Friday 30 April 2021

က ကတစ်ငါး ငါးဆားနယ်ကြော်


ဒီနေ့တော့ ထမင်းစားလို့မြိန်စေမဲ့ က ကတစ်ငါးကို ငါးဆားနယ်လေး လုပ်ထားကာ ကြော်ထားပါတယ် က ကတစ် ငါးဆားနယ်ကို ချက်စားမယ် ဆိုရင်တော့ မန်ကျည်းမှည့်ရည် ပျစ်ပျစ်လေးနဲ့ ချက်တာက အကိထိမ်းပေးတဲ့အတွက် စားလို့ကို အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားနိူင်အောင် က ကတစ် ငါးဆားနယ် လုပ်နည်းနဲ့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးဆားနယ် ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး တစ်ကောင် - 800 g 
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ငရုတ်သီးကြော်ထဲထည့်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငရုတ်သီးကြော်ထဲထည့်ရန်)
  8. ဆီ - လိုသလောက် သုံးပေးပါ
ငါးဆားနယ်လုပ်ရန်
  1. ငါးကို ငါးခေါင်း ဆူးတောင်များ အကျေးခွံများနှင့် ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲမှာထဲ့ပြီး ဆားအရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးကို ထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး ဇလုံထဲ ထည့်ပေးကာ အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ထွက်လာလျှင် သွန်မပြစ်ဘဲ ဒီအတိုင်း ထားပေးပါ
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. သုံးရက်မှ လေးရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
  9. သုံးလေးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ကြော်ကို ရမှာဖြစ်ပါတယ်။
  10. ငါးဆားနယ်ကို တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင်လို ဖြစ်သွားမှာမို့လို့ အရမ်းငံသွားတတ်ပါတယ်။
  11. ဒါကြောင့်မို့လို့ တစ်ပါတ်ကျော်မှ ကြော်စားချက်စားမည် ဆိုပါက  ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးကာ ကြော်စား ချက်စားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ရေစစ်ထားတဲ့ ငါးဆားနယ်ကို လက်နှစ်လုံးခွဲလောက် အတုံးလေးတွေ တုံးပေးပါ
  • ငါးဆားနယ်ကို ဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှ ရေဆေးပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီကို မီးအလယ်အလတ်လောက်နဲ့ အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်  ထဲ့ပေးပါ
  • ပြီးတာနဲ့ ငါးဆားနယ်ကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ပါက နောက်တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
  • ငါးဆားနယ်ကြော်ထားတဲ့ အိုးထဲမှာ ဆီများနေရင် နည်းနည်းဖယ်ပေးပါ
  • ပြီးတာနဲ့ မီးကိုထပ်ပြီး လျှော့ပေးကာ မညက်တစ်ညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ ငရုတ်သီးလုံးခြမ်းကွဲကို ထဲ့မွှေပါ
  • ငရုတ်သီးကြော်ထဲကို ဆားနှင့် ဟင်းချိုမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ကြော်ချိန်ခနအတွင်း ငရုတ်သီး အရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ပန်းကန်ထဲသို့ ပြောင်းထဲ့ပေးပါ
  • ငါးဆားနယ်ကြော်ကိုလဲ ငရုတ်သီးကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ 
  • ထမင်းမြိန်စေတဲ့ က ကတစ် ငါးဆားနယ်ကြော် စပ်စပ်မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment