Friday 30 April 2021

က ကတစ်ငါး ငါးဆားနယ်ကြော်


ဒီနေ့တော့ ထမင်းစားလို့မြိန်စေမဲ့ က ကတစ်ငါးကို ငါးဆားနယ်လေး လုပ်ထားကာ ကြော်ထားပါတယ် က ကတစ် ငါးဆားနယ်ကို ချက်စားမယ် ဆိုရင်တော့ မန်ကျည်းမှည့်ရည် ပျစ်ပျစ်လေးနဲ့ ချက်တာက အကိထိမ်းပေးတဲ့အတွက် စားလို့ကို အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားနိူင်အောင် က ကတစ် ငါးဆားနယ် လုပ်နည်းနဲ့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးဆားနယ် ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး တစ်ကောင် - 800 g 
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ငရုတ်သီးကြော်ထဲထည့်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငရုတ်သီးကြော်ထဲထည့်ရန်)
  8. ဆီ - လိုသလောက် သုံးပေးပါ
ငါးဆားနယ်လုပ်ရန်
  1. ငါးကို ငါးခေါင်း ဆူးတောင်များ အကျေးခွံများနှင့် ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲမှာထဲ့ပြီး ဆားအရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးကို ထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး ဇလုံထဲ ထည့်ပေးကာ အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ထွက်လာလျှင် သွန်မပြစ်ဘဲ ဒီအတိုင်း ထားပေးပါ
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. သုံးရက်မှ လေးရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
  9. သုံးလေးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ကြော်ကို ရမှာဖြစ်ပါတယ်။
  10. ငါးဆားနယ်ကို တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင်လို ဖြစ်သွားမှာမို့လို့ အရမ်းငံသွားတတ်ပါတယ်။
  11. ဒါကြောင့်မို့လို့ တစ်ပါတ်ကျော်မှ ကြော်စားချက်စားမည် ဆိုပါက  ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးကာ ကြော်စား ချက်စားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ရေစစ်ထားတဲ့ ငါးဆားနယ်ကို လက်နှစ်လုံးခွဲလောက် အတုံးလေးတွေ တုံးပေးပါ
  • ငါးဆားနယ်ကို ဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှ ရေဆေးပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီကို မီးအလယ်အလတ်လောက်နဲ့ အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်  ထဲ့ပေးပါ
  • ပြီးတာနဲ့ ငါးဆားနယ်ကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ပါက နောက်တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
  • ငါးဆားနယ်ကြော်ထားတဲ့ အိုးထဲမှာ ဆီများနေရင် နည်းနည်းဖယ်ပေးပါ
  • ပြီးတာနဲ့ မီးကိုထပ်ပြီး လျှော့ပေးကာ မညက်တစ်ညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ ငရုတ်သီးလုံးခြမ်းကွဲကို ထဲ့မွှေပါ
  • ငရုတ်သီးကြော်ထဲကို ဆားနှင့် ဟင်းချိုမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ကြော်ချိန်ခနအတွင်း ငရုတ်သီး အရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ပန်းကန်ထဲသို့ ပြောင်းထဲ့ပေးပါ
  • ငါးဆားနယ်ကြော်ကိုလဲ ငရုတ်သီးကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ 
  • ထမင်းမြိန်စေတဲ့ က ကတစ် ငါးဆားနယ်ကြော် စပ်စပ်မွှေးမွှေးလေး ရပါပြီ။

Thursday 29 April 2021

မှိုနှင့်မျှစ် အရည်သောက်ဆမ်းဟင်း





 ဆောင်းရာသီထဲ ၀င်လာခဲ့ပြီဆိုတော့ ပူပြီးစပ်နေတဲ့ ဟင်းလေးတွေဘဲ စားချင်စိတ်က ပေါ်လာခဲ့ပြန်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပူပြီးချဉ်ငံစပ်နေတဲ့ မှိုနဲ့မျှစ်အရော ချဉ်ငံစပ် အရည်သောက်ဆမ်းလေး ချက်ဖြစ်သွားပါတယ် ချက်ရတာ အရမ်းလွယ်ပြီး ဆီမပါတဲ့ ဟင်းလေးမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဝါးဘိုးမျှစ်နုနု - တစ်ထုတ် (500 g )
  2. oyster mushroom - (250 g)
  3. shemeji mushroom - (250 g) 
  4. baby oyster mushroom - (250 g)
  5. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း
  6. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အနီရောင်နှင့် အစိမ်းရောင်ကို ရောသုံးပါ)
  7. ပင်စိမ်းရွက် - နှစ်သက်သလောက်
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. စပါးလင် အရင်းပိုင်း - သုံးလက်မခန့်
  10. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မျှစ်များကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုပ်ပေးကာ ရေများသွန်ပေးပါ
  • မျှစ်နုများက တခါတရံ ခါးသက်တတ်တဲ့အတွက် ပထမ တစ်ရည်ဆူပြီးပါက သွန်ပြစ်ကာ နောက်တစ်ရည် ထပ်ထည့်ပြီး ဆူအောင်တည်ကာ ရေဆေးထားပါ 
  • မှိုများကို ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • စပါးလင်ကို​ရေ ဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ စပါးလင် ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီတို့ကို မညက်တစ်ညက် ထောင်းပေးပါ
  • ​ငရုတ်ဆုံမှာ ကပ်နေသော ငရုတ်သီးထောင်းများကို ရေနှင့်ကျင်းထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ 
  • ဇောက်နက်သော အိုးထဲမှာ အရင်ဆုံး ငရုတ်ဆုံ ကျင်းထားသော အရည်ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပွက်ပွက်ဆူလာတာနဲ့  ရုတ်သီးစိမ်းထောင်းကိုထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • လိုအပ်ရေပါက ရေကိုမြုပ်အောင်ထည့်ပြီး ငရုတ်သီးစိမ်းထောင်းများ နူးအောင် ပြုပ်ပေးပါ
  • ငရုတ်သီးစိမ်းထောင်းများ နူးလာတာနဲ့ မျှစ်နှင့်မှိုများ ထည့်တည်ပေးပါ
  • မိမိစိတ်ကြိုက် ရေအနေတော် ရတာနဲ့ ငါးငံပြာရည် အရသာမှုန့်နှင့် မန်ကျည်းရည်တို့ ထည့်ပေးပြီး  ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ပင်စိမ်းရွက် အုပ်ပေးပြီး မီးပိတ်ပေးကာ ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ မျှစ်မှိုအရော ချဉ်ငံစပ် အ စပ်ချက် ဟင်းပွဲကို ပြင်ပေးနိူင်ပါပြီ။

Wednesday 28 April 2021

ခရမ်းသီးထောင်း








ဒီနေ့တော့ ခရမ်းသီး သေးသေးလေးတွေကို နူးနေအောင်ပြုပ်ပြီး ငါးကြော်နဲ့ရောကာ ချဉ်ငံစပ်လေး ထောင်းဖြစ်သွားပါတယ်။ 
ထမင်းစားလို့ မြိန်တဲ့အတွက် စားချင်တဲ့သူတွေ  ထောင်းပြီးစားနိူင်ဖို့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး - အလုံးသေး ခြောက်လုံး
  2. ငါးကြော် - ခပ်ကြီးကြီး တစ်တုံး
  3. ကြက်သွန်နီ - အလုံးသေး လေးလုံး
  4. ကြက်သွန်ဖြူ -  အမွှာကြီးကြီး ခြောက်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံပင် - မိမိနှစ်သက်သလောက်
  9. သံပုရာသီး - နှစ်လုံး
  10. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးများကို ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပြုပ်ပေးပါ
  • ခရမ်းသီးများ နူးနေအောင် ပြုပ်ပြီးပါက ရေစစ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အမွှာလေးတွေ ခွာထားပါ
  • ကြက်သွန်နီကိုလဲ အပေါ်ယံ အခွံထူများ ခွာထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ဒယ်အိုးထဲထည့်ပြီး အပေါ်ယံ အခွံများ ကျွမ်းတဲ့အထိ လှော်ပေးပါ
  • လှော်ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာထားပါ
  • ငရုတ်သီးစိမ်းလှော်များကို အညှာခြွေထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ အရည်ညှစ်ထားပါ
  • ငါးကြော်ကို အရိုးထွင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငါးကြော် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် ဆားတို့ကိုထည့်ကာ အရင်ဆုံး မညက်တစ်ညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးကိုထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ထိုအထဲမှာ သံပုရာရည် ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ ခပ်ဖွဖွထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ငရုတ်ကျည်ပွေ့နှင့် ခပ်ဖွဖွဘဲ ထောင်းပေးပါ
  • ပြီးတာနဲ့  နံနံပင် ထည့်မွှေပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ  ရတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပြီး ခရမ်းသီးပြုပ်ထောင်း ချဉ်ငံစပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Monday 26 April 2021

ခရမ်းချဉ်သီးသုပ်




ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ခရမ်းချဉ်သီးလေးတွေခူးကာ သားအမိတစ်တွေ စကားပြောရင်း အပျင်းပြေ စားဖို့အတွက် ခရမ်းချဉ်သီး သုပ်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းဖြူလေးရယ် ရေနွေးကြမ်းလေးနဲ့ သောက်ရင်း စားလို့ရလေအောင် လူတိုင်းသုပ်စားတတ်တဲ့ ချဉ်ချဉ်ငံငံစပ်စပ် ခရမ်းချဉ်သီး သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခရမ်းချဉ်သီးအစိမ်း - ခပ်ကြီးကြီး လေးလုံး
  2. နံနံပင် - အနေတော်
  3. မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပဲခြမ်းကြော် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. နှမ်းလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပုဇွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  10. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မြေပဲလှော်ကို အခွံခွာထားပါ
  • အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • လှီးထားသော ခရမ်းချဉ်သီးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • မြေပဲလှော် နံနံပင်  ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်း သံပုရာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွ နယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး ခရမ်းချဉ်သီး အစိမ်းသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။ 

Saturday 24 April 2021

ဆွှမ်းမွှေးပူတင်း

 






တစ်ခါတစ်လေ မုန့်တွေလုပ်မိပြီဆိုရင် နောက်နေ့တွေလဲ မုန့်တွေဘဲ လုပ်ချင်နေမိခဲ့တယ် မနေ့က ပန်ကိတ်လေးတွေလုပ်ပြီး ဒီနေ့တော့ ဆွမ်းမွှေးပူတင်းလေး လုပ်မိပြန်ပါတယ်။

လုပ်နည်းလေးက လွယ်သလောက် စားလို့ကောင်းလွန်းပါတယ် မာမာကတော့ ဆီးချိုရှိတဲ့အတွက် အချိုအရသာကို တတ်နိူင်သလောက် လျှော့ပြီးလုပ်ထားပါ မိမိတို့က အချိုခပ်လေးလေး နှစ်သက်တယ် ဆိုရင်တော့ မာမာရေးပေးထားတဲ့ အချိုပမာဏထက် ပိုပြီးထည့်လို့ ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်းမောက်မောက်
  2. သကြား - ထမင်းစားဇွန်း လေးဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အုန်းနို့ - 500 ml
  5. နို့ - 500 ml
  6. ဆွှမ်းမွှေးဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. အုန်းသီးမှုန့် - အနည်းငယ်
  8. ဆီ - ထမင်းစားဇွန်း တစ်ဝက် (မုန့်သားထည့်မည့် ဗူးကိုသုတ်ထားရန်)
ပြင်ဆင်ပုံ
  • မုန့်ကျိုပြီး ထည့်မည့်ဗူးကို ဆီနှင့်သုတ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ နို့ အုန်းနို့ ပြောင်းကော်မှုန့် သကြား ဆားနှင့်ဆွှမ်းမွှေးဆီတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • ပြောင်းကော်မှုန့်များ အဖုအခဲများ မကျန်တဲ့အထိ မွှေပေးပြီးပါက မကပ်သော အိုးထဲကို ပြောင်းထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တက်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • မုန့်ကျိုနေစဉ် မုန့်သားများ အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • မုန့်သားများ ကြည်ပြီးပျစ်လာတဲ့အထိ ကျိုပေးပြီးပါက ဆီသုတ်ထားသော ဗူးထဲကို ပြောင်းထဲပေးပါ
  • မုန့်သားများ ခဲလာတဲ့အထိ အခန်းအပူချိန်အတိုင်း နာရီဝက်လောက် ထားပေးပါ
  • ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီလောက် ထားပေးပါ
  • မုန့်သားလေး ခဲပြီး လှီးလို့ကောင်းတဲ့ အနေအထား ရလာပြီဆိုရင် ရေခဲသေတ္တာထဲမှ အပြင်ကို ထုတ်ပေးပြီး အတုံးလေးတွေ လှီးပေးပါ
  • ဆွှမ်းမွှေးနံ့လေးမွှေးပြီး နူးညံ့အိစက်နေတဲ့ ဆွှမ်းမွှေးပူတင်း မုန့်လေးကို  လှီးပြီးတာနဲ့ အုန်းသီးမှုန့်လေးတွေ ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • မာမာအခု လုပ်ပြထားသော အချိုးအစားက လေးယောက်စာလောက်ဘဲ ရပါတယ်။

Friday 23 April 2021

ရွှေကြည် ပန်ကိတ်


 

ဒီနေ့တော့ ရွှေကြည်မှုန့်နဲ့ ပန်ကိတ်လေးတွေ လုပ်ဖြစ်ပါတယ် မာမာ အခုပန်ကိတ်လုပ်တဲ့ ရွှေကြည်မှုန့်က အရမ်းကို နူးညံ့ပါတယ် နူးညံ့ပြီး အိစက်နေတဲ့အတွက် ပန်ကိတ်မုန့် လှလှလေးကို ရစေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပန်ကိတ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ရွှေကြည်မှုန့် (semolina) - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
  2. ကြက်ဥ - တစ်လုံး
  3. ​အရည်ဖျော်ထားသော ထောပါတ်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း လေးဇွန်း
  5. အုန်းနို့ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
  6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဗနီကာ - ထမင်းစားဇွန် နှစ်ဇွန်း
  8. အုန်းနို့ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက် 
  9. baking powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. baking soda - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. မကပ်သောဒယ်အိုး - ခပ်သေးသေး တစ်လုံး


ပြင်ဆင်ပုံ

  • ပါဝင်သော ပစ္စည်းများကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပါ
  • အလုံးအခဲလေးများ မကျန်အောင် သေသေချာချာ သမသွားအောင် မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ မုန့်နှစ်ပွလာအောင် တစ်နာရီလောက် နှပ်ထားပါ
  • မုန့်နှစ် နှပ်ထားချိန် ပြည့်တာနဲ့ မကပ်သော ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ
  • မုန့်နှစ်စပ်တဲ့အထဲမှာ ထောပါတ်ဆီ ပါပြီးသား ဖြစ်တဲ့အတွက် ဒယ်အိုးထဲကို ဆီထည့်စရာ မလိုပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီးမှ ဟင်းရည်ခပ်သော ယောက်ချိုဇွန်း တစ်ဇွန်းစာခပ်ပြီး အိုးထဲကို ထည့်ပေးပါ
  • ပန်ကိတ်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ အပေါက်လေးများ ဖြစ်လာပြီး အောက်ဖက် မျက်နှာပြင်မှာ ညိုလာလျှင် အိုးထဲမှ ဖယ်ပေးပါ
  •  အထက်ပါ နည်းအတိုင်း မုန့်နှစ်များ ကုန်တဲ့အထိ လုပ်ပေးပြီးပါက ပန်ကိတ်လေးတွေ ရပါပြီ
  • ရလာသော ပန်ကိတ်များကို ထောပါတ်သုတ်ပြီး စားနိူင်သလို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါတယ်ရှင်။
  • မာမာကတော့ ထောပါတ် သုတ်ပြီး စားရတာကို ပိုပြီးနှစ်သက်တဲ့အတွက် ထောပါတ်လေးဘဲ သုတ်ပြီး စားပါတယ်။

Monday 19 April 2021

မြင်းခွာရွက်သုပ်





ဒီနေ့တော့ ရေနွေးကြမ်း ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မြင်းခွာရွက်သုပ်လေး သုပ်စားဖြစ်ပါတယ် အသားမစားချင်တဲ့ အခါတိုင်း အသီးအရွက်လေးတွေ သုပ်စားရတာကို ပိုပြီးနှစ်ခြိုက်မိလေတော့ မြင်းခွာရွက်သုပ်လေးဘဲ သုပ်လိုက်ပါတော့တယ်။

ဒီမြင်းခွာရွက်က မြန်မာမြင်းခွာရွက်လို ခပ်သေးသေး မဟုတ်ဘဲ အရွက်ကြီးတွေကြီးပေမဲ့ နူးညံ့ပါတယ် ဒါကြောင့်မို့လို့  မြင်းခွာရွက်တွေကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးတာက စားလို့ပိုပြီးမွှေးပါတယ်  ဒါကြေင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မြင်းခွာရွက် - လက်တစ်ဆုတ်စာ
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. သံပုရာသီး - အနေတော် တစ်ခြမ်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  9. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • မြင်းခွာရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက်အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အသုပ်ပွဲကို ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်း စားရင်လဲ စားလို့ကောင်းလွန်းတဲ့ မြင်းခွာရွက်သုပ် မွှေးမွှေးလေး ရပါပြီရှင်။

Saturday 17 April 2021

အမဲအူ အထပ်တစ်ရာ ဆီပြန်ဟင်း


ဒီတခါတော့ NSW ပြည်နယ်ထဲက  တရုတ်လူမျိုးတွေ အများဆုံး နေကြတဲ့ Burwood မြို့ဘက်ကို သွားကြရင်း ဈေးကိုရောက်တော့  အမဲအူ ထပ်တစ်ရာလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ငရုတ်သီး ခပ်စပ်စပ်လေးနဲ့ ချက်ထားပြီး မဆလာ နိူင်နိူင်လေးနဲ့ လုံးချက်လေး ချက်ထားပါတယ်။

အဓိကကတော့ အမဲအူတို့ စိတ်အူဟင်းချက်ရင် ငံပြာရည် မထဲ့ဖို့တော့ သတိထားစေချင်ပါတယ် ငံပြာရည်ထဲ့ချက်ရင် အညှီနံ့ကို မထိမ်းတဲ့အပြင် ငံပြာရည်နံ့က ပိုပြီးထွက်စေပါတယ် ဒါကြောင့်မို့လို့ အမဲအူတို့ ဆိတ်အူတို့ ချက်တဲ့အခါမှာ ဆားလေးနဲ့ အရသာနယ်ပြီး စပါးလင် ထုထောင်းထဲ့ကာ ချက်ပါက ပိုအြီးတော့ စားလို့ကောင်းပါတယ်။

အမဲအူ ထပ်တစ်ရာ ချက်ထားတဲ့ ဟင်းကျက်တယ် ဆိုရင်ဘဲ အရမ်းကို မွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲအူ ထပ်တစ်ရာ - 1 kg 
  2. ကြက်သွန်နီ- အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - သုံးမွှာ 
  4. ချင်း - လက်တစ်ဆစ်  
  5. စပါးလင် - တစ်ပင်
  6. နနွင်းမှုန့် - အနည်းငယ်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်းခန့် 
ပြင်ဆင်ပုံ
  • အမဲအူများကို ရေစင်အောင်ဆေးပြီး တစ်လက်မလောက် အတုံးလေးများ တုံးပေးထားပါ။
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ။
  • စပါးလင်ကို အပင်လိုက် ရေဆေးပြီး အရင်းပိုင်းကို ခပ်ပါးပါး လှီးထားပါ။
  • စပါးလင် အဖျားပိုင်း အရွက်များကို အနည်းငယ် ပွတ်ချေပြီး ထုံးထားပါ။
  • အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီး အရောင်တင်မှုန့်နှင့်အတူ စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ထည့်ပြီး ညက်နေအောင် ထောင်းပေးပါ။
  • အမဲအူများကို ဇလုံတစ်လုံးထဲထည့်ပြီး ငရုတ်သီးထောင်း မဆလာ နနွင်မှုန့်း ဆား အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာ၀င်အောင် ၁၀မိနစ်လောက် နှပ်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇောက်နက်သော အိုးထဲမှာ အရသာ နယ်ထားသော အမဲအူ စပါးလင်ရွက်ထုံး ဆီနှင့် ရေအနည်းငယ်တို့ကိုထည့်ပြီး လုံးချက်ချက်ပေးပါ။ 
  • အမဲအူများ ရေပွက်ပွက် ဆူလာပြီး မာတင်းလာမှ တစ်ချက်လောက် မွှေပေးပြီး ရေမြုပ်အောင်ထည့်ကာ တည်ပေးပါ။
  • ပထမ တစ်ရည်ခမ်းပြီး နူးမနူး မြည်းကြည့်ပေးပါ။
  • မနူးသေးပါက နောက်ထပ်တစ်ရည် အမဲအူများ ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ။
  • အမဲအူများ ရေမခမ်းသေးခင် အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ။
  • ရေခမ်းပြီး ဆီပြန်တာနဲ့ အမဲအူ ထပ်တစ်ရာ ဆီပြန်ဟင်း မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။
 

Thursday 15 April 2021

ကြက်ဟင်းခါးညွန့်သုပ်

 








ဒီ နေ့တော့ အိမ်မှာစိုက်ထားတဲ့ ကြက်ဟင်းခါးပင်လေးတွေဆီကကြက်ဟင်းခါးညွန့်လေးတွေ ခူးပြီးတော့ ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ်။

ကြက်ဟင်းခါးညွန့်လေးတွေက ခါးသက်သက် အရသာလေးနဲ့ မို့လို့ အခါးကြိုက်သူတွေအတွက်တော့ စားလို့ကောင်းလွန်းပါတယ် ဒါကြောင့်မို့လို့  ကြက်ဟက်းခါးညွန့်လေးတွေ အဆင်သင့်ရှိနေရင် သုပ်စားနိူင်အောင် မာမာသုပ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အရွက်များ ခြွေထားသော ကြက်ဟင်းခါးညွန့် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ

  • ကြက်ဟင်းခါးရွက်များကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲမှာ နှစ်မိနစ်ပြုပ်ကာ ရေသွန်ပေးပါ
  • နောက်တစ်ကြိမ် ရေနွေးဆူဆူထဲမှာ ထပ်ထည့်ပေးပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ကြက်ဟင်းခါးညွန့်ပြုပ် ကြက်သွန်နီ ခရမ်းချဉ်သီး  ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် မန်ကျည်းမှည့်ရည် တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ခါးသက်သက် အရသာလေးနဲ့ ကြက်ဟင်းခါးညွန့် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday 14 April 2021

ငှက်ပျောအူသုပ်

 




မာမာတို့နေတဲ့ NSW ပြည်ဆီနယ်မှာ ကျန်ခဲ့တဲ့ နှစ်ပါတ်ကစပြီး နာရီလဲ တစ်နာရီ နောက်ဆုတ်သွားပြီး ဆောင်းရာသီလဲ ဝင်သွားပါပြီ။

ဒီတော့လဲ ရာသီဥတုနဲ့ လိုက်ဖက်မဲ့ ပူပူစပ်စပ်လေးတွေကို စားချင်တဲ့အတွက် ဒီနေ့တော့ ငှက်ပျောအူသုပ် ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ငှက်ပျောအူသုပ်ကို တစ်ချို့က မပြုပ်ဘဲ အစိမ်းသုပ်ကြပါတယ် မာမာကတော့ အစိမ်းသုပ်ကို သိပ်မကြိုက်တဲ့အတွက် ပြုပ်ပြီးမှ သုပ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောအူ  -  ငှက်ပျောအူ တစ်ပိုင်း (ခြောက်လက်မခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. မျှင်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  5. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  6. ရေနွေး - ထမင်းစားဇွန်း လေးဇွန်းခန့် (မန်ကျည်းသီးမှည့် စိမ်ရန်)
  7. ငရုတ်သီးစိမ်း  - မိမိစားနိူင်သလောက်
  8. ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငှက်ပျောအူစိမ်ရန်)
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ငှက်ပျောအူစိမ်ရန်)
  12. ရေ - လိုသလောက် သုံးပါ (ငှက်ပျောအူစိမ်ရန်နှင့် ပြုပ်ရန်)

ငှက်ပျောအူပြုပ်ရန် ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ဆား ရေနှင့်နနွင်းမှုန့်ထည့်ပြီး အရည်ဖျော်ထားပါ
  • ငှက်ပျောအူကို အဖတ်လိုက်ခွာပြီး ရင့်နေတဲ့ အဖတ်များကို ဖယ်ပေးပါ
  • ပြီးတာနဲ့ တစ်ဖတ်ချင်းမှာ ရှိနေတဲ့ အပေါ်ယံ အကျောများကို သင်ပေးပါ
  • ငှက်ပျောအူဖတ် အပေါ်က အကြောများကို စင်အောင် သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • ​ရေဆေးပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ နနွင်းနှင့်ဆားအရည်ဖျော်ထားသော ဇလုံထဲမှာ တစ်နာရီလောက်စိမ် စိမ်ပေးပါ
  • ပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့  ငှက်ပျောအူများကို ထည့်ပေးပြီး ၁၀ မိနစ်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့  ရေအေးဇလုံထဲမှာ ငှက်ပျောအူများ အေးတဲ့အထိ ရေစိမ်ပေးပြီး ရေညှစ်ကာ ရေစစ်ထားပါ
ငှက်ပျောအူသုပ်ရန် ပြင်ဆင်ပုံ
  • မျှင်ငါးပိကို အပေါ်ယံကျောလေး တင်းလာတဲ့အထိ ကင်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ဒယ်အိုးထဲမှာထည့်ပြီး မွှေးလာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းကို မညက်တညက် အနေအထားလေး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူလေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ရေစစ်ထားသော ငှက်ပျောအူများ ကြက်သွန်နီ ပုဇွန်ခြောက်မှုန့်  အရသာမှုန့် မန်ကျည်းမှည့်ရည် ဆား မျှင်ငါးပိ အရသာမှုန့် ငရုတ်သီးစိမ်းထောင်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ 
  • အရသာ သမအောင် ခပ်နာနာလေး နယ်ပြီးတာနဲ့ အရသာကို မြည်းပေးပါ
  • ငှက်ပျောအူက အရသာကို စုတ်ယူထားနိူင်တဲ့အတွက် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ငှက်ပျောအူ အသုပ်လေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday 13 April 2021

ရေညှိ ထမင်းလုံးကင်

 




ဒီနေ့တော့ အစားအသောက်ကို စားနေကျ ပုံစံမဟုတ်ဘဲ အရသာတစ်မျိုးလေးပြောင်းကာ ရေညှိထမင်းလုံးကင်လေး လုပ်စားပါတယ်။

လုပ်ရတာ လွယ်ကူလွန်းပြီး အရသာ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဆူရှီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ထမင်းချက်ရန်)
  3. ပုစွန်ခြောက်မှုန့်  -  ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. နေကြာဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ရေညှိခြောက်အမှုန့်  -  ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. ကြက်သွန်နီကြော် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ

  • ရေညှိရွက်ကို ဒယ်အိုးထဲမှာထည့်ပြီး အနည်းငယ် အပူပေးကာ ချေထားပါ
  • ပုဇွန်ခြောက်မှုန့် နှမ်းလှော် ကြက်သွန်နီကြော် ဆား နေကြာဆီနှင့် နှမ်းဆီတို့ကို အသင့် ပြင်ထားပါ
  • ဆူရှီဆန်ကို ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ကာ ထမင်းပေါင်းအိုးထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ ရေထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ထမင်းကျက်တာနဲ့ ထမင်းကို သစ်သားယောင်းမနှင့် အယာအယာ ဖွပေးကာ ဇလုံထဲမှာ ထည့်ပေးပါ
  • ထမင်းထည့်ပြီးတာနဲ့ နေကြာဆီ နှမ်းဆီ ဆား နှမ်းလှော် ပုဇွန်ခြောက်မှုန့်နှင့် ရေညှိခြောက် အမှုန့်တို့ ထည့်ကာ ခပ်ဖွဖွလေး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ 
  • ပြီးတာနဲ့ လက်တစ်ဆုတ်စာ ထမင်းကိုယူပြီး ဆုတ်ဆုတ်ပြီး အလုံးလေးတွေ လုံးပေးပါ
  • အားလုံး လုံးပြီးတာနဲ့ အကင်ပြားပေါ် စီတင်ပေးပြီး  မီးဖိုပေါ်မှာ တင်ကာ ကင်ပေးပါ
  • အကင်ပြား မရှိပါက ဒယ်အိုးကို အပူပေးပြီး ဒယ်အိုးထဲမှာ ထည့်ပြီးကင်ပေးပါ
  • ကင်နေစဉ် အကင်လုံး တစ်လုံးလုံး အပေါ်ယံ ကြွတ်ကြွတ်လေး ဖြစ်လာအောင် လှည့်လှည့်ပေးပါ
  • အားလုံး ကင်ပေးပြီ ဆိုတာနဲ့ ရေညှိထမင်းလုံး ကင်လေးတွေကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။ ။ မကင်ဘဲ ဒီအတိုင်းစားရင်လဲ စားလို့ကောင်းသလို ဆူရှီဆန် မရှိပါက ရိုးရိုးထမင်းနဲ့လဲ ရပါတယ်ရှင်။

Monday 12 April 2021

ကန်စွန်းဥဟင်း


 








တစ်နေ့တစ်နေ့ ဟင်းချက်စာ စဉ်းစားရတာ အင်မတန်မှ ခေါင်းနောက်ရပါတယ် ပိုဆိုးတာက တစ်ပါတ်မှ တရက်ဘဲ ဈေးကိုသွားလေတော့ တစ်ပါတ်ပြည့်ခါနီးရင် ဝယ်ချမ်းထားတာတွေလဲ ကုန်သလောက်က ဖြစ်သွားပါပြီ။

ဒီတော့ ရှိတဲ့အသီးအရွက်တွေနဲ့ အရည်သောက်ဆမ်း တစ်မယ်လောက် ရအောင်တော့ ကြံရဖန်ရပြန်ပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ရွှေဝါကန်စွန်းဥလေးတွေနဲ့ အရည်သောက်ဆမ်းလေး ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရွှေဝါကန်စွန်းဥ - ဥအသေး နှစ်ဥ
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကန်စွန်းဥကို အခွံခွာပြီး ရေစင်အောင်ဆေးကာ အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့်ထည့်ကာ ဆီပူအောင် တည်ပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပြီး ထောင်းထားသော ငရုတ်သီးကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်ထားတာ ကြွတ်ရွလာပါက ကန်စွန်းဥ ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပြီး မွှေပေးပါ
  • ကန်စွန်းဥ ဆီသတ်ထားတာ လုံးမိသွားတာနဲ့ ရေမြုပ်အောင် ထည့်ပေးပြီး ကန်စွန်းဥများ နူးသွားအောင် တည်ပေးပါ
  • ကန်စွန်းဥများ နူးလာတာနဲ့ ရေကို မိမိလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Sunday 11 April 2021

ပဲကုလားဟင်း မွှေးမွှေးလေး


ဒီနေ့တော့ မြန်မာပြည်က သတင်းတွေ လိုက်ဖတ်ရင်း စိတ်မချမ်းသာ စိတ်ထဲမှာ မပျော်သလို ခံစားနေရတယ် မြန်မြန်ကြီးလဲ အေးချမ်းစေချင်လှပါပြီရှင်။
သတင်းတွေဖတ်ပြီး အချိန်တန်ပြန်တော့ ဗိုက်ပါ ဆန္ဒပြလာပြီမို့လို့ မီးဖိုဆောင်ထဲ ဝင်ရပြန်ပါတယ် ဒီလိုနဲ့ အရည်သောက်ဆမ်းလေးကို ဘာချက်ရင် ကောင်းမလဲ စဉ်းစားနေရင်းက အိမ်မှာ ခရမ်းသီးနဲ့ ရုံးပတေသီးတွေ အဆင်သင့် ရှိနေတာနဲ့ ပဲကုလားဟင်းလေး ချက်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မဆလာနံ့ မွှေးမွှေးလေးနဲ့ ပဲကုလားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်းပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ခရမ်းသီး - အရှည် နှစ်လုံး
  3. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  4. ရုံးပတေသီး - နှစ်သက်သလောက်
  5. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  6. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲထည့်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  12. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  14. ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
  15. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  16. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်း ပဲဆံကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နနွင်းမှုန့် ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးထားပြီး ထိပ်နှစ်ဖက်ကို ဖြတ်ကာ အတောင့်ရှည်လျှင် ပိုင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်အရွယ် တုံးထားပါ
  • ခရမ်းသီးကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကိုထည့်ပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီး ထည့်ပေးကာ ဆီသတ်ပေးပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား (သို့မဟုတ်) ငံပြာရည်ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • အသီးများ နည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတစ်လုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို လက်နဲ့ဖျော်ပြီး မန်ကျည်းရည်ကို ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူလာပါက မဆလာ ရုံးပတေသီးနှင့် အရသာမှုန့်ထည့်ပြီး မွှေပေးကာ အရသာကို လိုသလိုပြင်ပြီး သုံးဆောင်နိူင်ပါပြီ။

Thursday 8 April 2021

ဗီယက်နမ်ဆန်ပြား ကြက်ဥအိုးပူတိုက်

 








ဒီနေ့တော့ မြန်မာပြည်က သတင်းတွေကြည့်လိုက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ စိတ်တွေလဲ ထွေပြားနေရတုန်းပါဘဲ ဆုတောင်းပေးနေရုံမှတစ်ပါး ဘာမှ မလုပ်ပေးနိူင်တဲ့အတွက်လဲ စိတ်တွေလဲ အတော်လေး မကောင်း ဖြစ်ရပါတယ်။

ဒီတော့လဲ အိမ်ရှင်မတစ်ယောက်ရဲ့ စိတ်ထွက်ပေါက်က ဘုရားစင်ရှေ့မှာ လှူဖွယ်အစုစုတို့ကို လှူဒါန်းပေးပြီး ဘုရားရှစ်ခိုး ဆုတောင်း အမျှဝေပြီးတာနဲ့ မီးဖိုဆောင်ထဲဝင် ချက်ရပြုပ်ရပြန်တာပါဘဲ။

ဘာချက်ရမလဲ စဉ်းစားရင်း စားစရာတွေ ထည့်ထားတဲ့ ဘီဒိုထဲ မွှေနှောက်နေတုန်း ဗီယက်နမ် ဆန်ပြားဖတ် အထုတ်လေး တွေ့တာနဲ့ ကြက်ဥနဲ့ အိုးပူတိုက်လေး လုပ်စားရင် ကောင်းမယ်ဆိုပြီး လုပ်စားဖြစ်တာနဲ့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန်ပြားဖတ် - သုံးချပ်
  2. ကြက်ဥ - သုံးလုံး
  3. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  4. အရသာမှုန့် - အနည်းငယ်
  5. ဆား - အနည်းငယ်
ပြင်ဆင်ပုံ
  • မကပ်သော အောက်ချေပြား ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ ဆန်ပြားဖတ်ကို ဒယ်အိုးထဲ ထည့်ပေးပြီးတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပါ
  • ပြီးတာနဲ့ မီးအပူရှိန်ကြောင့် ဆန်ပြားဖတ် ကော့ပြီး လန်မထွက်သွားအောင် သစ်သားယောင်းမနှင့် လိုက်ဖိပေးပါ
  • ဆန်ပြားဖတ် အနည်းငယ် ပူလာတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး လိုက်ဖြန့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ကို မိမိနှစ်သက်သလောက် ဖြူးပြီးထည့်ပေးပါ
  • အရသာတွေ ထည့်ပေးပြီးပါ ကြက်ဥများ ကျက်သွားအောင် ထားပေးပါ
  • ကြက်ဥကျက်သွားပြီ ဆိုတာနဲ့ ပုံပါအတိုင် ထက်ဝက်ခေါက်ပေးပြီး ခနလောက် ထားပေးပါ
  • ပြီးတာနဲ့ အထက်အောက် လှန်ပေးပြီး ခနထားပေးကာ နောက်တစ်ခေါက် ခေါက်ပေးပါ
  • တြိဂံပုံလေး ခေါက်ပြီးတာနဲ့ အထက်အောက် လှန်ပေးပြီး ခနထားပေးကာ အိုးထဲမှ ဖယ်ပေးပြီး ကြက်ဥကုန်တဲ့အထိ နောက်ထပ် နှစ်ခုကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  • မုန့်အားလုံး လုပ်ပြီးသွားပြီ ဆိုတာနဲ့ ဆန်ပြားဖတ်ကြက်ဥ အိုးပူတိုက်လေးကို သုံးဆောင် နိူင်ပါပြီ။