည့်ပြီးပေးကာ ဆက်ပြီးဆီသတ်ပေးပါ
  • အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ဆီသတ်ပြီး ချက်ထားသော ကြက်သားဟင်း ဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ။
ခေါက်ဆွဲဖတ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
  1. ခေါက်ဆွဲခြောက် - 400 g တစ်ထုတ်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ခေါက်ဆွဲဖတ်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့ ဆားနှင့်ဆီတို့ကိုထည့်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
  • ပြုပ်နေစဉ် ခေါက်ဆွဲဖတ်များ ပွလာပါပြီး ရေလိုပါက ရေနွေးပူပူကို ထပ်ထပ်ပြီး ထည့်ပေးပါ
  • မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
  • မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
  • ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
အုန်းနို့ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ဆီသတ်ထားသော ကြက်သားဟင်း
  2. ပဲအစိမ်းမှုန့် -ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  3. ကြက်သွန်နီ - အလုံးသေး ဆယ်လုံးခန့်
  4. အုန်းဆီချက်ပြီးသား - ထမင်းစားဇွန်း ငါးဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ဆယ့်ငါးခွက်
အုန်းနို့ဟင်းရည်ချက်ပုံ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ရေနှင့် ပဲမှုန့်တို့ထည့်ပြီး ပဲမှုန့်များ ပျော်သွားအောင် ဖျော်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ပဲများပျစ်လာတာနဲ့ ဆီသတ်ထားသောကြက်သား ဆား အရသာမှုန့် နှင့် အုန်းနို့တို့ထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီများကို ထည့်ပေးပါ
  • ကြက်သွန်နီများ နူးလာတာနဲ့ ဟင်းရည်အရသာကို မြည်းပေးပြီး လှီးထားသော ကြက်ဥများကို ထည့်မွှေပေးပါ
  • ဟင်းရည်အရသာကို မိမိစိတ်ကြိုက် ပြင်ပေးပြီး ဟင်းရည်အပျစ် အကျဲကိုလဲ  မိမိစိတ်ကြိုက် ပြင်ပေးပြီးပါက အုန်းနိ့ဟင်းရည် ရပါပြီ။
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. အုန်းနို့ဟင်းရည် - လိုသလောက် ပြင်ထားပါ
  2. ကြာဇံကြီး မုန့်ဖတ် - လိုသလောက် ပြင်ထားပါ
  3. အကြွတ်ကြော် - လိုသလောက် ပြင်ထားပါ
  4. ငါးဖယ်ကြော်  - လိုသလောက် ပြင်ထားပါ
  5. ကြက်ဥ - ၆လုံး
  6. သံပုရာသီး - လိုသလောက် သုံးပေးပါ
  7. နံနံပင် - လိုသလောက် သုံးပေးပါ
  8. ကြက်သွန်နီ - အနေတော် နှစ်လုံး
  9. ငရုတ်သီး အလှော်မှုန့် - လိုသလောက် ပြင်ထားပါ
မုန့်ပွဲပြင်ရန်
  1. ခေါက်ဆွဲ မုန့်ဖတ်များကို ပြင်ထားပါ
  2. အုန်းနို့ဟင်းရည်ကို ပြင်ထားပါ
  3. ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ထက်ဝက်ခြမ်းထားပါ
  4. သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  5. နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  7. ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  8. ငါးဖယ်ကြော်နှင့် အကြွတ်ကြော်တို့ကို ပြင်ထားပါ
  9. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်လုံးထဲမှာ မိမိစားနိူင်သလောက် မုန့်ဖတ် အကြွတ်ကြော် ငရုတ်သီး အလှော်မှုန့် နံနံပင် ကြက်သွန်နီ  သံပုရာရည်နှင့် အုန်းနို့ဟင်းရည်တို့ကို သင့်သလို ထည့်ပေးပါ
  10. အရသာ အားလုံးထည့်ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပြီး အုန်းနို့ဟင်းရည်ဆမ်း ခေါက်ဆွဲ စိမ့်စိမ့်လေးကို  စားသုံးနိူင်ပါပြီ။