ဒီနေ့တော့ သမီးငယ်လေး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ချိန်လေးမှာ တစ်နေ့တစ်မျိုး မရိုးရလေအောင် ချက်ပေး ဖြစ်တဲ့အထဲက အုန်းနို့ခေါက်ဆွဲချက်ကာ စားကြဖို့ ပြင်ဆင်ပါမယ်။
ဟင်းရည်ချက်နည်းကတော့ အရင်တုန်းက မကြာခန တင်ဖူးတဲ့ အုန့်နို့ခေါက်ဆွဲ ဟင်းရည်ချက်နည်းနဲ့ အတူတူပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်လေးးကို မျှဝေပေးလိုက်ပါတယ်ရှင်။
အုန်းဆီချက်ရန် ပါဝင်ပစ္စည်းများ
- အုန်းနို့ - 400 ml (cream ဗူးကိုသုံးပေးပါ)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
အုန်းဆီချက်ပုံ
- အိုးတစ်လုံးထဲမှာ အုန်းနို့ဗူးကို ဖောက်ထည့်ပေးပါ
- ပြီးတာနဲ့ ဆားထည့်ပြီး မီးဖိုပေါ် တင်ပေးပါ
- အုန်းနို့အိုး တည်ထားစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
- အုန်းနို့အိုးထဲမှ အုန်းနို့များ အတော်လေး ခမ်းလာတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
- အုန်းနို့များ တဖြေးဖြေး ဥလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ထားပါ
ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ
- ကြက်သား - 350 g
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေ - ကြက်သားမြုပ်အောင် ထည့်ပေးပါ
ကြက်သားပြုပ်ပုံ
- ကြက်သားကို အတုံးလိုက် ရေဆေးပေးပါ
- ပြီးတာနဲ့ ဆား နနွင်းမှုန့် အရသာမှုန့် ငံပြာရည်တို့ ထည့်ပေးကာ ခပ်နာနာ နယ်ပေးပါ
- အရသာ နယ်ပေးပြီးတာနဲ့ အိုးထဲထည့်ကာ ကြက်သားကို ရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
- ပြုပ်ထားသောရေ ခမ်းလာတာနဲ့ အအေးခံပြီး အသားတုံးလေးတွေ ရလာအောင် ဖဲ့ထားပေးပါ။
ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးအသား ထွင်ထားသော ကြက်သားများ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
- ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
- နနွင်းမှုန့် - လက်ဖက်ည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆီ - 3 cups (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အုန်းဆီချက် - ထမင်းစားဇွန်း ငါးဇွန်း
ကြက်သားဆီသတ်ရန်
- ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
- ကြက်သွန်နီ ငါးလုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အသားထွင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
- ကြက်သား ထည့်ပြီးတာနဲ့ ငါးငံပြာရည် ဆား အရသာမှုန့် အုန်းဆီချက် ထည့်ပြီးပေးကာ ဆက်ပြီးဆီသတ်ပေးပါ
- အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
- ဆီသတ်ပြီး ချက်ထားသော ကြက်သားဟင်း ဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ။
ခေါက်ဆွဲဖတ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲခြောက် - 400 g တစ်ထုတ်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ခေါက်ဆွဲဖတ်ပြုပ်ပုံ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ ဆားနှင့်ဆီတို့ကိုထည့်ပေးပါ
- ပြီးတာနဲ့ ခေါက်ဆွဲဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
- ပြုပ်နေစဉ် ခေါက်ဆွဲဖတ်များ ပွလာပါပြီး ရေလိုပါက ရေနွေးပူပူကို ထပ်ထပ်ပြီး ထည့်ပေးပါ
- မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
- မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
- ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
အုန်းနို့ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
- ဆီသတ်ထားသော ကြက်သားဟင်း
- ပဲအစိမ်းမှုန့် -ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
- ကြက်သွန်နီ - အလုံးသေး ဆယ်လုံးခန့်
- အုန်းဆီချက်ပြီးသား - ထမင်းစားဇွန်း ငါးဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ဆယ့်ငါးခွက်
အုန်းနို့ဟင်းရည်ချက်ပုံ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးထားပါ
- ဇောက်နက်သော အနေတော် အိုးထဲမှာ ရေနှင့် ပဲမှုန့်တို့ထည့်ပြီး ပဲမှုန့်များ ပျော်သွားအောင် ဖျော်ပေးပါ
- ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
- ပဲများပျစ်လာတာနဲ့ ဆီသတ်ထားသောကြက်သား ဆား အရသာမှုန့် နှင့် အုန်းနို့တို့ထည့်ပြီး တည်ပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီများကို ထည့်ပေးပါ
- ကြက်သွန်နီများ နူးလာတာနဲ့ ဟင်းရည်အရသာကို မြည်းပေးပြီး လှီးထားသော ကြက်ဥများကို ထည့်မွှေပေးပါ
- ဟင်းရည်အရသာကို မိမိစိတ်ကြိုက် ပြင်ပေးပြီး ဟင်းရည်အပျစ် အကျဲကိုလဲ မိမိစိတ်ကြိုက် ပြင်ပေးပြီးပါက အုန်းနိ့ဟင်းရည် ရပါပြီ။
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
- အုန်းနို့ဟင်းရည် - လိုသလောက် ပြင်ထားပါ
- ကြာဇံကြီး မုန့်ဖတ် - လိုသလောက် ပြင်ထားပါ
- အကြွတ်ကြော် - လိုသလောက် ပြင်ထားပါ
- ငါးဖယ်ကြော် - လိုသလောက် ပြင်ထားပါ
- ကြက်ဥ - ၆လုံး
- သံပုရာသီး - လိုသလောက် သုံးပေးပါ
- နံနံပင် - လိုသလောက် သုံးပေးပါ
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ငရုတ်သီး အလှော်မှုန့် - လိုသလောက် ပြင်ထားပါ
မုန့်ပွဲပြင်ရန်
- ခေါက်ဆွဲ မုန့်ဖတ်များကို ပြင်ထားပါ
- အုန်းနို့ဟင်းရည်ကို ပြင်ထားပါ
- ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ထက်ဝက်ခြမ်းထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
- ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
- ငါးဖယ်ကြော်နှင့် အကြွတ်ကြော်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်လုံးထဲမှာ မိမိစားနိူင်သလောက် မုန့်ဖတ် အကြွတ်ကြော် ငရုတ်သီး အလှော်မှုန့် နံနံပင် ကြက်သွန်နီ သံပုရာရည်နှင့် အုန်းနို့ဟင်းရည်တို့ကို သင့်သလို ထည့်ပေးပါ
- အရသာ အားလုံးထည့်ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပြီး အုန်းနို့ဟင်းရည်ဆမ်း ခေါက်ဆွဲ စိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment