Sydney မှာ ရာသီဥတုက နွေရာသီ ဖြစ်နေလေတော့ ပူပူစပ်စပ် ရာသီဥတုလေးမှာ အစားအသောက် အနည်းငယ်တော့ ခံတွင်းပျက်ပါတယ် ဒါကြောင့်မို့လို့ ခံတွင်းလိုက်စေမဲ့ မုန့်ဟင်းခါးလေး ချက်စားဖြစ်ပါတယ်။
မုန့်ဟင်းခါးတို့ ထုံးစံအတိုင်း ဆန်လှော်မှုန်နဲ့ မချက်ဘဲ ဒီတစ်ခါတော့ ရွှေကြည်မှုန့်နဲ့ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ငါးပြုပ်ရန် ပါ၀င်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )
- ငါးခူ - သုံးဆယ်သား
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
- ငါးငံပြာရည် - ထမင်စားးဇွန်း ငါးဇွန်း (ငါးပြုပ်ရန်)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးပြုပ်ရန်)
- စပါးလင် - သုံးပင် (ငါးပြုပ်ရန်)
- ငရုတ်သီးအပွတောင့် - ငါးတောင့် (ငါးပြုပ်ရန်)
- ရေ - ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်
ငါးပြုပ်ပုံ
- ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
- ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
- ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
- စပါးလင်ကို အပင်လိုက် ရေဆေးပြီး အထုံးလေးထုံးထားပါ
- ငရုတ်သီး အပွတောင့်ကို ရေဆေးထားပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူ ငါးငံပြာရည် ဆား နနွင်းမှုန့် စပါးလင် ငရုတ်ပွတောင့်ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးပါ
- အရိုးနွှင်ပြီးတာနဲ့ ငါးအသားများကို ကျေသွားအောင် ချေထားပေးပါ
- အသားနွှင်ပြီးတာနဲ့ ငရုတ်ပွတောင့် ငါးအရိုးများနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ငါးဆီသတ်ရန် ပါဝင်ပစ္စည်းများ
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ချင်း - နှစ်လက်မခန့်
- စပါးလင် - အရင်းပိုင်း ငါးချောင်းခန့်
- ဆီ - နှစ်ဆယ်သားခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆီသတ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( ငါးဆီသတ်ရန်)
ငါးဆီသတ်ပုံ
- ကြက်သွ န်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီးအရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ငါးပြုပ်အရိုးထွင်ပြီးသားနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြ င်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ပြီးသား ငါးအသား ငါးငံပြာရည်ကိုနှင့် ဆားတို့ကို ထည့်ပေးပါ
- ငါးအသားကို အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး ဆီသတ်ပေးပါ
- ဆီသတ်ထားတာ ဆီပျံလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ။
ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
- ကုလားပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပဲပြုပ်ပုံ
- ကုလားပဲဆံကို ရေလေးခါလောက် ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ထည့်ပေးပါ
- ပဲများကို ရေမြုပ်အောင် ထည့်ပေးပြီး ဆားနှင့်နနွင်းမှုန့်ထည့်ကာ ပဲများနူးအောင် ပြုပ်ပေးပါ
- ပထမ တစ်ရည်နဲ့ ပဲမနူးသေးပါက ရေထပ်ထပ် ထည့်ပေးပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
- ပဲများနူးပါက ဇကာတိုက်ပြီး ပဲများကျေတဲ့အထိ အနှစ်တိုက်ပေးထားပါ။
ရွှေကြည်မှုန့်လှော်ပုံ
- ရွှေကြည်မှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို ဒယ်အိုးထဲမှာ ထည့်ပြီး အပူပေးပါ
- ရွှေကြည်မှုန့်များ အကျက်ညီစေရန် အဆက်မပြတ် မွှေမွှေပေးပါ
- ရွှေကြည်မှုန့်များ တစ်အိုးလုံး ရွှေအိုရောင် သန်းလာပါက မီးဖိုပေါ်က ဖယ်ပေးပြီး အအေးခံထားပါ
- ရွှေကြည်မှုန့်များ အေးသွားပါက မုန့်ဟင်းရည် ချက်ဖို့အတွက် လိုသလောက်ဘဲ သုံးပေးပါ
- ကျန်နေတဲ့ ရွှေကြည်မှုန့်များ ကိုတော့ လေလုံပုလင်းထဲမှာ ထည့်ပြီးသိမ်းထားနိူင်ပါတယ်။
မြေပဲလှော်ထောင်းနည်း
- မြေပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
- အိုးပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး လှော်ပေးပါ
- မြေပဲလှော်များ ကြွတ်လာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
- မြေပဲလှော်များ အေးသွားတာနဲ့ အခွံများ ချွတ်ပြီး ပြာထုတ်ပေးပါ
- အခွံများ ပြောင်သွားတာနဲ့ ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ။
ဆီချက်ချက်ရန် ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
- ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးခွက်စာ (ဆီချက်ချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ဆီချက် ချက်နည်း
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ကြက်သွန်ဖြူထောင်းကို ထဲ့ကြော်ပေးပါ
- ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
- ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ
- ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောပြီး ထဲ့ပေးထားပါ။
ငရုတ်ကောင်းလှော်ထောင်းနည်း
- ငရုတ်ကောင်း ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
- အိုးပူလာတာနဲ့ အကျက်ညီစေရန် မီးကိုအနေတော်လျှော့ပြီး လှော်ပေးပါ
- ငရုတ်ကောင်းများ မွှေးနံ့ထွက်လာပြီး ကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံထားပါ
- ငရုတ်ကောင်းများ အေးသွားပါက ကော်ဖီကြိတ်စက်လေးနှင့် ညက်နေအောင် ကြိတ်ပေးပါ
- မုန့်ဟင်းရည် ချက်ရာမှာ လိုသလောက်ဘဲ အသုံးပြုပါ
- ပိုနေသော ငရုတ်ကောင်းမှုန့်များကို လေလုံပုလင်းထဲထည့်ပြီး သိမ်းထားပေးပါ။
ငှက်ပျောအူလှီးရန် ပါဝင်ပစ္စည်းများ
- ငှက်ပျောအူ - တစ်ထွာသာသာလောက် (နုတဲ့နေရာကိုဘဲ သုံးပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ရေ - လိုသလောက် သုံးပါ
ငှက်ပျောအူလှီးပုံ
- ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
- ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
- အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ
ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ - အလုံးသေး ၁၀လုံး
- မြေပဲလှော် ထောင်းပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
- ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာသာသာ
- ပဲအနှစ်တိုက်ပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာသာသာ
- ငှက်ပျောအူ - မိမိနှစ်သက်သလောက် (သို့)
- ကြာစွယ် - မိမိနှစ်သက်သလောက်
- ကြက်ဥ (သို့) ဘဲဥ - သုံးလုံး (လှီးပြီးထည့်ရန်)
- ကြက်ဥ သို့ (ဘဲဥ) - ငါးလုံး (အိုးဘဲဥလုပ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ(ဟင်းရည်ထဲထည့်ရန်)
- ငါးငံပြာရည်- ထမင်းစားဇွန်း ခြောက်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း
- ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
ဟင်းရည်အိုးတည်ပုံ
- မုန့်ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ရွှေကြည်မှုန့်ကို ရေနှင့်ဖျော်ထားပါ
- ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ကိုတို့ ပြင်ထားပါ
- ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ
- ကြက်ဥများကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
- ကြက်ဥ သုံးလုံးကို ခပ်ပါးပါး လှီးထားပါ
- ကြက်ဥငါးလုံးကို အခွံခွာပြီး အလုံးလိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည် မြေပဲလှော်ထောင်း ပဲအနှစ် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ကြက်ဥအလုံးလိုက်နှင့် ဆီသတ်ထားသော ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ရေဖျော်ထားသော ရွှေကြည်မှုန့် အရည်ဖျော် ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
- ရွှေကြည်မှုန့်များ အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
- ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
- ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိူင်သလို ထဲ့မချက်လဲ ရပါတယ်။
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
- မုန့်ဖတ် - တစ်ကီလိုခွဲ
- အကြော်စုံ - မိမိနှစ်သက်သလောက်
- နံနံပင် - မိမိနှစ်သက်သလောက်
- ပူစီနံ - မိမိနှစ်သက်သလောက်
- ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
- ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
- သံပုရာသီး - မိမိနှစ်သက်သလောက်
မုန့်ပွဲပြင်ဆင်ပုံ
- မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
- ပူစီနံကို ရေဆေးထားပါ
- မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
- ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာ အသီးအရွက်နှင့် အကြော်တို့ကို အနည်းငယ်စီ ထဲ့ပေးပါ
- မုန့်ဟင်းရည်ဆမ်းကာ အိုးကြက်ဥတစ်လုံး ထည့်ပေးပြီးပါက မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိူင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။
No comments:
Post a Comment